ပင်လယ်ရေအမြင့် ပေလေးထောင်အထက်မှာ ရေကြီးရတဲ့ ကလောမြို့

ဥရောပနဲ့တူတဲ့ တောင်ပေါ်မြို့လေးမှာ ရေကြီးလိမ့်မယ်လို့ လူအများစုက မထင်ခဲ့ပါဘူး။

ကလောမြို့ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဥ်။

ရှမ်းကုန်းမြေမြင့်ဒေသဖြစ်တဲ့ ကလောမြို့လေးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၃၀၀ ကျော်မှာ ရှိပါတယ်။ ရာသီဥတု အေးချမ်းပြီး ထင်းရှူးပင်တွေ၊ ယူကလစ်ပင်တွေ၊ ပန်းတွေ၊ စိုက်ခင်းတွေနဲ့ လှပတဲ့ဒေသဖြစ်လို့ မြန်မာပြည် ဗြိတိသျှလက်အောက်မှာတုန်းက အင်္ဂလိပ်လူမျိုးတွေ ကြိုက်နှစ်သက်ပြီး တောင်ပေါ်မှာ ရထားလမ်း၊ ကားလမ်းဖောက်၊ မြို့တည်ခဲ့တဲ့ နေရာလေးပါ။ ဘဝသံသရာ တံတားဟာ ကလောမြို့ရဲ့ အထင်ကရ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီလို ဥရောပနဲ့တူတဲ့ တောင်ပေါ်မြို့လေးမှာ ရေကြီးလိမ့်မယ်လို့ လူအများစုက မထင်ခဲ့ပါဘူး။ အဲဒီလို မထင်ခဲ့တဲ့သူတွေထဲမှာ ကလောမြို့ ၃ ရပ်ကွက်မှာနေတဲ့ မမိုးသူဇာမြင့်လည်း ပါခဲ့ပါတယ်။

“ကလောက အဲဒီလောက် တက်မယ်လည်း မထင်ဘူးလေနော်။ အော် ဒီလိုပဲ တက်တယ်။ ပြီးသွားမှာပေါ့၊ ထင်လိုက်တာ”

ဒါပေမဲ့ အခုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ရေကြီးခဲ့တဲ့အပြင် သူ့ရဲ့ မိသားစုဝင်လေးဦးပါ အသက်ဆုံးရှုံးလိုက်ရပါပြီ။

“ရေက အရမ်းကြီးလည်း တက်လာရော တဖြည်းဖြည်းနဲ့ မြုပ်လာတဲ့အခါကျတော့ ရှေ့က တိုက်ကပြို၊ အလုံးလိုက် ဒီအိမ်ကို ဝင်ဆောင့်တဲ့အခါကျတော့ ယောင်းမရော၊ ကလေးတွေရော ပါသွားတယ်ရှင့်။ အစ်မနဲ့ တူမလေးတစ်ယောက်ကတော့ ဟိုသစ်ပင်ခြေရင်းလေးမှာရှင့်။ တူလေးကတော့ ဟိုးဘက်မှာ၊ အငယ်ဆုံးလေးကတော့ ဘောလုံးကွင်းထဲမှာ သွားတွေ့တယ်ရှင့်။ မိသားစုငါးယောက်ထဲမှာ လေးယောက်က သေသွားတယ်ရှင့်”

ကလော ရေဘေးကြောင့် အသက်ဆုံးရှုံးရတဲ့သူ တစ်ရာခန့် ရှိခဲ့တယ်လို့ ရေဘေးကူညီခဲ့သူတွေက RFA ကို ပြောပါတယ်။

ကလောမြို့မှာ ရပ်ကွက်ပေါင်း ၁၁ ကွက် ရှိပါတယ်။ ကလောရေဘေးကို ၂ ရပ်ကွက်၊ ၃ ရပ်ကွက်နဲ့ ၄ ရပ်ကွက်က အများဆုံးခံရပြီး အိမ်၊ ဆေးရုံ၊ ကျောင်းစတဲ့ အဆောက်အအုံပေါင်း သုံးထောင်နီးပါး ရေနစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ နေလို့မရအောင် ပျက်စီးသွားတဲ့အိမ် နှစ်ရာကျော်တယ်လို့ ပြန်လည်ထူထောင်ရေး ကူညီနေတဲ့သူတွေက RFA ကို ပြောပါတယ်။

“ရေဘေးကြောင့် အသက်နဲ့ အိုးအိမ် ဆုံးရှုံးသူတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အများပြည်သူ ကူတဲ့အလှူနဲ့ လောက်ငဖို့ မလွယ်နိုင်ပါဘူး”

ကလောမြို့လယ်ခေါင် မြေအမြင့်မှာရှိတဲ့ လင်းသစ္စာ ပုဂ္ဂလိကဆေးရုံဟာ မြေညီထပ် ရေမြုပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျန်ခဲ့တဲ့နုန်းတွေကို ရေကြီးပြီး ရက်နှစ်ဆယ်ကြာတဲ့အချိန်အထိ ကိုယ်ထူကိုယ်ထစနစ်နဲ့ ရှင်းနေကြရပါတယ်။

