ဆေးကို ဘယ်လိုထားကြမလဲ

ဆေးဝါးတွေရဲ့ အရည်အသွေးမပျက်စီးဖို့ အလွန်အဓိကကျတဲ့အရာကတော့ ဆေးဝါးထားသိုမှုပုံစံပဲ ဖြစ်ပါတယ်။ ဆေးဝါးတွေ သိုလှောင်ဖြန့်ဖြူးရောင်းချတဲ့ အဆင့်တိုင်းမှာ ဆေးအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အပူချိန်နဲ့ စိုထိုင်းဆအတိုင်းထားသိုဖို့ လိုအပ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဆေးဝါးထားသိုမှုနဲ့ ပတ်သက်လို့ အားနည်းချက်တွေရှိနေပါတယ်။

ရန်ကုန်မြို့၊ သိမ်ကြီးဈေးက ဆေးဆိုင်တခုမှာ ဆေးရောင်းချနေသူတွေကို တွေ့ရစဉ်။ Photo: RFA

ဆေးဝါးတွေရဲ့ အရည်အသွေးမပျက်စီးဖို့ အလွန်အဓိကကျတဲ့အရာကတော့ ဆေးဝါးထားသိုမှုပုံစံပဲ ဖြစ်ပါတယ်။ ဆေးဝါးတွေ သိုလှောင်ဖြန့်ဖြူးရောင်းချတဲ့ အဆင့်တိုင်းမှာ ဆေးအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အပူချိန်နဲ့ စိုထိုင်းဆအတိုင်းထားသိုဖို့ လိုအပ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဆေးဝါးထားသိုမှုနဲ့ ပတ်သက်လို့ အားနည်းချက်တွေ ရှိနေပါတယ်။

ဆေးတက္ကသိုလ်(မကွေး)၊ ဆေးပညာဌာနက ပါမောက္ခဦးသိန်းမြင့်က .....

"မြန်မာပြည်မှာတော့ လက်ရှိအများဆုံးဖြန့်ချိနေတာက ဈေးတွေကနေ အဓိကဖြန့်ချိတယ်။ ဈေးတွေမှာ သွားကြည့်ရင်တော့ တခါတရံတော်တော်လေး စိတ်မောစရာကတော့ ဆေးပုံးတွေက ကွင်းလယ်ခေါင်မှာ နေပူထဲမှာ ဒီတိုင်းလေး ပုံလျက်သား ထားထားတာ တွေ့ရတတ်ပါတယ်"

ဒေါက်တာမြင့်ဦးက .....

" သိုလှောင်တာလည်းအင်မတန့်အင်မတန် အရေးကြီးပါတယ် ၊ မင်္ဂလာဈေး သွားလိုက်ရင် တွေ့ပါလိမ့်မယ် ဖာကြီးတွေ ဖာကြီးတွေနဲ့ ထပ်ထပ်ပြီး တခါတလေကျ အောက်က ပုံးကြီးထဲမှာ ထည့်ထားတာ နေတွေကပူလို့ ဘယ်လောက်ထိ အာနိသင်က ပျက်ပြီလဲဆိုတာ သူတို့နားမလည်ဘူး။ ထိုးဆေးတွေ၊ သောက်ဆေးတွေ၊ ရှုဆေးတွေ၊ မှုတ်ဆေးတွေအကုန်ပါတယ်။ ဆေးဝါး အမျိုးအစား အလိုက်သတ်မှတ်ထားတဲ့ ထားသိုမှုပုံစံစနစ်မကျရင် ဆေးရဲ့အာနိသင် ပျက်ယွင်းနိုင်ပါတယ်။ အာနိသင်မရေရာတဲ့ ဆေးတွေကို သုံးစွဲရတာဟာ ရောဂါမသက်သာတဲ့အပြင် လူတစ်ဦးချင်းစီရဲ့ ဝင်ငွေတွေလည်း အလဟဿဆုံးရှုံးရပါတယ်"

ဆေးတက္ကသိုလ်(မကွေး)၊ ဆေးပညာဌာနက ပါမောက္ခဦးသိန်းမြင့်က .....

