ဒူဘိုင်းမှာရောင်းစားခံရတဲ့ မြန်မာအိမ်အကူများ
နေရိန်ကျော်၊ ဂမနူ အမရာဆင်း
၂၀၂၂ ဒီဇင်ဘာ ၂၁
မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာကနေ ထွက်ပြေးခဲ့ရတဲ့ မသိင်္ဂီစိုးဟာ မိသားစုနဲ့အတူ မိုးထဲရေထဲ တောတောင်တွေထဲမှာ တစ်လနီးပါး ပုန်းခိုနေခဲ့ရပါတယ်။ အခုလို ခါးသီးတဲ့ဘဝကနေ လွတ်မြောက်ဖို့အတွက် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ဝေးရာ ပြည်ပနိုင်ငံတစ်နိုင်ငံကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
အဲဒီနောက် UAE လို့ခေါ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ဒူဘိုင်းမြို့မှာ အလုပ်သွားလုပ်ဖို့ ပို့ပေးနိုင်တယ်ဆိုတဲ့ ရန်ကုန်မြို့က အလုပ်ပွဲစားတစ်ယောက်နဲ့ အဆက်အသွယ်ရှိတဲ့ ရွာခံအမျိုးသမီးတစ်ယောက်နဲ့ တွေ့ပါတော့တယ်။ ဒီလိုနဲ့ မသိင်္ဂီစိုးဟာ အိမ်အကူအလုပ်ရဖို့အတွက် ပွဲစားကုမ္ပဏီကို မြန်မာငွေဆယ်သိန်းကြိုတင်ပေးပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဒူဘိုင်းမြို့ကို ရောက်လာပါတော့တယ်။ နေရာသစ်မှာ စိတ်လှုပ်ရှားနေသလို တစ်ဖက်မှာလည်း မိုးမျှော်တိုက်ကြီးတွေ၊ ဖိတ်ဖိတ်တောက်နေတဲ့ ကုန်တိုက်ကြီးတွေရှိတဲ့ ခေတ်မီမြို့ကြီးမှာ အလုပ်တစ်ခုရတော့မယ်ဆိုပြီး မျှော်လင့်ချက်တွေ အပြည့်ရှိနေပါတယ်။
ဒီလိုစိတ်ကူးအိပ်မက်တွေနဲ့ ဒူဘိုင်းကိုရောက်လာခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် မသိင်္ဂီစိုးဟာ မကြာခင်မှာပဲ နောက်ထပ်ဘဝတိုက်ပွဲအသစ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ မြန်မာပြည်ကမထွက်ခင် အလုပ်ပွဲစားကုမ္ပဏီက ပြောလိုက်တဲ့ လစာပမာဏအတိုင်း မရသလို၊ အလုပ်ချိန် တစ်ရက်ကို ၁၆ နာရီလောက် လုပ်ရတဲ့အပြင် ဒူဘိုင်းဘက်မှာလက်ခံတဲ့ လူပွဲစားကုမ္ပဏီတွေရဲ့ အဆင့်ဆင့်ရောင်းစားတာကို ခံလိုက်ရပြီး သူ့အတွက် အကြွေးတွေ တက်သထက်တက်သွားခဲ့ပါတော့တယ်။
“ရွာမှာဆိုရင်တော့ စစ်သားတွေလာရင် ပြေးရပြီ” လို့ မသိင်္ဂီစိုးက တိုးညင်းတည်ငြိမ်တဲ့လေသံနဲ့ ပြောပြပါတယ်။ ဒူဘိုင်းမှာနေရတာလည်း အကူအညီမဲ့နေသလို ခံစားရတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ရွာကိုလွမ်းတဲ့အခါတိုင်း ဒူဘိုင်းမြစ်ကမ်းနဖူးမှာ သွားထိုင်ပြီး မြစ်တစ်ဖက်ကမ်းက ရှေးဟောင်းမြို့တော်နဲ့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ ဘွတ်ရှ်ခါလီဖာ မျှော်စင်ကြီးကို ငေးမောကြည့်ရင်း ကျိတ်ငိုရတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်အစောပိုင်း စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်နေတဲ့အတွက် ပြည်ပထွက်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားတွေထဲမှာ မသိင်္ဂီစိုးလည်း တစ်ယောက်အပါအဝင်ပါ။