ဒါကြောင့် ဆေးရုံဘေးက မြေအနိမ့်ပိုင်းမှာရှိတဲ့ တစ်ထပ်အိမ်တွေဆို ခေါင်မိုးနားအထိ ရေမြုပ်သွားပါတယ်။

“အဲဒီ လင်းသစ္စာ ဆေးရုံဆိုတဲ့ စာတန်းလေးလောက်ပဲ မြုပ်တာပါရှင့်။ ကျန်တာကတော့ ကျွန်မတို့အိမ်ဆိုလည်း သွပ်ခေါင်မိုးအပေါ်လေးက တံစက်မြိတ်လေး ကျန်တဲ့အထိ မြုပ်တယ်ရှင့်”

ဒီလောက်အထိ စံချိန်တင် ပျက်စီး၊ နစ်မြုပ်၊ သေဆုံးရလောက်အောင် ဘာကြောင့် ဖြစ်ရတာလဲလို့ ကူညီနေတဲ့သူတစ်ဦးကို မေးကြည့်ပါတယ်။

“တောင်တွေ ပြိုပြီးတော့ ကျောက်တုံးတွေ၊ ဒီကျောက်တုံးတွေဆို ဒီနားကဟာတွေ မဟုတ်ဘူး။ အပေါ်ကနေ ဆင်းလာပြီးတော့ မြေတွေပြိုပြီး ကလောချောင်းမှာ နွံတွေနဲ့စုပြီးတော့ ရေတွေက သွားပိတ်မိနေတာ၊ ဆည်ပုံစံဖြစ်နေတဲ့ဟာတွေက ထိန်းမရတော့ ကလောမြို့ထဲကို အလုံးလိုက် ဝင်ချလာတာ”


ဆက်နွှယ်သောသတင်းများ

ကလောမြို့က ရွှံ့နွံဖုံးနေတဲ့ အိမ်တွေကို ကူညီရေးအဖွဲ့က ရှင်းပေးနေ

ကလောမှာလမ်းပန်းဆက်သွယ်ရေးခက်၊ ရိက္ခာတွေလိုအပ်နေ

ရေဘေး ပြန်လည်ထူထောင်ရေး ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေရ


ရေမြုပ်လို့ အိမ်ပျက်သွားတဲ့သူတွေအနေနဲ့ အိမ်ပြန်ဆောက်ဖို့ အခွင့်အရေးရှိသေးပေမဲ့ တောင်ကျရေကြောင့် မြေနူးပြီး အိမ်ပြိုသွားတဲ့သူတွေကတော့ အိမ်ပြန်ဆောက်စရာ မြေတောင် မရှိတော့တဲ့ဘဝကို ရောက်သွားရပါပြီ။

“မိသားစုတွေ အကုန်လုံးနေလို့ရအောင် စျေးဆိုင်ခန်းလေးရယ်၊ အိမ်ငါးလုံးရယ်၊ အဲဒီလို ပေးထားတာပါ၊ အဲဒါကို အခုမြေပြိုတဲ့အထဲမှာ အားလုံး ပါသွားတယ်။ မြေလည်း အကုန်ပျက်သွားတယ်။ အဲဒီတော့ သားသမီးတွေကို ပေးထားတာ၊ ဘာမှမကျန်တော့ပါဘူး။ အမေ့အနေနဲ့ ဘယ်နေရာမှ ပြန်ပေးလို့ မရတော့ပါဘူး။ အမေတို့လည်း အသက်ကြီးပါပြီ။ ဘာမှလုပ်ပေးလို့ မရတော့တဲ့ဘဝကို ရောက်သွားလို့ပါ”

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်ညိုဟာ သူ့ရဲ့သားသမီး ငါးဦးအတွက် ကလောမြို့အဝင် အမှတ် (၆) ရပ်ကွက်မှာ မြေတစ်ဧကနီးပါး ဝယ်ပေးထားပြီး ရှမ်းလက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တန်း ဖွင့်ပေးထားတာပါ။

ကလောမြို့ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

ဒေါ်ခင်ညိုလို တောင်ပြိုလို့ မြေရော အိမ်ပါ ဆုံးရှုံးရတဲ့သူတွေ၊ ရေဘေးကြောင့် အသက်နဲ့ အိုးအိမ် ဆုံးရှုံးသူတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် အများပြည်သူ ကူတဲ့အလှူနဲ့ လောက်ငဖို့ မလွယ်နိုင်ပါဘူး။

ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေ ငွေကျပ် ၃၂ ဘီလီယံကျော် ရထားတယ်လို့ အာဏာသိမ်း ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နေပြည်တော်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ရေဘေးအလှူငွေ လက်ခံတဲ့အခမ်းအနားမှာ ပြောထားပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ပန်းခြံ၊ စာသင်ကျောင်းနဲ့ စစ်တပ် အထိုင်ချတဲ့နေရာတွေမှာပဲ သန့်ရှင်းရေး လုပ်နေသေးတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူတွေကတော့ ပြည်သူအချင်းချင်းရဲ့ စာနာဖေးမမှု အင်အားနဲ့ပဲ အပျက်အစီးတွေ ရှင်းရင်း ကလောမြို့ကို အရင်လို ပြန်လှအောင် ရုန်းကန်နေတာ တွေ့ခဲ့ရပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org