အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ RFA သီးသန့်မေးမြန်းချက်

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံက ပဋိပက္ခတိုက်ခိုက်မှုတွေ ပိုဆိုးမလာစေချင်တဲ့အတွက် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံ အင်အားစုတွေကို အရည်အသွေး မြှင့်တင်ပေးတဲ့အပိုင်းကိုပဲ ဆက်လုပ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။

၂၀၂၃ မတ်လ ၂ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက်နှင့် RFA တွေ့ဆုံမေးမြန်းစဉ်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင်တော်လှန်နေတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်း အကူအညီပေးအပ်ဖို့ မရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံက ပဋိပက္ခတိုက်ခိုက်မှုတွေ ပိုဆိုးမလာစေချင်တဲ့အတွက် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံ အင်အားစုတွေကို အရည်အသွေး မြှင့်တင်ပေးတဲ့အပိုင်းနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးတဲ့ အပိုင်းတွေကိုပဲ စူးစိုက် လုပ်ဆောင်သွားမယ်လို့လည်း သူကပြောပါတယ်။

RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဒဲရစ်ချောလက်ကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးခန်းမှာ မတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
----

RFA - ဟုတ်ကဲ့။ အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပထမဆုံးအနေနဲ့၊ အမေရိကန်အစိုးရဟာ ယူကရိန်းကို နိုင်ငံရေးအရကော၊ စစ်ရေးအရပါ ကူညီထောက်ပံ့နေပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင်တော့ လက်နက်မဟုတ်တဲ့ အကူအညီတွေပဲပေးဖို့ ကန့်သတ်ထားတာ ဘာကြောင့်ပါလဲ။

ဒဲရစ်ချောလက် - ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတွေအတွက် လက်ရှိလုပ်ပေးနေတာကိုပဲ ဆက်လုပ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီ အရေးလှုပ်ရှားမှုတွေကို အပြည့်အဝ ထောက်ခံနေသလိုပဲ၊ အရေးပေါ် အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တာကို လုပ်နိုင်သမျှ လုပ်နေပါတယ်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတစ်ရက်နေ့မှာ စစ်တပ်အာဏာသိမ်းလိုက်ကတည်းက အမေရိကန်နိုင်ငံဟာ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး၊ ဒီမိုကရေစီထောက်ခံတဲ့ အတိုက်အခံအင်အားစုတွေကို အကူအညီပေးဖို့ ကြိုးစားနေပါတယ်။

"ကျွန်တော်တို့ ဖြစ်စေချင်တာက မြန်မာနိုင်ငံက ပဋိပက္ခ တိုက်ခိုက်မှုတွေ ရပ်တန့်သွားဖို့ပါ။ ပဋိပက္ခတိုက်ခိုက်မှုတွေ ပိုဆိုးမလာစေချင်ပါဘူး။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ပိုဆိုးလာနေပါတယ်။ " 

သူတို့အနေနဲ့ စီမံအုပ်ချုပ်ရေး လုပ်ငန်းတွေလုပ်နိုင်ဖို့နဲ့ ပြည်သူတွေကို အသိပညာပေးနိုင်ဖို့ အရည်အသွေးမြှင့်တင်ပေးတဲ့ အကူအညီတွေ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီတွေကလည်း မြန်မာပြည်သူတွေအတွက် အလွန်ရေးကြီးပါတယ်။ အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေ အများဆုံးပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါတွေကို အာရုံစူးစိုက်ပြီး ဆက်လုပ်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက မြန်မာနိုင်ငံက ပဋိပက္ခ တိုက်ခိုက်မှုတွေ ရပ်တန့်သွားဖို့ပါ။ ပဋိပက္ခတိုက်ခိုက်မှုတွေ ပိုဆိုးမလာစေချင်ပါဘူး။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ပိုဆိုးလာနေပါတယ်။ ဒါကြောင့် ပိုဆိုးတဲ့ အခြေအနေတွေ ဆက်ပြီးဖြစ်မနေစေချင်ပါဘူး။ နောက်ပြီး ပဋိပက္ခတွေ ပိုပြီးကျယ်ပြန့် မလာစေချင်ပါဘူး။ အခုအချိန်မှာ အဲဒီအတွက် အာရုံစိုက်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။"

