အင်းလေး ရေပေါ်စိုက်ခင်းတွေကြားက မိခင်ကို လုပ်ကျွေးနေတဲ့ "ဖယောင်း"
- 2023-05-22
-
-
-
ကိုးတန်းဆက်မတက်နိုင်လို့ ကျောင်းထွက်လိုက်ပြီးတဲ့နောက် ဖယောင်းဟာ အင်းလေးကန်ရဲ့ ရေပေါ်ကျွန်းမျော ခရမ်းချဉ်သီးစိုက်ခင်းတွေကြားမှာ အလုပ်လုပ်နေပါတယ်။
မနက် ၇ နာရီမထိုးခင် အိမ်ကထွက် နေပူပူမှာ ခြေနဲ့လှေလှော်ခတ်ရင်း ညနေနေဝင်ချိန်အထိ ခရမ်းချဉ်သီးခူး၊ ပေါင်းနုတ်နဲ့ တစ်နေ့တာ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရတာပါ။
ဒီအလုပ်ကနေ တစ်နေ့ကို ပိုက်ဆံ ၆ဝဝဝ ကျပ် ရပါတယ်။ အဲဒီဝင်ငွေဟာ နှလုံးရောဂါသည် မိခင်ကြီးအတွက် ဆေးဖိုးလည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဖယောင်းဟာ အမျိုးသားကနေ အမျိုးသမီးလို ဝတ်စားဆင်ယင်တဲ့ LGBTQ တစ်ဦးပါ။
အလုပ်အကိုင်ရှားပါးတဲ့ဒေသမှာ ဝမ်းရေးအတွက် အဆင်ပြေသလို ဖြေရှင်းနေရပေမဲ့ သူ့မှာ အိပ်မက်တစ်ခု ရှိပါတယ်။ မိတ်ကပ်အလှဖန်တီးရှင်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။
ခရမ်းချဉ်သီးခူး၊ ပေါင်းနုတ်တဲ့ အလုပ်လုပ်နေပေမဲ့ သူဝါသနာပါတဲ့ မိတ်ကပ်ပညာကိုတော့ မစွန့်လွှတ်လိုက်ဘဲ အလုပ်တစ်ဖက်နဲ့ သင်ယူခဲ့ပါတယ်။
အခုတော့ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ အင်းလေးကန် အနီးတစ်ဝိုက်ရွာတွေမှာ ရှင်ပြု၊ အလှူမင်္ဂလာပွဲတွေ ရှိလာရင် မိတ်ကပ်ပြင်ဖို့အတွက် ဖယောင်းကို သတိတရရှိနေကြပါပြီ။
အမျိုးသမီးလို ဝတ်စားဆင်ယင်တဲ့ ဖယောင်းအတွက် လူမှုပတ်ဝန်းကျင်မှာ နေထိုင်ရတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဖယောင်းစိတ်ဓာတ်မကျပါဘူး။
''လူတွေကမြင်ရင် ဟာ နင်မရှက်ဘူးလား၊ ယောက်ျားဖြစ်ပြီးတော့ အဲလိုမျိုး မိန်းကလေး လုပ်နေတာ မရှက်ဘူးလား တဲ့။ ဒါပေမဲ့ ကိုယ်က မကောင်းတာလုပ်နေတာမှ မဟုတ်တာပဲ၊ အဲလိုမျိုး မိန်းကလေးလို နေတာ မကောင်းတာ လုပ်နေတာမှ မဟုတ်တာ၊ ကိုယ်ကိုယ့်ကိုယ် ယုံကြည်ချက်နဲ့ အဲ့လိုမျိုးနေတာပေါ့"
ရေပေါ်ကျွန်းမျော ခရမ်းချဉ်သီးစိုက်ခင်းတွေမှာ အလုပ်လုပ်ရင် အမျိုးသားတစ်ဦးရဲ့ လုပ်အားခက တစ်ရက်ကို ၉ဝဝဝ ကျပ်၊ အမျိုးသမီးတစ်ဦးရဲ့ လုပ်အားခတစ်ရက်ကို ၆ဝဝဝ ကျပ်လို့ သတ်မှတ်ထားပေမဲ့ ဖယောင်းရတဲ့ဝင်ငွေကတော့ အမျိုးသမီးတွေနဲ့တန်းတူပါ။
ခရမ်းချဉ်သီးခြံပိုင်ရှင်တွေက ဖယာင်းတို့ခူးတဲ့ အသီးတွေကို ညောင်ရွှေမြို့ပေါ် ဒိုင်တွေကနေတစ်ဆင့် ရန်ကုန် မန္တလေးလို အချက်အချာကျတဲ့ မြို့တွေဆီကို အဓိက တင်ပို့ရောင်းချနေပါတယ်။