ရွှေတိဂုံစေတီတော်မှာ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ ပြန်လည်ကျင်းပ
နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်မဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာဘုရားကို ကပ်လှူပူဇော်ဖို့ နိုဝင်ဘာ ၁၄ ရက်နေ့ညမှာ သင်္ဃန်းတွေ ရက်လုပ်ကြပါတယ်။
-
RFA Burmese
2024-11-14 -
-
-
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်က ရွှေတိဂုံစေတီတော်မှာ ကိုဗစ်ကပ်ရောဂါကာလကတည်းက ရပ်နားထားတဲ့ မသိုးသင်္ဃန်းကပ်လှူပူဇော်ပွဲကို ဒီနှစ် ပြန်လည်ကျင်းပခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်မဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာဘုရားကို ကပ်လှူပူဇော်ဖို့ နိုဝင်ဘာ ၁၄ ရက်နေ့ညမှာ သင်္ဃန်းတွေ ရက်လုပ်ကြပါတယ်။
အရင်က အခုလိုပွဲတော်ရက်မှာ လူငယ်၊ လူရွယ်တွေ ပါဝင်ဆင်နွှဲခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ပညာတတ်လူငယ်တွေ ပါဝင်တာ အရမ်းနည်းသွားတယ်လို့ မသိုးသင်္ကန်းကပ်လှူပွဲမှာ ပါဝင်ကြတဲ့ အသင်းတွေက ပြောပါတယ်။
"အရင်နှစ်တွေက ရက်လုပ်ပါဝင်ခဲ့တဲ့ လူငယ်တော်တော်များများ အခုအချိန်မှာ မရှိကြတော့ဘူး။ ပြည်ပကို ထွက်သွားတဲ့သူနဲ့၊ အာဏာသိမ်းလို့ PDF ထဲကို ရောက်သွားတာနဲ့ ပါဝင်ခဲ့တဲ့ ပညာတတ်လူငယ်တွေ မရှိတော့လို့ အများအားဖြင့် အသက်ကြီးသူတွေပဲ လုပ်နေရတယ်"လို့ မသိုးသင်္ကန်းရက်လုပ်နေတဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းကပ်လှူပွဲဟာ ကြက်ပျံမကျစည်ကားတဲ့ ပွဲတော်ဖြစ်ခဲ့ပေမဲ့ အခုတော့ လာရောက်သူ နည်းပါးလွန်းတယ်လို့ မြောက်ဥက္ကလာပကနေ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ လာရောက်သူတစ်ဦးက ပြောပါတယ်။
ဗိုလ်တထောင်စေတီနဲ့ ရွှေတိဂုံစေတီမှာ တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း နှစ်စဉ်မသိုးသင်္ကန်းကပ်လှူလေ့ ရှိပါတယ်။
ရွှေတိဂုံစေတီတော်မှာတော့ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို ၂ဝ၁၉ ခုနှစ်မှာ ၃၅ ကြိမ်မြောက်အဖြစ် နောက်ဆုံးကျင်းပခဲ့တာပါ။ အဲဒီနောက် ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းအပြီး ၂ဝ၂၁ ခုနှစ်ကစလို့ ငါးနှစ်ကြာ ရပ်နားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် (တန်ဆောင်မုန်းလပြည့် အဖိတ်နေ့)မှာမှ ၃၆ ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို ပြန်လည်ကျင်းပတာဖြစ်ပါတယ်။