၂ဝ၁၅ အထွေထွေရွေးကောက် ပွဲကို မဖြစ်မနေကျင်းပမယ့် အကြောင်း မေးမြန်းချက်
လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒီနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ဒေသခံ နိုင် ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ ကတိပေးပြောကြား လိုက်ပါတယ်။
-
2015-01-26 -
-
-
Your browser doesn’t support HTML5 audio
လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ဒေသခံ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ ကတိပေးပြော ကြားလိုက်ပါတယ်။
ဒီနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုကျော်သူ။ ။အန်တီဒေါ်ခင်မိုးမိုးခင်ဗျ ဒီနေ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး နဲ့ တောင်ကြီးမြို့က နိုင်ငံရေးပါတီတို့ တွေ့ဆုံကြရာမှာပေါ့လေ ၂ဝ၁၅ ရွေးကောက်ပွဲအတွက်ကို ဘာတွေ များဆွေးနွေးဖြစ်ခဲ့ကြလဲဗျ။
ဒေါ်ခင်မိုးမိုး။ ။ကော်မရှင်ဥက္ကဌကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ တစ်ချို့တွေက စိုးရိမ်ပူပန် တာတွေရှိတယ်ပေါ့၊ နောက်ပြန်လှည့်သွားမှာတို့၊ ရွေးကောက်ပွဲကြီးကို ရွေ့ဆိုင်းလိုက်မှာတို့ အဲ့လိုပြောနေတာတွေ လည်း ကြားရပါတယ်၊ စိတ်မပူပါနဲ့တဲ့ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မှာပါတဲ့၊ ရွေးကောက်ပွဲသက်တမ်းဟာ အခုလွှတ်တော်သက်တမ်းက ၂ဝ၁၆ ဇန်နဝါရီ ၃၁ ရက်မှာပြည့်ပါပြီတဲ့၊ ဒီ ၂ဝ၁၆ ဇန်နဝါရီကျော်နေတဲ့ အစိုးရအဖွဲ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားမဝင်တဲ့ အစိုးရအဖွဲ့ဖြစ်လို့ပါတဲ့၊ အဲ့လိုလုပ်ပေးတဲ့နေရာမှာလည်း ကော်မရှင်ဥက္ကဌ အနေနဲ့ တရားမျှတဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်လို့ ဒီနေ့တော့ ကတိပေးပါတယ်ရှင့်၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အားနည်းချက်တွေရှိခဲ့တယ်တဲ့၊ အမှားအယွင်းတွေလည်းရှိခဲ့တယ်တဲ့၊ အထူးသဖြင့် လူထုကပြောနေတဲ့ဟာပေါ့နော် နိုင်ငံရေးပါတီတွေကပြောနေတဲ့ ကြိုတင်မဲကိစ္စတွေပေါ့၊ အဲ့ဒါတွေကို သူရှင်းပြပါတယ်၊ သူကကြိုတင်မဲဆိုတာကတဲ့ ခရီးထွက်မယ့်သူ၊ နာမကျန်းတဲ့သူ၊ ဆေးရုံတက်နေတဲ့သူ၊ အဲ့ဒီလူတွေကနေပြီးတော့ ကြိုတင်မဲပေးမယ်၊ ကြိုတင်မဲကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေကနေပြီးမှ သွားပြီးတော့မဲပုံးထဲမှာ သိမ်းထားရမယ်၊ အဲ့ဒီကြိုတင်မဲကို ရွေးကောက်ပွဲလုပ်တဲ့နေ့ မဲရုံဖွင့်တဲ့မနက် ၆ နာရီမှာ အဲ့ဒီကြိုတင်မဲဟာရောက် ပြီးသားဖြစ်ရမယ်တဲ့၊ အဲ့ဒီ ၆ နာရီရဲ့နောက်ပိုင်းပေါ့နော် မဲရုံပိတ်ချိန်မှရောက်လာတဲ့ ကြိုတင်မဲတွေဟာ အကျုံး မဝင်ပါဘူးတဲ့၊ ကျမတို့ အရင်တုန်းကတော့ မဲရုံပိတ်မှရောက်လာတဲ့ ကြိုတင်မဲတို့ဘာတို့ ရှိခဲ့တယ်ဆိုတာတွေ ဖြစ် ခဲ့ဖူးတာကိုး၊ သူကတော့ ဒီကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ တရားမျှတဆုံး၊ အမှန်ကန် ဆုံးဖြစ်အောင်လို့ သူတို့အစီအစဉ်တွေချပြီးတော့ လုပ်နေပါတယ်လို့ ပြောပါတယ်။
ကိုကျော်သူ။ ။အန်တီတို့ ဒေသခံနိုင်ငံရေးပါတီတွေဘက်ကရော တင်ပြဆွေးနွေးခဲ့တာတွေရော ဘာတွေများရှိပါသလဲ အန်တီ။
ဒေါ်ခင်မိုးမိုး။ ။ရှိတယ်ရှင့် ၉ ပါတီတက်တဲ့အထဲမှာ ကျမတို့ပါတီလည်း မဆွေးနွေးပါဘူး၊ SNLD က ဦးစိုင်းလင်းမြတ်ကနေပြီးတော့မှ PR စနစ်ရယ်၊ FPTP ဘယ်စနစ်နဲ့သွားမလဲဆိုတာကို မေးပါတယ်၊ ကော်မရှင် ဥက္ကဌကတော့ ဒီ PR စနစ်ကို လက်ခံတယ်ဆိုပြီး အမျိုးသားလွှတ်တော်က ဆုံးဖြတ်ထားတယ်၊ အဲ့ဒီဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံခုံရုံးကိုတင်ထားတယ်၊အဲ့ဒီဟာက ပြန်မကျသေးဘူး၊ ဒါကြောင့်မို့လို့ PR စနစ်သုံးမလားဆိုတဲ့ဟာက မပြတ်သားသေးပါဘူးတဲ့၊ အပြတ်မထွက်သေးပါဘူးလို့ ပြောပါတယ်၊ ခြိမ်းခြောက်ပြီးတော့မဲဆွယ်တာတွေပေါ့ အထူးသဖြင့် ရှမ်းပြည်ဘကမှာရှိတယ်၊ သူတို့ပါတီကို မဲမထည့်လို့ရှိရင် ဘာဖြစ်မယ်လာဖြစ်မယ် ခြိမ်းခြောက်တဲ့ ဟာတွေပေါ့၊ အသက်အန္တရာယ်စိုးရိမ်ရတယ်၊ နောက်တစ်ခါ တစ်ချို့ပါတီတွေကကျတော့လည်း ငါတို့ကိုမဲထည့်ရင် ငါတို့က ဘိန်းစိုက်ခွင့်ပေးမယ်၊ အဲ့ဒီလိုမျိုး ခြိမ်းခြောက်တာပေါ့နော်၊ လွှမ်းမိုးတာတို့ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ ပ.အ.မ.ဖ က ခွန်မျိုးမြင့်ဆိုတဲ့ ဒုဥက္ကဌက တင်ပြပါတယ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကနေပြီတော့မှ အဲ့လိုဘိန်းစိုက်ခွင့် ပေးတာတွေပါတွေပေါ့နော်၊ အဲ့လိုခြိမ်းခြောက်တယ်ဆိုလို့ရှိရင်တဲ့ အခန်း(၁၃)နဲ့ (၁၄)ကိုသေချာ ကြည့်ပါပေါ့၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေမှာဖြစ်လိမ့်မယ်၊ ခြိမ်းခြောက်တယ်ဆိုလို့ရှိရင်ပေါ့ ရဲအရေးပိုင်တဲ့ အတွက်ကြောင့် အမှုဖွင့်ပါပေါ့၊ ကော်မရှင်ကိုလည်းတိုင်ပါ၊ တိုင်ရင်သူတို့စစ်ပါ့မယ်ပေါ့၊ တကယ်တမ်းခြိမ်းခြောက်တာ မှန်ရင် ခြိမ်းခြောက်ခံပြီး ရှုံးသွားတယ်ဆိုရင် ခြိမ်းခြောက်ကြောင်းလည်း ပေါ်လွင်ရင် သူကရှုံးသွားတဲ့ ဒုတိယရတဲ့လူကို သူတို့အနိုင်ပေးပါ့မယ်တဲ့၊ ကော်မရှင်ဥက္ကဌက အဲ့လိုပြောပါတယ်၊ ဒီဘက်မှာကတော့ ခြိမ်းခြောက်တာကို သွားတိုင်ဖို့ မပြောနဲ့ ဒီမှာတင် သူသူကိုယ်ကိုယ် အသက်ပါပါသွားမှာလေ။
ကိုကျော်သူ။ ။အဲ့ဒီကော်မရှင်ဥက္ကဌ ဦးတင်အေးက တောင်ကြီးမြို့မှာ ဒီလိုမျိုးလာရောက်ပြီးတော့ အန်တီ တို့ကိုကတိပေးပြောသွားတဲ့ ကစ္စတွေနဲ့ပတ်သက်ပြီးတော့ အန်တီ့အနေနဲ့ကရော ဘယ်လိုမျိုးသုံးသပ်ပြောကြားချင်ပါ သလဲဗျ။
ဒေါ်ခင်မိုးမိုး။ ။တစ်ချို့ဟာတွေကျတော့လေ ကော်မရှင်ဥက္ကဌကတော့ သူကလူကြီးအနေနဲ့ ပေးသွားတဲ့ ကတိတွေပေါ့၊ တကယ်လက်တွေ့မှာ ဖြစ်လာရင်တော့ကောင်းပါတယ်၊ ကျမတို့ ၂ဝ၁၂ မှာလည်း ကျမတို့အတွေ့အကြုံ ရှိပါတယ်၊ ဥပမာ ကလောမြို့နယ်ပေါ့ ကလောမြို့နယ်မှာ မဲစာရင်းမပါတဲ့လူတွေ၊ မဲစာရင်းမပါလို့ ကျမတို့ အဲ့ဒီတုန်း ကတော့ မဲစာရင်းမပါဘူး၊ မှတ်ပုံတင်ရှိတယ်၊ အဲ့ဒီလူတွေအတွက်ကို ကျမတို့ကိုယ်တိုင်လည်း မဲရုံတွေမှာလိုက်ပြီး ကြီးကြပ်တော့ ကျမတို့သွားပြောပေးတယ်၊ ဒါပေမယ့် မဲပေးခွင့်မရခဲ့ဘူး၊ မှတ်ပုံတင်မရှိလို့ မဲစာရင်းမပါလို့ မှတ်ပုံတင်ရှိ တာတောင် မရခဲ့ဘူး၊ အခုကော်မရှင်ဥက္ကဌ ပြောတဲ့ဟာကတော့ သိပ်ကိုတော့လွယ်ကူနေတယ်၊ အမှန်တကယ်ဖြစ် မဖြစ်ဆိုတာ ကျမတို့ကတော့ ဆက်ပြီးစောင့်ကြည့်ရမယ့်အနေအထား ဖြစ်နေတယ်။
ကိုကျော်သူ။ ။အန်တီ အခုလိုဖြေကြားပေးတာ ကျေးဇူးပါအန်တီ။
ဒေါ်ခင်မိုးမိုး။ ။ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါရှင့်။