ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းအားလုံးကို လွှတ်ဖို့ ဘာသာပေါင်းစုံအဖွဲ့ တောင်းဆို
စစ်ကောင်စီ ကျဆုံးဖို့ တော်လှန်ရေးမှာ အားစိုက်ဖို့လိုတယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းသူက ပြောပါတယ်။
-
RFA Burmese
2024-08-08 -
-
-
ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် ဘာသာပေါင်းစုံအဖွဲ့ ခြောက်ဖွဲ့က ၃၆ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကို ဦးဆောင်ကျင်းပပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သေဒဏ်ကျခံနေရသူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
ဘာသာတိုင်း လူမျိုးတိုင်းဟာ လွတ်လပ်တရားမျှတတာကိုပဲ လိုချင်ကြတယ်လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်က ဆရာတော် ဦးဝါယမက မိန့်ပါတယ်။
"လူဟာလွတ်လပ်ချင်တယ်၊ တရားမျှတချင်တယ်၊ လူဟာဆင်းရဲကင်းချင်တယ်၊ ချမ်းသာရချင်တယ်၊ ဒါ ဘာသာတိုင်းတူတယ်၊ ဒါ လူမျိုးတိုင်းတူတယ်၊ နိုင်ငံရေးအရ ဘာသာရေးအရ မည်သို့ပင်ပြောစေ လွတ်လပ်တာချင်းတော့ ဘာသာဝင်တိုင်း လူသားတိုင်းဟာ အားလုံးတူညီပါတယ်"
စစ်တပ် အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်က ယိုယွင်းနေတာတွေကို ပြည်သူတွေခါးစည်းခံနေရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကိုတော်လှန်ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် လက်နက်ကိုင် တိုက်ပွဲဝင်နေသူတွေ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေနဲ့ အခြားသော တော်လှန်ရေးမိတ်ဖက် အဖွဲ့အစည်းတွေကလည်း ညီညီညွတ်ညွတ်နဲ့ သွေးစည်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီအခမ်းအနားကို နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စစ်ရေး၊ နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေ တက်ရောက်ခဲ့ကြပါတယ်။
စစ်ကောင်စီ ကျဆုံးဖို့အတွက် တော်လှန်ရေးမှာ အားစိုက်ဖို့လိုတယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းသူက ပြောပါတယ်။
"NUG၊ CRPH စသည်အားဖြင့်ဦးဆောင်ပြီးကြိုးစားနေတဲ့လူတွေကို ထပ်ပြီးတော့ ထိထိမိမိ ထပ်ပြီးတော့ ကြိုးစားဖို့အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်၊ ဘာကြောင့်လဲ အချိန်ဆွဲနေမယ်ဆိုရင် လက်ရှိအခြေအနေမှာ စစ်အာဏာရှင်ဟာဆိုရင် အရူးမီးဝိုင်း သွေးပျက်နေသလိုဖြစ်နေတဲ့ အချိန်မှာ လက်ရှိအခြေအနေမှာ အင်တိုက်အားတိုက်နဲ့ ထပ်ပြီးတော့ နဲနဲလေး ကြိုးစားလိုက်မယ်ဆိုရင် အပြီးအသတ်ကို အောင်နိုင်မှုကိုရရှိမှာဖြစ်ပါတယ်"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဦးဆောင်သူ ဦးဘိုကြည်ကလည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်မှ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းရဲ့အစကို ရောက်မယ်လို့ ပြောပါတယ်။
"အဓိကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်၊ သူတို့တွေက တကယ့်အကျဉ်းထောင်ထဲမှာ ရှိနေပေမဲ့ အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ဆက်ပြီးတော့ ဆန့်ကျင်နေကြတာမျိုးတွေရှိပါတယ်၊ ဒါက အဓိက နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့လိုတယ် နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးလွတ်မြောက်တဲ့အခါကျမှ မြန်မာနိုင်ငံက တကယ့်စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းရဲ့အစကို ရောက်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ် ဒါကြောင့်မလို့ ဒေါ်အောင်ဆန်းစုကြည်၊ နောက်သမ္မတကြီးဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အတွက် အကုန်လုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့ ပြောချင်ပါတယ်"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ၃၆ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်နေ့မှာပဲ ဩဇာမဲ့တို့၏ခွန်အားလို့ အမည်ပေးထားတဲ့ သမိုင်းမှတ်တမ်းပြခန်းကို ဖွင့်လှစ်ခဲ့တာပါ။ အဲဒီပြခန်းမှာ ရှစ်လေးလုံးအရေးတော်ပုံကာလ သမိုင်းမှတ်တမ်းဓာတ်ပုံတွေနဲ့ ၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေ ဖမ်းဆီးနှိပ်စက်၊ အကျဉ်းချခံရတဲ့ ဓာတ်ပုံတွေ ပြသခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွေ နိုင်ငံတစ်ဝန်းပြုလုပ်
ရှစ်လေးလုံးအရေးတော်ပုံက သတင်းစာတွေ ချင်းမိုင်မြို့မှာပြသ
ရှစ်လေးလုံးနှစ်ပတ်လည် အထိမ်းအမှတ်ဆန္ဒပြပွဲ ရန်ကုန်မှာကျင်းပ
ခေတ်အဆက်ဆက် မြန်မာပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတယ်ဆိုတာကို နိုင်ငံတကာ သိအောင် အခုလိုပြသတာလို့ AAPP ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးဘိုကြည်က ပြောပါတယ်။
"ကျွန်တော်တို့ တော်လှန်ရေးကဖြစ်စဉ်လို့ ပြောလို့ရပါတယ်၊ ကျွန်တော်တို့ မမွေးခင်ကတည်းကနေပြီးတော့ အာဏာသိမ်းတယ်၊ အာဏာသိမ်းတဲ့အချိန်က စပြီးတော့ ဒီကျောင်းသားတွေ ပြည်သူတွေက အစဉ်အဆက် စစ်အာဏာရှင်ကိုတော်လှန်ကြတယ်၊ အဲ့လိုပဲ အခုနောက်ဆုံးကတော့ နွေဦးတော်လှန်ရေးပေါ့၊ ဒါကြောင့် ပြခန်းကိုလည်း ဩဇာမဲတို့၏ခွန်အားဆိုပြီး ပေးထားပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပြည်သူတွေက စစ်အာဏာရှင်ကိုမလိုချင်ဘူး၊ ဒါကို ခေတ်အဆက်ဆက်သက်သေပြခဲ့ပြီးပြီ ခုလည်းပြနေဆဲဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့အောင်ပွဲက မကြာခင်ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
မြန်မာပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအရေး တစိုက်မတ်မတ်လုပ်လာတဲ့ AAPP တည်ထောင်တာ အခုဆိုရင် ၂၅ နှစ် ရှိပါပြီ။ ဒီကာလအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျဉ်းသား အများဆုံးဖြစ်တယ်လို့လည်း AAPP အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောပါတယ်။
"ဒီနေ့ဒီချိန်ဟာဆိုရင် နိုင်ငံရေးအကျဉ်းသား အများဆုံး ရှိနေတဲ့ကာလ လို့ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၆၂ ခုနှစ် အာဏာစသိမ်းတဲ့အချိန်ကစပြီးတော့ ဒီ၂၀၂၁ ခုနှစ် ထပ်ပြီးတော့ အာဏာမသိမ်းခင် နှစ်ပေါင်း ၆၀ ကာလမှာ နိုင်ငံရေးအကျဉ်းသား တစ်သောင်းလောက်ရှိတယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်၊ အခုကတော့ လေးနှစ်ကျော် ကာလတွင်မှာ နိုင်ငံရေး အကျဉ်းသား( ၂၇၀၀၀) ကျော် ထိရှိခဲ့တာ ဖြစ်ပါတယ်"
မြန်မာပြည်က ထောင်တွေထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေကို ဒီပြခန်းမှာ ပြသထားတဲ့ မှတ်တမ်းတွေကနေ သိနိုင်ပြီး အာဏာရှင်စနစ်အဆုံးသတ်အောင် နိုင်ငံတကာက ဖိအားပေးစေချင်တယ်လို့လည်း သူက ဆိုပါတယ်။
ပြခန်းကို လာတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်စန္ဒာသွင်ကလည်း ရှစ်လေးလုံးအရေးတော်ပုံကနေ အခုတော်လှန်ရေးကာလတွေဟာ မေ့လို့မရတဲ့ သမိုင်းတွေဖြစ်တယ်လို့ ပြောပါတယ်။
"သရုပ်ပြထောင် ဒီအထဲမှာ ဖိနှိပ်နေတဲ့ဟာတွေကိုသိအောင် ဒီအခမ်းနားကြီးလုပ်ပေးတယ်လို့တော့ ကျွန်မတို့ မြင်တယ်၊အဖိနှိပ်ခံလူတွေရဲ့ထောင်ထဲမှာအဖိနှိပ်ခံတွေရဲ့ဟာတွေကို ကမ္ဘာက သိအောင်ချပြတဲ့ အခမ်းအနားကြီးလို့တော့ ကျွန်မက မြင်တယ်"
ရှစ်လေးလုံးအရေးတော်ပုံနေ့ကို မြန်မာပြည်တွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက ပျောက်ကြားသပိတ်ဆင်နွှဲတာ၊ ရှစ်လေးလုံးစာတန်းတွေ ချိတ်ဆွဲတာတွေအပြင် အာဏာရှင်စနစ်ဆန့်ကျင် ဆန္ဒပြတာ စတာတွေ လှုပ်ရှားခဲ့ကြပါတယ်။