"အဓိကက ဆေးဝါးဖြန့်ဖြူးတဲ့ စနစ်တစ်ခု တည်ဆောက်ရမှာပေါ့၊ ဂိုဒေါင်မှာ သိမ်းဆည်းတာလဲ စက်ရုံတွေကတော့ သူ့စနစ်နဲ့သူ ရှိတယ်၊ နိုင်ငံခြားကတင်သွင်းတဲ့ ကုမ္ပဏီတွေကလည်း ဆေးဝါး ဂိုဒေါင်တွေက သူ့စနစ်နဲ့သူ ရှိတ။ အဲ့ဒါကတော့ FDA ကလည်း စစ်တယ်။ အဲ့ဒါတွေကိုဖြန့်ဖြူးတဲ့ အခါကျတော့ ရိုးရိုးသာမန် ဈေးရောင်းဈေးဝယ်သလိုမျိုးပဲ ဖြန့်ဖြူးလိုက်တဲ့အခါကျတော့ အဲ့ဒီ Process မှာ သူက အားနည်းချက် ဖြစ်သွားတာပေါ့"

ရန်ကုန်မြို့၊ သိမ်ကြီးဈေးက ဆေးရောင်းချနေသူတဦးကို တွေ့ရစဉ်။(Photo: RFA)

ဒေါက်တာမြင့်ဦး(GP) ...... " မေးခိုင်ကာကွယ်ဆေးကြီးကို လမ်းဘေးမှာ ချရောင်းနေပြီးတော့ ဆေးခန်းရောက်မှ ရေခဲထဲထည့်တယ် အဲ့ဒါဘယ်နှလလောက် ရှိနေမှန်းလည်း မသိဘူး Expired Date ကတော့မှန်ပါတယ် ဒါပေမယ့် သိုလှောင်ရမယ့် အနေအထားကအာနိသင်ပျက်နေပြီ၊ Cold Chain ဆိုတာ Supply Chain ဆိုတာအဲ့ဒါကိုပြောတာပေါ့နော်၊ စပြီးထုတ်တဲ့နေရာကနေတောက်လျှောက် ကိုဗစ်ဆေးဆိုသိပ်တောင် အရေးကြီးသေးတယ် စက်ရုံကနေယူလာကတည်းက ဒီ Temperature ထဲမှာနေရမယ် လူတွေကိုမထိုးခင် ဖွင့်လိုက်ရင် နာရီအတွင်းမှာသုံးရမယ် နာရီကျော်သွားရင် လွင့်ပစ်ရမယ်၊ တစ်ချို့ဆေးတွေက ဒီထက်မကပါဘူး။ ဖောက်ပြီးရင် နာရီပိုင်းအတွင်း အာနိသင်ပြယ်သွားတယ်ဆိုတဲ့ ဆေးမျိုးတွေတောင် ရှိတယ်"

မြန်မာနိုင်ငံမှာ ဆေးဝါးဖြန့်ဖြူးမှုကိုရန်ကုန်မြို့ရဲ့ ဈေးကြီးတွေနဲ့ ဆေးတင်သွင်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အဓိကဖြန့်ဖြူးတာ ဖြစ်ပါတယ်။ ဆေးဝါးဖြန့်ဖြူး ရောင်းချနေတဲ့ စည်ပင်သာယာဈေးတွေမှာ ရောင်းချသူတွေအတွက် နည်းစနစ်တကျ ထားသိုနိုင်ဖို့ အကန့်အသတ်တွေ အခက်အခဲတွေရှိနေပြီး အစိုးရဌာန အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုတွေကလည်း အားနည်းနေပါသေးတယ်။ ဆေးဝါးတွေ အဓိက ဖြန့်ဖြူးရောင်းချနေတဲ့ ဈေးကြီးတွေမှာထားသိုမှုနဲ့ပတ်သက်လို့ အားနည်းချက်တွေ ရှိနေတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက ....." အင်မတန်မှအရေးကြီးတယ် ကျွန်တော်တို့ဆီမှာက ဒါတဖြည်းဖြည်းနဲ့ လေ့ကျင့်ယူရမယ့် အလေ့အကျင့်လို့ ပြောရမယ် စည်းကမ်းလည်း သတ်မှတ်သင့်ပြီပေါ့။ တကယ်လို့ ဆေးဆိုင်ဖွင့်မယ် ဆေးခန်းဖွင့်မယ်ဆိုရင် ဆေးထားသိုပုံကအစ စိစစ်ဖို့တော့ လိုတယ်"

ဆေးတက္ကသိုလ်(မကွေး)၊ ဆေးပညာဌာနက ပါမောက္ခဦးသိန်းမြင့်က ...

"ဆေးဝါးထုတ်လုပ်သူတွေအတွက်တော့ သူတို့ကကြီးကြပ်ကွပ်ကဲမှုရှိတယ် ဆေးဆိုင်တွေနဲ့ပတ်သက်လို့ ကွပ်ကဲမှုက မရှိသလောက်ပဲ၊ လောလောဆယ် အထိတော့လေ၊ အထူးကုန်ပစ္စည်းအနေနဲ့ စည်ပင်မှာက ဒါတွေနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းကိုသူတို့မှာ တိတိကျကျ မရှိသေးဘူး၊ ဆေးဆိုင်တစ်ဆိုင်ရဲ့ တည်ဆောက်ပုံ ဘယ်လိုရှိရမယ် ဆေးဝါးဘယ်လိုထားသိုရမယ် ဆေးတွေဆိုတာ စင်ပေါ်တင်ရုံနဲ့လည်း ဆေးစတိုမဖြစ်ဘူး"

