ပုဂံဘုရားတွေ မှန်ကန်တဲ့ပြုပြင်ထိန်းသိမ်းမှု အရေးတကြီးလိုအပ်နေ

ပုဂံမှာရှိတဲ့ ဘုရားတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီးပျက်စီးယိုယွင်းလာတာကြောင့် ပြုပြင်ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေပါတယ်။

ပုဂံမြို့မှ ရွှေဆံတော်ဘုရားအား ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ်။

ပုဂံမှာရှိတဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဘုရားတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးပျက်စီးယိုယွင်းလာတာကြောင့် ပြုပြင်ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုန်းဘောင်ခေတ် မတိုင်ခင်က ပုဂံမှာ ဘုရားပေါင်း ၄၀၀၀ ကျော်ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ရေးသားထားပါတယ်။

"ပျက်စီးတာကို ပြင်တာတွေတောင် အခုနောက်ပိုင်း သိပ်မတွေ့ရတော့ဘူး"

၁၉၇၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာငလျင်လှုပ်လို့ဘုရားတွေ ပြိုကျပျက်စီးခဲ့ပါတယ်။ ၂၀၁၆ ငလျင်မှာဆိုရင် ပုဂံက ဘုရားပုထိုးပေါင်း ၄၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ အဲဒီအချိန်က နိုင်ငံပိုင် အစိုးရသတင်းစာတွေမှာ ရေးသားထားပါတယ်။

သဘာဝ ဘေးအန္တရာယ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ စနစ်တကျနဲ့မှန်ကန်တဲ့ ပြုပြင်ထိန်းသိမ်းမှု အားနည်းလို့ ရှေးဟောင်းဘုရားတွေ ရေရှည်မခံတော့တာလို့ ပုဂံဒေသခံတစ်ဦးက ပြောကြပါတယ်။

"ထိန်းသိမ်းမှုအပိုင်းတွေ အဲဒါမျိုးတွေလည်း လောလောဆယ်ကတော့ မတွေ့ရဘူးဗျ။ ပျက်စီးတာကို ပြင်တာတွေတောင် အခုနောက်ပိုင်း သိပ်မတွေ့ရတော့ဘူး။ နည်းနည်းပါးပါးပေါ့နော် အဲလိုမျိုးလေးတွေ လုပ်တာလေးပဲ တွေ့ရတော့တယ်။ ကြီးကြီးမားမားလုပ်တာမျိုးတွေ သိပ်မရှိဘူး။ ပုဂံမြို့တွင်းကို ရောက်ပြီဆိုတာနဲ့ပေါ့နော် ထိန်းသိမ်းတာတွေ ပြန်လည်ပြုပြင်ရေးတွေ အကုန်လုံး တော်တော်များများကို ရပ်တန့်ထားပြီးတော့ အခု ကျွန်တော်တို့ ဂျပန်နဲ့ ဘာနဲ့ဆိုလား ပူးပေါင်းပြီးတော့ စူဠာမဏိရဲ့ ဒီဘက်မှာတော့ သူတို့တွေ လုပ်နေတာမျိုးတွေ တွေ့ရတယ်ပေါ့နော်။ ဘာလုပ်လဲဆိုတော့ ကိုယ်လည်း သေချာမသိဘူး"

ဘုရားတွေထဲ မိုးရေစိမ့်ဝင်ပြီး ရေညှိတွေတက် မှိုတွေစွဲလာသလို ဒီမှိုတွေက ဘုရားရဲ့ အုတ်တွေကို တဖြည်းဖြည်း တိုက်စားသွားတယ်လို့ သူက ပြောပါတယ်။ လင်းနို့၊ ခို စတဲ့ သတ္တဝါတွေကလည်း ဘုရားနဲ့အဆောက်အအုံတွေကို ညစ်နွမ်းစေပြီး ထိခိုက်ပျက်စီး စေပါတယ်။ နံရံဆေးရေးပန်းချီတွေ ကွာကျနေတာတွေ တွေ့ရပြီး အဲဒီအောက်ဘက်မှာ အင်္ဂတေ၊ မဆလာနဲ့ ဖာထားတာမျိုးတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ငလျင်လှုပ်တာ၊ မိုးများတဲ့အတွက် ရာသီဥတုဒဏ်၊ ချုံနွယ်ပိတ်ပေါင်းနဲ့ တိရစ္ဆာန် တွေရဲ့ဒဏ်တွေအပြင် လူတွေကြောင့်ဖြစ်ရတဲ့ ဒဏ်တွေကြောင့် ဘုရားတွေ ထိခိုက်ပျက်စီးရတာလို့ လေ့လာသူတွေက ပြောကြပါ တယ်။

