ဖွဲ့စည်းပုံကို အစိုးရက ကျော်လွန်လုပ်ဆောင်နေတယ်လို့ ၂၃ ပါတီ ထုတ်ပြန်
လက်ရှိအစိုးရအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ မခေါ်တဲ့ကိစ္စအပါအဝင် ကဏ္ဍတော်တော်များများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ကျော်လွန်လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၃ ပါတီက ကြေညာချက်ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲပြလုပ်ခဲ့ပါတယ်။
-
2019-07-05 -
-
-
နိုင်ငံရေးပါတီ ၂၃ ပါတီရဲ့ ပူးသဘောထားကြေညာချက်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာ ၂၀၁၉ ဇူလိုင် ၅ ရက်နေ့ကကျင်းပစဉ်
Photo: Thant Zin Oo/RFA
လက်ရှိအစိုးရအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ မခေါ်တဲ့ကိစ္စအပါအဝင် ကဏ္ဍတော်တော် များများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ကျော်လွန်လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၃ ပါတီက ကြေညာချက်ထုတ်ပြန်ပြီး သတင်းစာ ရှင်းလင်းပွဲပြလုပ်ခဲ့ပါတယ်။
RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။
■ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)ခေါ်ဖို့ လိုအပ်တာကို မခေါ်တာဟာ ဖွဲ့စည်းပုံပါ ဥပဒေပြဌာန်းချက်ကို ချိုးဖောက်နေတာဖြစ်တယ်လို့ ၈၈ ကျောင်းသား ဦးအေးလွင်က ပြောပါတယ်။
"ကာလုံကခေါ်ကိုခေါ်ဖို့လိုတယ်၊ ကာလုံကို ဘာလို့မခေါ်တာလဲဆိုတာတော့ အစိုးရမှာ သူတို့အကြောင်းရှိမှာပေါ့၊ ခေါ်ဖို့လိုအပ်နေတယ်ဆိုတာကတော့ လိုအပ်လို့ပဲ ဒီကာလုံဆိုတာကို ထည့်ပြီးပြဌာန်းထားတာပေါ့ဗျာ တည့် တည့်ပြောရရင်၊ လိုအပ်လို့ ဒီကာလုံဆိုတဲ့ အဖွဲ့အစည်းကို ဖွဲ့ပေးထားတယ်၊ ကာလုံကိုဖွဲ့စည်းတယ် လုပ်ပိုင် ခွင့်တွေကိုပြဌာန်းပေးထားတယ်၊ ကာလုံဆိုတဲ့အဖွဲ့ထဲမှာ ဘယ်သူတွေဘယ်သူတွေ ပါဝင်ရမယ်ဆိုတာကို ပြဌာန်းပေးထားတယ်၊ အဲတော့ လိုအပ်လို့ ပြဌာန်းပေးထားတဲ့ ဒီပြဌာန်းချက်အပေါ်မှာ ဒီကာလုံအစည်းအဝေး မခေါ်ဘူးဆိုတာကိုက ဒီပဒေကိုမလိုက်နာတာ၊ ဒီဥပဒေကိုချိုးဖောက်နေတာပဲပေါ့ဗျာ"
ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စတွေမှာလည်း ကာလုံခေါ်ပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ဦးအေးလွင် ကပြောပါတယ်။
ဒီကနေ့မနက်ပိုင်း ရန်ကုန်မြို့ သံလွင်လမ်းမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီ ၂၃ ပါတီရဲ့ ပူးတွဲသဘောထားကြေညာချက်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၃ ပါတီက ဇူလိုင်လ ၃ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ မိတ်ဖက်ပါတီ ၂၃ ပါတီထဲက အဆင်သင့်တဲ့သူအချို့သာ ရှင်းလင်းဖြေကြား တာဖြစ်လို့ ကြံ့ခိုင်ရေးပါတီက တက်ရောက်ဖြေကြားတာတော့ မရှိပါဘူး။
လက်ရှိအစိုးရအနေနဲ့ နိုင်ငံ့အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်လို့ မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။
"ကျွန်တော်ပြောချင်တာက တိုင်းပြည်အရေးကို မျက်မှောက်ပြု အာရုံပြုနေတဲ့ နိုင်ငံရေးပါတီများ နိုင်ငံရေးသမား များနဲ့ လက်ရှိအစိုးရ တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့လိုပါတယ်၊ စကားပြောဖို့လိုပါတယ်၊ စကားပြော မှာလား အလုံးစုံပျက်သုဉ်းခံမှာလားဆိုတာကို ကျွန်တော်တို့ ဒီနေရာကနေ မေးခွန်းထုတ်ချင်ပါတယ်။"
ဒါ့အပြင် လက်ရှိရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရပါတီကဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဖြစ်လို့ စီမံဆောင် ရွက်မှု အလွန်အားနည်းတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူတွေယုံကြည်ကိုးစားလောက်တဲ့ ရွေးကောက် ပွဲဖြစ်လာဖို့ဆိုရင် အများပြည်သူယုံကြည်လေးစားရပြီး ဆောင်ရွက်နိုင်စွမ်းရှိတဲ့ လူကြီးတွေကို ကော်မရှင်မှာ လုပ်ခွင့်ပေးဖို့လိုတယ်လို့ ဦးကောင်းမြင့်ထွဋ် ကဆိုပါတယ်။
ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိမှာကို စိုးရိမ်တယ်ဆိုတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ မိတ်ဖက်ပါတီတွေရဲ့ ပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်တုံ့ပြန်ထားပါတယ်။
ကြေညာချက်တွေထုတ်ပြန်တောင်းဆိုနေတာဟာ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အလေးထားတွေ့ဆုံတာ မရှိတဲ့အတွက်ကြောင့်လို့ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး ကပြောပါတယ်။
"အခုကျွန်မတို့ကို နိုင်ငံတော်သမ္မတကြီးကရော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရော အလေးထား ပြီးတွေ့ဆုံတာမျိုးမရှိပါဘူး၊ ကျွန်မတို့နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးအတွက် အမျိုးသားနိုင်ငံရေးအတွက် အကျိုးရှိမယ့်အရာမှန်သမျှကို လုပ်ရမှာ လုပ်ဆောင်ရမှာဖြစ်ပါတယ်၊ အဲတော့ ကျွန်မတို့ အဲလိုတွေ့ဆုံခြင်း မရှိတဲ့အတွက် တစ်ပါတီချင်းအလိုက် သဘောထားကြေညာချက်တွေကို ထုတ်ပြန်တယ်၊ နောက်ပြီးတော့ အားရှိအောင် ပူးတွဲသဘောထားကြေညာချက်တွေ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။"
ဒါ့အပြင် လွှတ်တော်မှာအတည်ပြုလိုက်တဲ့ ကလေးသူငယ်ဥပဒေကို ကန့်ကွက်နေရတာကလည်း အဲဒီဥပဒေမှာပါဝင်တဲ့ မွေးစားခွင့်ဥပဒေအရ ခိုးဝင်လာတဲ့ ကလေးသူငယ်တွေကို နိုင်ငံသားမိဘနှစ်ပါးက မွေးစားခဲ့ရင် အဲဒီခိုးဝင်တဲ့သူတွေ နိုင်ငံသားဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီ ၂၃ ပါတီရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကို RFA ကဆက်သွယ်မေးမြန်းရာမှာတော့
"အဲတာတွေကတော့ ကျွန်တော်တို့ သူတို့က အကြိမ်ကြိမ်ကန့်ကွက်တာပေါ့လေ၊ ကျွန်တော်တို့ပြောချင်တာက ကာလုံကိုမဖြစ်မနေ ခြောက်လတစ်တကြိမ်ခေါ်ရမယ်၊ တစ်နှစ်တစ်ကြိမ်ခေါ်ရမယ် ဖွဲ့စည်းပုံမှာပြဌာန်းထားတာ မရှိပါဘူး၊ နိုင်ငံတော်သမ္မရဲ့ ဆင်ခြင်တုံတရားအရ လိုအပ်ရင်ခေါ်နိုင်ဖို့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်၊ နောက် တစ်ခါ ကျွန်တော်တို့ ကလေးသူငယ်နဲ့ပတ်သက်ရင် ကလေးသူငယ်ရဲ့နိုင်ငံသားဖြစ်မှုဟာ မွေးစားခံရခြင်းဟာ ကလေးသူငယ်ရဲ့ အခြေခံအသက်ရှင်နေထိုင်နိုင်မှုအတွက် လိုအပ်တဲ့အခွင့်အရေးတွေရရှိဖို့အတွက်ပဲ ပြဌာန်း ထားတာဖြစ်ပါတယ်၊ သူ့ရဲ့နိုင်ငံသားဖြစ်မှုကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပေဒအရဆောင်ရွက် မယ်ဆိုတာ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဖြေကြားထားပြီးသားဖြစ်ပါတယ်၊ အဲတော့ အဲဒီအတွက် ကျွန်တော်တို့ ထပ်ပြီးတော့ ရှင်းလင်းစရာမလိုတော့ဘူးလို့ ထင်ပါတယ်။"
လက်ရှိအစိုးရအနေနဲ့ နိုင်ငံရေးပါတီတွေကို တွေ့ဆုံဆွေးနွေးဖို့ လိုလာတဲ့အချိန်မှာ တွေ့ဆုံသွားမှာဖြစ်တယ်လို့ ဒေါက်တာမျိုးညွှန့် ပြောပါတယ်။
နိုင်ငံရေးပါတီ ၂၃ ပါတီရဲ့ကြေညာချက်ထဲမှာ အချက် ၉ ချက်ပါဝင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ခန့်ထား တဲ့ကိစ္စ၊ ဒုတိယသမ္မတအရည်အချင်းနဲ့ စပ်လျဉ်းတဲ့ကိစ္စ၊ တိုင်းနဲ့အပြည်နယ်အသီးသီးမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတွေ ဖွဲ့စည်းတဲ့ကိစ္စနဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အခုချိန်မခေါ်တဲ့ကိစ္စတွေအပါအဝင် စတဲ့အချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေပြဌာန်းချက်တွေကို ကျော်လွန်ဆန့်ကျင်ပြီးလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။