ဒေါက်တာမြင့်ဦး(GP)က ...."ပုဂ္ဂလိက အဆရာဝန်တွေအနေနဲ့ အဓိကအားထားနေရတာက ဆေးကုမ္ပဏီက လာရောက်ဖြန့်ဖြူးတယ်၊ ရောင်းချတယ်၊ ပရိုမိုးရှင်းလုပ်တယ် ၊ ဆေးကုမ္ပဏီကနေပြီး ဆေးဆိုင်တွေကို ဖြန့်လိုက်တယ်။ ဗိုလ်ချုပ်ဈေးနဲ့ မင်္ဂလာဈေးပေါ့။ ဒါရန်ကုန်အနေနဲ့ နယ်တွေမှာလည်း အဲ့လိုပဲနယ်က ဈေးကြီးတွေမှာ ဆေးတန်းကြီးတွေ သက်သက်ရှိတယ်။ အဲ့ဒီကဆေးတွေကို ဝယ်ပြီးတော့ သုံးနေကြရတာပေါ့နော်၊ အဲ့ဒါတွေတော်တော်များများက လိုက်စစ်လိုက်မယ်ဆိုလို့ရှိရင် အာနိသင်ပျက်နေတဲ့ ဆေးတွေက တစ်ဝက်လောက်ရှိမယ် ထင်တယ်"

ရန်ကုန်မြို့၊ သိမ်ကြီးဈေးက ဆေးဆိုင်တခုမှာ ဆေးဝယ်ယူနေသူတွေကို တွေ့ရစဉ်။(Photo: RFA)

မြန်မာနိုင်ငံရဲ့ အစိုးရဆေးရုံတွေကစလို့ ကျေးလက်ဆေးပေးခန်းအဆုံး ဆေးဝါးသိုလှောင်ဖြန့်ဖြူးရေး အပိုင်းမှာ စနစ်တကျ ဆောင်ရွက်နေပေမယ့် ပုဂ္ဂလိကရောင်းဝယ်ဖြန့်ဖြူးရေးမှာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ သတ်မှတ်ဆောင်ရွက်သင့်ပြီလို့ ပညာရှင်တွေကထောက်ပြကြပါတယ်။

ဆေးတက္ကသိုလ်(မကွေး)၊ ဆေးပညာဌာနက ပါမောက္ခဦးသိန်းမြင့်က ...

"ဥပဒေရဲ့ အာဏာသက်ရောက်မှုအားနည်းတာပေါ့၊ ရောင်းချတာနဲ့ပတ်သက်ပြီးတော့ ဥပဒေတိတိကျကျ ထုတ်ပြန်ထားတာ မရှိဘူး၊ မည်သူမဆို ရောင်းဝယ်နိုင်တဲ့ အနေအထားဖြစ်နေတယ် ဆေးတွေကိုလေ"

ဒေါက်တာမြင့်ဦး(GP)က ....."အမေရိကန်နိုင်ငံမှာ ကျွန်တော်တို့လိုပဲဥပဒေ National Drug Law ဆိုတာ ရှိပေမယ့် နောက်ထပ်အသစ်တွေ ထပ်ထပ်ထုတ်တယ်ဗျ။ ဗမာပြည်အနေနဲ့ဆိုရင်တော့ ကျင့်ထုံးဥပဒေ ထပ်ပါလာရမှာပေါ့၊ ဗမာနိုင်ငံရဲ့ အားနည်းချက်ကဥပဒေတစ်ရပ်ထုတ်ပြီးရင် နောက်ထပ်နည်းဥပဒေဆိုတာ ပေါ်မလာတော့ ဘာလုပ်ကြရမှန်းမသိဘူး၊ အဲ့ဥပဒေကိုလိုက်ပြီးတော့ ကြပ်မတ်မယ့် အဖွဲ့အစည်း အဲ့လိုစနစ်ကလေးတွေ လုပ်ဖို့ လိုတာပေါ့"

လူမှန်သမျှ ရောဂါနဲ့မကင်းကြပါဘူး၊ ရောဂါတစ်ခုဖြစ်ပြီဆိုရင် ကုသဖို့ဆေးဝါးဆိုတာ လိုအပ်ပြီး ဆေးဝါးတွေရဲ့ အာနိသင်အလိုက် အကျိုးရှိမှာ ဖြစ်ပါတယ်။ ဆေးဝါးတွေနဲ့ပတ်သက်လို့ သိုလှောင်ဖြန့်ဖြူးရောင်းချတဲ့ စနစ်တစ်ခုလုံးမှာ သက်ဆိုင်ရာဌာနအားလုံး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ထိန်းညှိဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org