ပုဂံဒေသဟာ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းနောက် ဆက်တွဲအခြေအနေတွေ ကြောင့် ဘုရားတွေထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ယူနက်စကို အဖွဲ့ကလည်းရပ်ထားသလို၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေလည်း သိပ်မတွေ့ရတော့ဘူးလို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ပုဂံက ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရားကြီးကို တရုတ်အစိုးက ပြုပြင်နေပါတယ်။ အရင်ကလည်းတခြားနိုင်ငံတွေက တစ်နိုင်ငံချင်းစီအလိုက် ပြုပြင်တာတွေရှိခဲ့တယ်လို့ နောက်ထပ် ပုဂံဒေသခံ တစ်ယောက်က ပြောပါတယ်။

"သဗ္ဗညုလို ဘုရားမျိုးကြီးပေါ့ဗျာ။ အထင်ကရ ဘုရားကြီးမှာဆိုရင် တရုတ်နိုင်ငံ အစိုးရကနေပြီးတော့မှ အကူအညီနဲ့ သူတို့ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်နေတယ်။ ဒါတွေကတော့ ကျွန်တော်တို့က အမြင်ပဲသိတာကို သူတို့ ဘာတွေလုပ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူးပေါ့ဗျာ။ အရပ်သားတစ်ယောက်အနေနဲ့ အဲဒီလောက်တော့ မသိဘူးပေါ့။ လုပ်တာတော့ လုပ်နေတာ တွေ့တာပဲ။ အဲဒီမှာ ဘုရားသုံးဆူလိုဟာမျိုး ဆိုရင် တောင်ကိုရီးယားကနေပြီးတော့ ပညာရှင်တွေနဲ့ ထိန်းသိမ်းတာတို့ ဘာတို့၊ အဲမှာလည်း ဆိုင်းဘုတ်တွေရေးလို့ပါ ရှိပါတယ်။ ဥပမာ အာနန္ဒာဘုရားဆိုရင်ဗျာ အိန္ဒိယ အစိုးရကနေပြီးတော့ ပြုပြင်ထိန်းသိမ်းသွားတာတွေ လုပ်ခဲ့တာတွေ ရှိတာပေါ့"

ပုဂံက ဘုရားတွေက နှစ်ပေါင်း ၇၀၀၊ ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်အထိသက်တမ်းရှိကြပြီး နောက်ပိုင်းမှာ သက်တမ်းပိုရင့်လာတာနဲ့အမျှ ပိုပြီးပျက်စီးလာပါတယ်။

ဒီဘုရားတွေကို ထိန်းသိမ်းရေးလုပ်နေတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေဘက်ကလည်း စီမံခန့်ခွဲမှု အလွဲအမှားတွေရှိနေတယ်လို့ ရှေးဟောင်းသုတေသနဆိုင်ရာ ကျွမ်းကျင်သူ ဦးဇေမျိုးလင်းက ထောက်ပြပါတယ်။

"မြောင်းတူးတယ်။ ဓာတ်ပုံ မရိုက်ရ၊ ခွင့်ပြုချက် မရှိဘဲ ဓာတ်ပုံမရိုက်ရ ဆိုတာမျိုးတွေ ရှိတယ်။ အဲဒါတွေလည်း မှားတယ်။ ဆိုတော့ လူသိ မခံစရာအကြောင်း မရှိဘူးလေ။ ဒါကျွန်တော်တို့ ထိန်းသိမ်းရေး အလုပ်လုပ်နေတာ။ ဒါမျိုးတွေပေါ့နော် စီမံခန့်ခွဲမှုအလွဲ (Mismanagement)။ အခုက ဘုရားပြိုကျတယ် နောက်တစ်လဆိုရင် ပြင်ပြီးသွားပြီ။ မဟာရံတံတိုင်း ပြိုတယ်။ နောက်တစ်လဆို ပြင်ပြီးသွားပြီ။ မှတ်တမ်းတွေ။ ဘယ်လောက်ထိ ပြိုသလဲ၊ ဘယ်လောက်အထိ ကျန်သလဲ၊ အဲဒါမျိုးတွေပေါ့ဗျာ။ အဲဒီ ဒေတာတွေ (အချက်အလက်တွေ) အကုန်လုံး ထည့်ပြီးတော့မှ ပြင်တာမျိုးတွေ လုပ်ရမှာ။ အမြန်ပြင်ဖို့ မလိုဘူး။ အမှန်ပြင်ဖို့ပဲ လိုတယ်။ နည်းမှန်လမ်းမှန်နဲ့ ပြင်ဖို့ပဲလိုတာ"