၂၀၂၀ ပြည့်နှစ်မှာ မြန်မာပြည်က လူသုံးသန်းခုနစ်သိန်းလောက် ပြည်ပမှာအလုပ်လုပ်ဖို့ ထွက်ခဲ့ကြပြီး အဲဒီအထဲက ၃၇ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာတော့ လူခုနစ်သောင်းထက်မနည်း ပြည်ပကို ထပ်ထွက်လာတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
သိန်းနဲ့ချီတဲ့ ပြည်ပအလုပ်သမားတွေ ကို မှီခိုအားထားနေရတဲ့ ဖိတ်ဖိတ်တောက်နေတဲ့ ဒူဘိုင်းမြို့တော်က နိုင်ငံတကာလေဆိပ်ကို မြန်မာအမျိုးသမီးငယ်တွေ နေ့တိုင်းရောက်လာနေကြပါတယ်။ မြန်မာပြည်ကျေးလက်မှာ ဆီကြိတ်ဆုံလုပ်ငန်းနဲ့ မိသားစုစားဝတ်နေရေး ရပ်တည်နိုင်ခဲ့တဲ့ မသိင်္ဂီစိုးတို့ဟာလည်း စစ်ပွဲတွေကြားမှာ လုပ်ငန်းကိုင်ငန်း ပျောက်သွားတဲ့အတွက် ဒီမြို့ကြီးမှာ အလုပ်လုပ်ပြီး မိဘကိုထောက်ပံ့နိုင်ခွင့်ရဖို့ မျှော်လင့်ခဲ့တာပါ။
တချို့အမျိုးသမီးတွေကတော့ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အုပ်ချုပ်မှုဆိုတဲ့ နှစ်ထပ်ကွမ်းဖိစီးမှုကြောင့် ဖြစ်လာတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ဆင်းရဲမွဲတေမှုဒဏ် ကို အလူးအလဲခံနေရတဲ့ မြန်မာပြည်မှာထက် ပိုပြီး အလုပ်အကိုင်ကောင်းကောင်း ဝင်ငွေကောင်းကောင်း ရကြတဲ့ အမျိုးသမီးတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ အမျိုးသမီးအများစုကတော့ အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့ ကိုယ်မကျွမ်းကျင်တဲ့နေရာသစ်ဒေသသစ်မှာ ပျောက်နေတဲ့လမ်းကို စမ်းတဝါးဝါး လျှောက်လှမ်းနေကြရပါတယ်။
မသိင်္ဂီစိုးဟာ ဒူဘိုင်းကိုရောက်ပြီး သိပ်မကြာခင်မှာပဲ သူမျှော်လင့်ထားတာနဲ့လက်တွေ့နဲ့ ကင်းကွာနေပြီ ဆိုတာကို သိလိုက်ရပါတယ်။ ဒူဘိုင်းကိုရောက်တဲ့ညမှာပဲ ဘဝတူအမျိုးသမီးငယ် ခြောက်ယောက်နဲ့အတူ အလုပ်ရှာပေးတဲ့ပွဲစားကုမ္ပဏီထားတဲ့အခန်းမှာ စောင်တစ်ထည်တည်းကို မျှခြုံပြီး ဖြတ်သန်းခဲ့ရပါတော့တယ်။