RFA - အမေရိကန်နိုင်ငံကနေ အာဏာရှင် ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေကို အခုလို စစ်ရေးလက်နက်နဲ့ နည်းပညာ အကူအညီတွေ မပေးဖို့ ကန့်သတ်ထားတာကနေ အပြောင်းအလဲ ဖြစ်လာနိုင်ပါသလား။

ဒဲရစ်ချောလက် - လောလောဆယ် အဲဒီလိုလုပ်ဖို့ မရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ အတိုက်အခံ အင်အားစုတွေ၊ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံ အင်အားစုတွေကို ကူညီအားပေးမဲ့ အပိုင်းကိုပဲ အာရုံစူးစိုက်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခြားနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံသလိုပဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ ဆက်ဆံနေပါတယ်။ မကြာခင်ကပဲ NUG တာဝန်ရှိသူတွေကို ဒီနိုင်ငံခြားရေးဌာနမှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ လက်ခံတွေ့ဆုံခဲ့ပါတယ်။ NUG ရဲ့ ရုံးခန်းကိုလည်း ဒီဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ခဲ့ပြီးပါပြီ။

ကျွန်တော်တို့နဲ့ မိတ်ဖက်နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံက ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအင်အားစုတွေ၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားဝင်ပဲဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ် ထိတွေ့ဆက်ဆံဖို့ လမ်းကြောင်းတွေ ဖွင့်ထားကြဖို့ တိုက်တွန်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သူတို့နဲ့ အင်တာနက်ပေါ်ကနေရော၊ လူကိုယ်တိုင်ပါ တွေ့ဆုံခဲ့ပြီးပါပြီ။ ဝါရှင်တန်ဒီစီမှာရော၊ နယူးယောက်မှာရော၊ အခြားနိုင်ငံတွေမှာပါ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေကိုလည်း ဒီအတိုင်းလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။" 

"ကျွန်တော်တို့အနေနဲ့ အတိုက်အခံ အင်အားစုတွေ၊ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံ အင်အားစုတွေကို ကူညီအားပေးမဲ့ အပိုင်းကိုပဲ အာရုံစူးစိုက်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်။"

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးခန်းကို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ​Uzra Zeya တက်ရောက် ဖွင့်လှစ်ပေးစဉ်။ (Photo: RFA)

RFA - အမေရိကန်နိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှု လုပ်တာဟာ ဘယ်လို အဓိပ္ပါယ်ဖြစ်မလဲ။ တရားဝင် အသိအမှတ်ပြုတဲ့ သဘောမျိုး ဖြစ်မလားခင်ဗျ။

ဒဲရစ်ချောလက် - ကျွန်တော်တို့နဲ့ မိတ်ဖက်နိုင်ငံတွေ အနေနဲ့ရော၊ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့ပါ၊ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအဖွဲ့တွေ ပြောတာကို တိုက်ရိုက်နားထောင်ဖို့ လိုတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာ မြေပြင်မှာ ဘာတွေဖြစ်နေသလဲ ဆိုတာအနေနဲ့ရော၊ သူတို့ရဲ့ လိုအပ်ချက်နဲ့ လိုလားချက်တွေကိုပါ နားထောင်ဖို့လိုပါတယ်။ ကျွန်တော်တို့အားလုံး ဖြစ်စေချင်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်ရောက်ဖို့ဆိုတဲ့ ပန်းတိုင်ကိုရောက်ဖို့ သူတို့က အမှန်တကယ် အကောင်အထည်ဖော်ရမယ့်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့နဲ့ စကားပြောပါတယ်။ သူတို့ရဲ့ စီမံအုပ်ချုပ်နိုင်စွမ်းကို ပိုကောင်းလာအောင် ကူညီပေးလို့ရမယ့် နည်းလမ်းတွေကို ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲဖို့၊ အုပ်ချုပ်မှု ပုံစံအသစ်တစ်ခု ဖော်ဆောင်ဖို့၊ မြန်မာပြည်သူတွေအတွက် ပညာရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ စတဲ့ကြီးလေးတဲ့ တာဝန်တွေ အများကြီး သူတို့ရှေ့မှာ ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့မှာ ဒီလိုအရည်အချင်းတွေ ရှိလာအောင် တည်ဆောက်ရာမှာ ကူညီပေးဖို့ ဆန္ဒရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဒီလိုဖြစ်ဖို့အတွက် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ NUG နဲ့ အခြားဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံကြဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။"