ရှေးဟောင်းဘုရားတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ ပြောဆိုကြတယ် ဆိုတာကလည်း လွဲမှားနေတဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို စနစ်တကျနဲ့ နည်းမှန်လမ်းမှန် လုပ်ကြအောင် ထောက်ပြနေတာလို့ သူက ပြောပါတယ်။

အဲဒီအပြင် ဩဂုတ်လထဲမှာ ပုဂံ ရှေးဟောင်းသုတေသနဌာနက ဘုရားတွေနားမှာ ရေစီးရေလာကောင်းအောင်ဆိုပြီး တူးနေတဲ့ရေမြောင်းတွေကလည်း အရင်က ပြိုကျပြီး မြေကြီးအောက် ရောက်နေတဲ့ ဘုရားတွေကို ထိခိုက်ပျက်စီးနိုင်တယ်လို့ ဝေဖန် ထောက်ပြတာတွေ ရှိနေပါတယ်။

အပူချိန်များတဲ့ ပုဂံဒေသမှာ မိုးများတဲ့ကာလတွေဆိုရင် ပတ်ဝန်းကျင်စိုထိုင်းဆ များလာပါတယ်။ အဲဒီ စိုထိုင်းဆတွေက ဘုရားအတွင်းထဲက နံရံဆေးရေးပန်းချီတွေကို ပျက်စီးစေပါတယ်။ မိုးရွာလို့ ဘုရားတွေနား ရေဝပ်တာ၊ ရေဝင်တာတွေ ဖြစ်လာသလို ချုံနွယ်ပိတ်ပေါင်းတွေလည်း ပိုများလာပါတယ်။

အဲဒီ စေတီ၊ ပုထိုးပေါ်မှာ ပေါက်နေတဲ့ ညောင်ပင်၊ မြက်ပင်တွေက ဘုရားတွေရဲ့ အုတ်တွေကြားထဲထိုးလို့ ထိခိုက်ပျက်စီးစေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နောက်ပိုင်းမှာ ဘုရားတွေ ပိုပြီးပျက်စီးလာတယ်လို့ ရှေးဟောင်းသုတေသနဆိုင်ရာ ကျွမ်းကျင်သူ ဦးဇေမျိုးလင်းက ဆက်ပြောပါတယ်။

"ဖောင်းတန်းတွေ၊ အဲဒါတွေ စပြိုတယ်။ ပြီးလို့ရှိရင် ပစ္စယံတွေ စပြိုကျတယ်။ ကျွန်တော် စာရင်းလုပ်ထားတာရှိတယ်။ ဥပမာ ဘူးလက်သီးဘုရားဆိုလို့ရှိရင် ပစ္စယံကြီးက ပြိုကျလာတယ်။ ဘာလို့လဲဆိုတော့ အပင်တွေကြောင့်လည်းပါတယ်။ စိုဆိုင်းဆတွေ များတဲ့အတွက် စိုဆိုင်းဆတွေက အပြင်ရော၊ အတွင်းရော ဝင်လာတဲ့အတွက် သူ့မှာ လိုအပ်တဲ့ အပူချိန်မရတော့ဘူး။ ဘုရားကတော့ ပြိုတယ်၊ အပြိုအများဆုံးက ပစ္စယံတွေ ပြိုကျမယ်။ ခင်မေတိုး ဖောင်းတန်းတွေ ပြိုမယ်။ နောက်ပိုင်းဆိုရင် မုခ်တွေပါ ပြိုလာလိမ့်မယ်။ တစ်ခြားပြိုတဲ့ ဘုရားတွေလည်း မုခ်တစ်ခုလုံး ပြိုနေပြီ။ မုခ်ဆိုတာက ဘုရားလေးဘက်ရှိတယ်ဆိုရင် မုခ်ပေါက်ရှိမယ်၊ မုခ်ဦးရှိမယ်၊ မုခ်ထွဋ်ရှိမယ်။ အဲဒါတွေကတဖြည်းဖြည်းနဲ့ တဖြုတ်ဖြုတ်ကြွေကျနေတယ်"

သူစုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၀ ခုနှစ်မှာ ဘုရားအဆူ ၆၀ ကျော် နဲ့ ၂၀၂၂ ခုနှစ်မှာလည်း ၆၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ဒီ ၂၀၂၃ ခုနှစ်ထဲမှာတော့ ဘုရားအဆူ ၂၀ လောက်ပြိုကျ ပျက်စီးနေပြီလို့ ပြောပါတယ်။

