ဒေါ်နယ်ထရမ့်လက်ထက် မြန်မာ့အရေးစိတ်ဝင်စားမှုနည်းနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.11.17

မြန်မာဒုက္ခသည်တွေ အမေရိကန်မှာ ရွှေ့ပြောင်းနေရာချထားဖို့ ခေါ်ယူတဲ့ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက အရေအတွက် လျှော့ချတာ ဒါမှမဟုတ် လုံးဝလည်း ရပ်ဆိုင်းလိုက်နိုင်တယ်လို့ ထိုင်းအခြေစိုက် လူ့အခွင့်အရေးကျွမ်းကျင်သူ Phil Robertson က ပြောပါတယ်။ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်မှာ အမေရိကန်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ကဏ္ဍငယ်ကပဲ ပါဝင်နိုင်လိမ့်မယ်လို့ RFA နဲ့ မေးမြန်းချိန်မှာ ပြောပါတယ်။ Phil Robertson ကို ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA: ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းနေရာချထားပေးတဲ့ အစီအစဉ်ကို ဒေါ်နယ်ထရမ့်အစိုးရက လုံးဝ ရပ်ဆိုင်းလိုက်နိုင်တယ်လို့ ထိုင်းမီဒီယာတစ်ခုကို ပြောခဲ့တာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပေးလို့ ရမလား။

■ ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေထဲက တော်တော်များများကို အမေရိကန်မှာ နေရာချထားဖို့ ထိုင်းနဲ့ အမေရိကန် အစိုးရတွေအကြား သဘောတူထားတာ ရှိပါတယ်။ ဒီလိုခေါ်ယူဖို့ နှစ်နိုင်ငံ ဆွေးနွေးပြောဆိုနေတာ တော်တော်များများ သိထားကြပြီး ဖြစ်ပါတယ်။ ထရမ့်အစိုးရက ဒုက္ခသည်တွေ ခေါ်ယူတာ အားမပေးပါဘူး။ ဒါကြောင့် အမေရိကန်ရဲ့ ဒုက္ခသည် ခေါ်ယူရေးဟာ ဒေါ်နယ်ထရမ့်အစိုးရရဲ့ သားကောင်ဖြစ်သွားတဲ့ အစီအစဉ်တွေထဲက တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒုက္ခသည်တွေ လက်ခံတာကို နေ့ချင်းညချင်း မရပ်လိုက်ရင်တောင် အရေအတွက် အတော်များများလျှော့ချနိုင်ပါတယ်။ အခုဆိုရင် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အကြီးဆုံးရန်သူအဖြစ် သတ်မှတ်ခံထားရတဲ့ အကြီးတန်းအကြံပေး စတီဖင် မေလာ (Stephen Miller) ကို ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် လက်ထောက်အရာရှိချုပ်ခန့်ဖို့ ရွေးလိုက်တာ တွေ့ရပါတယ်။ ဒါက တော်တော်လေး အရေးပါပြီး သြဇာအာဏာရှိတဲ့ ရာထူးဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ ဒေါ်နယ်ထရမ့် အစိုးရက မျက်နှာသာပေးတဲ့ အလွန်နည်းပါးတဲ့ လူအုပ်စုတချို့တော့ ရှိတတ်ပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေနဲ့ မြန်မာ တိုင်းရင်းသားတွေဟာ ဒီလိုမျက်နှာသာပေးခံရတဲ့အထဲ ပါလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။

RFA: ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးတဲ့အထဲမှာ အမေရိကန်ကို တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို ပစ်မှတ်ထား ဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်။ မြန်မာဒုက္ခသည်တွေလို တရားဝင် ရောက်လာတဲ့သူတွေအတွက် ဘာလုပ်မယ်ဆိုတာ ပြောထားတာ မတွေ့ရပါဘူး။

■ အခုအထိတော့ ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် ဒေါ်နယ်ထရမ့်က အခု ရွေးကောက်ပွဲမှာ အနိုင်ရတာက ပိုပြီး အားကောင်းပါတယ်။ သူ့ ပထမသက်တမ်း ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ အတွင်းမှာ ကမ္ဘာအရပ်ရပ်က ဒုက္ခသည်တွေ ခေါ်ယူတဲ့ အရေအတွက်ကို ၁၂ဝဝဝဝ ကနေ ၃ဝဝဝဝ အထိ လျှော့ချခဲ့တာကို ကြည့်ရင် သူဘာလုပ်မလဲ သိနိုင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူသာထပ်ပြီး အနိုင်ရခဲ့ရင် ဒုက္ခသည် ခေါ်ယူတဲ့ အစီအစဉ်အားလုံးကို ဖျက်သိမ်းခဲ့နိုင်ပါတယ်။ ဒေါ်နယ်ထရမ့် အစိုးရရဲ့ ‘အမေရိကန် ပထမ’ မူဟာ တရားဝင်ဖြစ်ဖြစ်၊ တရားမဝင်ပဲ ဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုကို ပြည်ပက ရွှေ့ပြောင်း ဝင်ရောက်လာတဲ့ သူတွေ အားလုံးကို မလိုလားတဲ့ သဘောထားရှိပါတယ်။ သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်မှာ ဆွေးနွေးနေတဲ့ ထိုင်းနယ်စပ် ဒုက္ခသည်စခန်း ကိုးခုက ဒုက္ခသည် ခြောက်သောင်းကျော်၊ ခုနစ်သောင်းလောက်ကို အမေရိကားမှာ နေရာချထားဖို့ကတော့ အကောင်အထည်ပေါ်လာမှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်။ အတိတ်ကလို အမေရိကန်ကို မြန်မာဒုက္ခသည်တွေ အများဆုံးခေါ်ယူတဲ့ နိုင်ငံအဖြစ် မှီခိုအားထားလို့ မရတော့ပါဘူး။