RFA - အမေရိကန်နိုင်ငံဟာ အာဆီယံနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ထောက်ခံတဲ့အကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ ဒီဘုံသဘောတူညီချက်တွေက အလုပ်မဖြစ်ပါဘူး။ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်မသွားသလိုပဲ၊ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အရပ်သား ခေါင်းဆောင်တွေကိုလည်း ပြန်မလွတ်သေးပါဘူး။ အမေရိကန် အစိုးရအနေနဲ့ ဘာကြောင့် ဒီအလုပ်မဖြစ်တဲ့ ချဉ်းကပ်ပုံနည်းလမ်းကို ဆက်ပြီးအားပေးထောက်ခံနေတာလဲ ခင်ဗျ။

ဒဲရစ်ချောလက် - အာဆီယံကို ထောက်ခံမှုဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့အရေးအတွက် ချဉ်းကပ်ပုံက အာဆီယံကို ထောက်ခံရုံ တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အာဆီယံရဲ့ ဦးဆောင်ဦးရွက်ပြုမှုကို ယုံကြည်မှုရှိပါတယ်။ အာဆီယံရဲ့ကြိုးပမ်း အားထုတ်မှုတွေကို အပြည့်အဝ ထောက်ခံပါတယ်။ အာဆီယံဟာ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာ အတွင်းမှာ မြန်မာ စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဆောင်ရွက်ခဲ့သလို့၊ စစ်ခေါင်းဆောင်တွေကို နေရာပေးဆက်ဆံတာကို အမြတ်ထုတ်သွားတာမျိုး မဖြစ်အောင်လည်း ထိန်းညှိရတဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံနေပါတယ်။

"မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်သူကို ကိုယ်ပြန်ပြီး အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကနေ မပြောင်းလဲသရွေ့ ကျွန်တော်တို့ မြန်မာစစ်တပ်အတွက် ဝင်ငွေရှာလို့ မရတော့အောင် ဖိအားပေး အရေးယူလို့ရမယ့် နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေနေပါတယ်။"

စစ်ကောင်စီကို အာဆီယံ ထိပ်သီးညီလာခံတွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံတွေမှာ ကိုယ်စားပြု တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တာဟာ အရေးကြီးတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ဒီဆုံးဖြတ်ချက်အတိုင်း ဆက်ထားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ၊ အာဆီယံ တစ်ခုတည်းနဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ ဥပမာ အမေရိကန်နိုင်ငံဟာ မြန်မာ့အရေးအတွက် ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ထောက်ခံနေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မကြာခင်က မြန်မာနိုင်ငံ အကျပ်အတည်းကို ကိုင်တွယ်ဆောင်ရွက်ဖို့ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချလိုက်တာကိုလည်း အမေရိကန်နိုင်ငံက ထောက်ခံနေပါတယ်။ ကျွန်တော်တို့အနေနဲ့ အာဆီယံ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေနဲ့လည်း နှစ်နိုင်ငံချင်း ဆောင်ရွက်နေပါတယ်။ သြစတြေးလျ၊ ယူကေနဲ့ ဥရောပသမဂ္ဂတို့နဲ့ ပူးပေါင်းပြီး၊ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် လောင်စာဖြစ်စေတဲ့ ဝင်ငွေတွေရှာဖို့ ပိုပြီး ခက်ခဲလာအောင် အတူတကွ ပူးပေါင်းပြီး ဖိအားပေးဆောင်ရွက်သွားဖို့ လုပ်နေပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံ အင်အားစုတွေပိုပြီး အင်အားကောင်းလာအောင် အားပေးကူညီသွားဖို့နဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်သွားဖို့ လုပ်နေပါတယ်။ ဒါတွေ အားလုံးက မြန်မာပြည်သူတွေရဲ့ အနာဂတ်ပိုကောင်းလာအောင်အတွက် အကူအညီပေးနိုင်ဖို့ ဘက်ပေါင်းစုံက ချဉ်းကပ်ဆောင်ရွက်သွားဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။"

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေ ဆန္ဒပြနေကြစဉ်။ (Photo: RFA)

RFA - နောက်ပြီးတော့ နိုင်ငံပိုင်မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဟာ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရှာပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက MOGE ကို ပိတ်ဆို့အရေးယူဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့ မကြာခင်က ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေက MOGE အဖွဲ့အစည်းတစ်ခုလုံးကို ချမှတ်တာမဟုတ်ဘဲ ထိပ်ပိုင်း ခေါင်းဆောင်နှစ်ဦးကိုပဲ ချမှတ်ထားတာ ဖြစ်နေပါတယ်။ ဒါက လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။