လူသူအရောက်အပေါက်နည်းပြီး ဝေးလံတဲ့ နေရာက ဘုရား၊ ပုထိုးတွေဆိုရင် ပိုပြီးပျက်စီးလာတာ တွေ့လာရပါတယ်။

ပုဂံက ဘုရားတွေကို ဦးစားပေးအဆင့်ဆင့်နဲ့ ပြုပြင်ထိန်းသိမ်းနေပြီး မိုခါမုန်တိုင်းကြောင့် ပျက်စီးထိခိုက်သွားတဲ့ ဘုရား ၅၉ ဆူကို ပြုပြင်ပြီးသွားပြီလို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့က ပုံမှန်ကတော့ ဒီဘုရားတွေကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး။ ဒါတွေကတော့ ပုံမှန်ပြင်ဆင်နေတာပေါ့နော်။ ဘုရားတွေကလည်း နှစ်ပေါင်း ရာထောင်ချီနေပြီဆိုတော့။ ဘုရားအရေအတွက်ကလည်း ၃၈၃၇ ဆူ လောက်ရှိတာဆိုတော့ ။ ရှေ့က ဘုရားတွေပြင်၊ နောက်ကဘုရားတွေ ပျက်ပေါ့နော်။ ဒါမျိုးတွေနဲ့ပဲ ကျွန်တော်တို့က ပုံမှန်လုပ်ငန်းတွေပေါ့။ ကျွန်တော်တို့ လေ့လာဆန်းစစ် ကောက်ယူထားတဲ့အထဲကနေ ဦးစားပေး အဆင့်အနေနဲ့ပေါ့နော်။ ဒီကြားထဲမှာမှ သဘာဝဘေး အန္တရာယ်ကြောင့်ဖြစ်လာတဲ့ မိုခါမုန်တိုင်းကြောင့်ပေါ့နော်။ အထူးသဖြင့် မိုခါမုန်တိုင်းကြောင့် ဖြစ်လာတဲ့ ဘုရားတွေပေါ့။ အားလုံးပေါင်း ၅၉ ဆူ အဲဒါတွေက အားလုံးပြင်ဆင်ပြီးသွားပြီပေါ့နော်"

ပုဂံမြို့မှ စေတနာကြီးဘုရားအား ၂၀၂၂ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ်။

ဘုရားတွေနားမှာ ရေမြောင်းတူးဖော်တာနဲ့ ပတ်သက်လို့ ဝေဖန်ကြတာကိုတော့၊ ရှေးဟောင်း အမွေအနှစ်တွေ မထိခိုက်ရအောင် ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ၊ ခေတ်မီနည်းပညာတွေနဲ့ စနစ်တကျ လုပ်နေတယ်လို့ သူက ပြောပါတယ်။

ပုဂံဒေသကို ရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာ ပုဂံသူ၊ ပုဂံသားတွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ လာရောက် လည်ပတ်တဲ့သူတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂံဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီ ဘုရားတွေ ရေရှည်တည်တံ့ဖို့ဆိုတာက ပုဂံသူ ပုဂံသားတွေ၊ ဌာနတစ်ခုထဲနဲ့ ထိန်းသိမ်းဖို့ အားလုံး အားလုံး အပေါ်မှာ တာဝန်ရှိတယ်။ လာတဲ့လူတွေရော ဘုရားဖူးတွေရော ဒေသခံတွေကရော တန်ဖိုး တန်ကြေးထားပြီး တော့ အမြဲတမ်းပေါ့နော် သစ်ပင်ဝါးပင်ပေါက်ဆိုလည်း သစ်ပင်ဝါးပင် သန့်ရှင်းရေး လေးလုပ်။ အမှိုက်သရိုက် ကစ စနစ်တကျလေးတွေ လုပ်မယ်။ ဘုရားပေါ်မှာ နေတာထိုင်တာတွေက အစ၊ သွားတာလာတာတွေကအစ။ ဥပမာ ဆေးပန်းချီရှိတဲ့ ဘုရားတွေ ရှိတယ်ဆိုရင်လည်း ခြစ်တာ ကြောင်တာတွေ မလုပ်ဖို့ ထိန်းသိမ်းဖို့ပေါ့နော်"

ရှေးပုဂံမင်း အဆက်ဆက်တည်ထားခဲ့ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တဲ့ ဘုရား၊ ပုထိုးတွေဟာ အခုဆိုရင် ထိခိုက်ပျက်စီးတာတွေများလာလို့ ပုဂံကိုချစ်တဲ့သူတိုင်း ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေရော ပညာရှင်တွေကပါ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org