ဆက်နွှယ်သောသတင်းများ

ရွေးကောက်ပွဲအပြီး အမေရိကန်အစိုးရသစ်နဲ့ မြန်မာ့အရေး အလားအလာ

ထရမ့်လက်ထက် မြန်မာကိုဆက်လက်ထောက်ခံအားပေးဖို့ NUG မျှော်လင့်

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် အပေါ် ပြည်ပရောက်မြန်မာတွေရဲ့ အမြင်



RFA: ဒီလိုမျိုး ထရမ့်အစိုးရက ဒုက္ခသည်တွေ ခေါ်ယူတဲ့ အရေအတွက် လျှော့ချတာ၊ ဒါမှမဟုတ် လုံးဝရပ်တန့်လိုက်တယ်ဆိုရင် တကယ်တမ်းဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်မယ်လို့ ထင်ပါသလဲ ခင်ဗျ။

■ ဒီနေရာမှာ တစ်ခုရှင်းအောင် ပြောပါရစေ။ ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချနေထိုင်ခွင့်ပေးတာက လူ့အခွင့်အရေးမဟုတ်ပါဘူး။ ဒါဟာ လူ့အခွင့်အရေးအစီအစဉ်တစ်ခုအနေနဲ့ လုပ်နေတာ မဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ကတော့ ခိုလှုံခွင့်ရဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေအတွက် ရွေးစရာ နည်းသွားပါလိမ့်မယ်။ ဒုက္ခသည်တွေကို အရေအတွက် အတော်များများ ခေါ်နေတဲ့ အမေရိကန်လို နိုင်ငံက ဆက်ပြီး မခေါ်တော့ရင် တတိယနိုင်ငံမှာ အခြေချခွင့်ရဖို့ စောင့်နေတဲ့သူတွေအတွက် ပိုခက်ခဲလာနိုင်ပါတယ်။

RFA: ဒေါ်နယ်ထရမ့် အစိုးရအနေနဲ့ ဒုက္ခသည်တွေခေါ်ယူရေး အပါအဝင်ပေါ့၊ မြန်မာနိုင်ငံအရေးကို အရေးတယူ ဆောင်ရွက်လာတာမျိုး ဖြစ်နိုင်မလား။

■ မြန်မာနိုင်ငံက အခြေအနေတွေဟာ ဆိုးဝါးနေဆဲ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒေါ်နယ်ထရမ့်အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထူးထူးခြားခြား စိတ်ဝင်စားကြောင်း ပြသလာလိမ့်မယ်လို့ မထင်ပါဘူး။ သူက မြန်မာနိုင်ငံ ဘယ်နားရှိသလဲ ဆိုတာတောင် သိမယ်မထင်ပါဘူး။ သူ စိတ်ဝင်စားတာ နှစ်နိုင်ငံ ကုန်သွယ်ရေးပဲ။ စီးပွားရေး အကျိုးအမြတ်ဘာရှိမလဲ ဆိုတာပဲ စိတ်ဝင်စားတဲ့သူ ဖြစ်ပါတယ်။ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ပမာဏအလွန်နည်းပါတယ်။ သူ့ပထမ သမ္မတသက်တမ်းကို ပြန်ကြည့်ရင်လည်း ဒေါ်နယ်ထရမ့်ဟာ လူ့အခွင့်အရေးကို အမေရိကန်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒမှာ အရေးကြီးကိစ္စအနေနဲ့ မထည့်သွင်းခဲ့ပါဘူး။ ဒါကြောင့် ရှေ့လျောက် အမေရိကန်ဟာ မြန်မာ့အရေးမှာ အခန်းကဏ္ဍငယ်ကနေပဲ ပိုပါဝင်တော့မယ် ဆိုတာ မြန်မာပြည်သူတွေ နားလည်လက်ခံဖို့ လိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။