ဒဲရစ်ချောလက် - ကျွန်တော်တို့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ဝင်ငွေရှာဖို့ ခက်သထက် ခက်ခဲလာအောင် လုပ်လို့ရမယ့် နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ အမေရိကန်နိုင်ငံဟာ ကမ္ဘာအရပ်ရပ်က မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး၊ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း အမျိုးမျိုးအပေါ် ပိတ်ဆို့အရေးယူမှုပေါင်း ၈ဝ ကျော် ချမှတ်ထားပါတယ်။ နောက်ဆုံး ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုမှာ ပထမဆုံး အနေနဲ့ MOGE နဲ့ ဆက်စပ်နေတဲ့ သူနှစ်ဦး ပါဝင်လာခဲ့ပါတယ်။ ဒါက မြန်မာပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေမရတော့အောင် ဆက်ပြီး ဖိအားပေးသွားမဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ဒီလို ဆိုးဝါးတဲ့ လုပ်ရပ်တွေကနေ မပြောင်းလဲသရွေ့ သူတို့ကို အရေးယူဖို့ နည်းလမ်းတွေလည်း ဆက်လက်ပြီး ရှာဖွေသွားမှာ ဖြစ်ပါတယ်။ 

Photo: RFA

RFA - MOGE လိုအဖွဲ့အစည်းတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်မှု ရှိနေပါတယ်။ ဒါကြောင့်မို့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက အကျပ်အတည်းထက် ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးအတွက် MOGE အဖွဲ့အစည်းတစ်ခုလုံးကို ပိတ်ဆို့အရေးယူမှု မလုပ်နိုင်တာလို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ဒဲရစ်ချောလက် - ထိုင်းနိုင်ငံဟာ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံအတွက် အရေးကြီးတဲ့ မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်နဲ့ သဘောတူ စာချုပ်ချုပ်ထားတဲ့ မဟာမိတ် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာလည်း ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ အာဆီယံ အဖွဲ့ဝင်လည်းဖြစ်တယ်။ မြန်မာနိုင်ငံနဲ့လည်း ရှည်လျှားတဲ့ နယ်နိမိတ်နဲ့ ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာမဲ့ အရေးကို လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာရော၊ အရင် ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာပါ စိုးရိမ်ပူပန်နေခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ထိုင်းနိုင်ငံနဲ့ အနီးကပ်အလုပ်လုပ်နေပါတယ်။ ဒါ့အပြင် ဘယ်လို ပိတ်ဆို့အရေးယူမှုမျိုးပဲလုပ်လုပ် မြန်မာနိုင်ငံတွင်းက ပြည်သူတွေ ပိုပြီးဆင်းရဲဒုက္ခရောက်ကြတာမျိုး မဖြစ်ရအောင်လည်း သတိထားနေပါတယ်။

မြန်မာ စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့ ဘယ်လို ခြေလှမ်းမျိုးပဲ လှမ်းသည် ဖြစ်စေ၊ မြန်မာနိုင်ငံတွင်းမှာ အခြေအနေတွေ ပိုဆိုးသွားတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါက မြန်မာစစ်တပ်ကို ဖိအားပေး အရေးယူဖို့ ကြိုးစားတဲ့နေရာမှာ ထည့်စဉ်းစားရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ စောစောက ပြောသလိုပဲ မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်သူကို ကိုယ်ပြန်ပြီး အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကနေ မပြောင်းလဲသရွေ့ ကျွန်တော်တို့ မြန်မာစစ်တပ်အတွက် ဝင်ငွေရှာလို့ မရတော့အောင် ဖိအားပေး အရေးယူလို့ရမယ့် နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေနေပါတယ်။

RFA - အခုအချိန်မှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ၊ ခိုလှုံခွင့် လျှောက်ထားသူတွေ အမြောက်အများဟာ ထိုင်းနိုင်ငံမှာ ရောက်နေပါတယ်။ သူတို့ထဲက တော်တော်များများဟာ စစ်ရေးပဋိပက္ခတွေကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပေမဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရဘဲ ဖြစ်နေပါတယ်။ ဒုက္ခသည် status ရသွားတဲ့ သူတွေကလည်း တတိယနိုင်ငံတွေကို ပြောင်းရွှေ့ခွင့်ရဖို့ အချိန်တော်တော်ကြာအောင် စောင့်ဆိုင်းနေရပါတယ်။ ဒီ အခက်အခဲတွေအတွက် အမေရိကန်နိုင်ငံက ဘာတွေလုပ်ပေးနေပါသလဲ။

ဒဲရစ်ချောလက် - ကျွန်တော်တို့ ထိုင်းနိုင်ငံနဲ့ရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပါ အတူအလုပ်လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်သီတင်းပတ်ကပဲ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက လက်ခံထားတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ့နဲ့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့နောက် အဲဒီမှာ နေထိုင်ရတဲ့ အခြေအနေတွေနဲ့ သူတို့ကိုနေရပ်ပြန်ပို့နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ တစ်ချိန်မှာတော့ သူတို့အားလုံး နေရပ်ပြန်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ ဖြစ်ချင်တာကလည်း အဲဒီလို နေရပ်ပြန်နိုင်ဖို့ပဲ ဖြစ်မှာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတဲ့အတွက် မပြန်နိုင်သေးတာပါ။ ဒါကြောင့် စဉ်ဆက်မပြတ် ဆက်လက်ပြီး ဆွေးနွေး ပြောဆိုသွားဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေကို ကူညီလို့ရမယ့် နည်းလမ်းတွေ ရှာဖွေနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း နေရပ်စွန့်ခွာထွက်ပြေးလာပြီး နိုင်ငံနယ်နိမိတ်ကို မကျော်ဖြတ်ရသေးတဲ့ IDPs တွေကိုလည်း ကူညီနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးတွင် တိမ်းရှောင်နေရသည့် လေးကေ့ကော်ဒေသ စစ်ဘေးဒုက္ခသည်များကို တွေ့ရစဉ်။ (Photo: Citizen Journalist)

"နေ့စဉ်နေ့တိုင်း စစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်နေပါတယ်။"

RFA - မြန်မာပြည်သူတွေအနေနဲ့ပေါ့၊ စစ်အာဏာသိမ်း သုံးနှစ်ပြည့်အထိမ်းအမှတ်ကို မကြုံရတော့ဖို့ မျှော်လင့်ပါတယ်လို့ လူကြီးမင်းက ပြီးခဲ့တဲ့ စစ်အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့မှာ ပြောသွားတာ တွေ့ရပါတယ်။ အဲဒီလို အမှန်တကယ်ဖြစ်လာဖို့ ဘယ်လောက်များ မျှော်လင့်ချက် ရှိပါသလဲ။

ဒဲရစ်ချောလက် - မြန်မာနိုင်ငံအတွင်းက အခြေအနေတွေ ဘယ်လောက်တောင် ခက်ခဲနေသလဲဆိုတာကို ကျွန်တော်တို့အားလုံး လက်တွေ့ကျကျ လက်ခံဖို့ လိုပါတယ်။ နေ့စဉ်နေ့တိုင်း စစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်နေပါတယ်။ တစ်ချိန်တည်းမှာ နိုင်ငံတကာ အသိုက်အဝန်းဘက်မှာလည်း အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်အနေနဲ့ ဖြစ်ဖြစ်၊ အာဆီယံရဲ့ ဆောင်ရွက်ချက်တွေ အနေနဲ့ဖြစ်ဖြစ် စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီပဋိပက္ခ တိုက်ခိုက်မှုတွေ ရပ်တန့်သွားတာ မြင်ချင်ကြပါတယ်။

ကျွန်တော်တို့အားလုံး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာတာ မြင်ချင်ကြပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေမှာ ရှိတဲ့ အလားအလာကောင်းတွေအားလုံး အကောင်အထည် ပေါ်လာတာကိုလည်း မြင်ချင်ကြပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုလည်း လက်ခံဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနိုင်ငံခြားရေးဌာနကို ကိုယ်စားပြုပြီး ပြောနိုင်တာကတော့၊ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း မြန်မာပြည်သူတွေရဲ့ ဘဝအခြေအနေတွေကို ပိုကောင်းလာအောင် ဘယ်လိုလုပ်ပေးလို့ ရမလဲဆိုတာ စိတ်ထဲမှာထည့်ထားပြီး အလုပ်လုပ်နေကြပါတယ်။ ဒီရာထူးမှာ ရှိနေသရွေ့ အဲဒီအတိုင်းပဲ ဆက်လုပ်သွားမယ် ဆိုတာပါပဲ။"

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org