တစ်လလောက်ကြာတဲ့အခါမှာတော့ မသိင်္ဂီစိုးဟာ မြန်မာပြည်ကထွက်မလာခင်က တစ်လလုပ်အားခ UAE ဒါရမ်းငွေ တစ်ထောင့်ငါးရာ၊ မြန်မာငွေနဲ့ဆိုရင် ဆယ်သိန်းကျော်ရမယ်လို့ ကတိပေးပြောထားတဲ့အလုပ်ကို ဒါရမ်းငွေတစ်ထောင့်နှစ်ရာ၊ မြန်မာငွေနဲ့ဆိုရင် ကိုးသိန်းသုံးထောင်လောက်ပဲရမယ့် အိမ်ရှင်ဆီမှာ အလုပ်စလုပ်ခဲ့ရပါတော့တယ်။ စစ်အာဏာမသိမ်းခင်က အင်တာနက် လွတ်လွတ်လပ်လပ်သုံးခွင့်ရပြီး၊ လူ့အခွင့်အရေးအတော်အတန်ရလို့ မျက်စိပွင့်နားပွင့် ဖြစ်ခဲ့တဲ့ မြန်မာအမျိုးသမီးတွေထဲက မသိင်္ဂီစိုးဟာ သူ့ရပိုင်ခွင့်ဖြစ်တဲ့ အရင်ကပေးထားတဲ့ကတိအတိုင်း လစာကိုပေးဖို့ တောင်းဆိုခဲ့ပါတယ်။
“ထောင့်နှစ်ရာဆိုမလုပ်နိုင်ဘူးလို့၊ ပြန်မယ်ပေါ့နော်။ ပြန်မယ်ဆိုလို့ရှိရင် (မြန်မာငွေ) ပိုက်ဆံသုံးဆယ့်ရှစ်သိန်း လျော်ရမယ်တဲ့ အဲဒီရုံးက။ ဘာလို့လျော်ရမှာလဲ။ မြန်မာပြည်မှာလည်း ငွေအကျေပေးပြီး လာခဲ့တယ်။ အလုပ်တောင်မလုပ်ရသေးဘူး၊ စာချုပ်တောင်မချုပ်ရသေးဘူး အခုပြန်မယ်ဆိုတာ ဘာလို့လျော်ရမှာလဲလို့ အေးဂျင့်ကို ပြောလိုက်တယ်” လို့ သူက ခပ်ရှင်းရှင်း ခပ်ပြတ်ပြတ်ပဲ ပြောပြပါတယ်။
“ပြန်ချင်တယ်… လို့။ အဲဒါနဲ့ အဲဒီမှာပဲ ငိုလိုက်၊ ရယ်လိုက်နဲ့ပေါ့။ ဒူဘိုင်းရောက်တော့ ကိုယ်ကြိုက်တာကိုယ် ရွေးချယ်လို့မရဘူး”
ဒူဘိုင်းမှာ တစ်နှစ်ကြာတဲ့အထိ အလုပ်အတွက် သူ့ဆန္ဒနဲ့သူ ရွေးချယ်ခွင့်မရခဲ့ပါဘူး။ ဒူဘိုင်းမှာရှိတဲ့ မြန်မာ၊ အီသီယိုးပီးယား၊ ဖိလစ်ပိုင်နဲ့ တခြားလူမျိုးတွေပါတဲ့ အလုပ်ပွဲစားကုမ္ပဏီတွေဟာ မသိင်္ဂီစိုးလို ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးတွေကို ငွေနဲ့ဝယ်နေတာ တွေ့ရပါတယ်။ ပွဲစားတစ်ဖွဲ့ကနေ နောက်တစ်ဖွဲ့ကို အဆင့်ဆင့် ငွေပိုပေးပြီး အလုပ်သမားတွေကို လက်ပြောင်းလက်လွှဲလုပ်နေတဲ့အတွက် သူတို့ဆီကသိမ်းထားတဲ့ နိုင်ငံကူးလက်မှတ် ပတ်စပို့စာအုပ်နဲ့ တခြားလိုအပ်တဲ့စာရွက်စာတမ်းတွေက တန်ဖိုးကြီးသထက် ကြီးလာပါတော့တယ်။

အရှေ့အလယ်ပိုင်းမှာအလုပ်လုပ်နေတဲ့ ကမ္ဘာတစ်လွှားက ဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေမှာ ရေးသားခဲ့ကြပါတယ်။ ဒါကြောင့် အင်ဒိုနီးရှားအစိုးရက ဆော်ဒီအာရေးဗီးယားနဲ့ ပင်လယ်ကွေ့ဒေသကနိုင်ငံတွေမှာ အလုပ်သွားလုပ်မယ့်အမျိုးသမီးတွေကို ၂၀၁၅ ခုနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။
ကာတာနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံရတဲ့အခြေအနေဆိုးတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဘောလုံးကွင်းတွေ အဆောက်အအုံတွေ ဆောက်လုပ်ရင်း လုပ်ငန်းခွင်မှာ အလုပ်သမားငါးရာထက်မနည်း သေဆုံးခဲ့တဲ့အကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သေဆုံးတဲ့အလုပ်သမားအရေအတွက်ဟာ ကမ္ဘာ့ဖလားပွဲအတွက်ပြင်ဆင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ မသက်ဆိုင်ဘူးလို့ ကာတာအစိုးရက ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှာ… ကာတာနိုင်ငံမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း လူငယ်ရွှေ့ပြောင်းအလုပ်သမား ထောင်နဲ့ချီပြီး သေဆုံးခဲ့တယ်၊ ဒီအလုပ်သမားတွေဟာ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပဖို့ တည်ဆောက်ရေးလုပ်ငန်းမှာ မဟုတ်ဘဲ တခြားလုပ်ငန်းတွေမှာ သေဆုံးတာတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ဒီလိုအန္တရာယ်တွေ ရှိနေပေမယ့် ပညာမတတ် အတွေ့အကြုံမရှိရင်လည်း လစာကောင်းကောင်းရနိုင်တယ် ဆိုတဲ့ မက်လုံးစကားတွေက ဆင်းရဲတဲ့တိုင်းပြည်က အလုပ်သမားအတော်များများအတွက် သည်းခြေကြိုက်စရာ ဖြစ်နေတယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး လှုပ်ရှားတဲ့ Migration Policy Institute ပူးတွဲတည်ထောင်သူ Kathleen Newland က ပြောပါတယ်။
“အဲဒီအမျိုးသမီးတွေမှာ သူတို့နေဖို့ ကိုယ်ပိုင်သီးသန့်အခန်း မရှိဘဲ မီးဖိုချောင် ဒါမှမဟုတ် အဝတ်အစားထားတဲ့ အခန်းလေးလို နေရာမျိုးတွေမှာပဲ အိပ်ရတာ၊ ခုနစ်ရက်တစ်ပတ်လုံး အချိန်မရွေး ခိုင်းတဲ့အလုပ် ထလုပ်ရတာ၊ အိမ်ရှင်မိသားစုတွေထဲက ယောက်ျားတွေရဲ့ ခြေတော်တင်ခံရတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရတာ စတဲ့ဖြစ်ရပ်မျိုးတွေ နားနဲ့မဆန့်အောင် ကျွန်မတို့ ကြားဖူးပါတယ်၊ တကယ့်ကို စိတ်မကောင်းစရာတွေပါပဲ” လို့ Newland ကပြောပါတယ်။
ဖိလစ်ပိုင်အပါအဝင် နိုင်ငံအတော်များကတော့ အလုပ်သမားတွေ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရ၊ အကြမ်းဖက်ခံရတာတွေနဲ့ပတ်သက်တဲ့ အထောက်အထားအချက်အလက်တွေ ပေါ်ထွက်လာပြီးနောက်မှာ သူတို့နိုင်ငံသားတွေကို ကူညီပံ့ပိုးနိုင်မယ့်နည်းလမ်းတွေ ရှာခဲ့ပါတယ်။ အဲဒီလိုအပြောင်းအလဲတွေ ရှိလာတဲ့အတွက် မြန်မာအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေကလူတွေ၊ လစာနည်းနည်းနဲ့ ခိုင်းလို့ရမယ့် အလုပ်သမားတွေကို ပွဲစားတွေက ပိုရှာလာကြတယ်လို့လည်း Newland ကပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဝါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) သံရုံးကို RFA က အကြိမ်ကြိမ် တယ်လီဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ ဒူဘိုင်းဟာ ယူအေအီးနိုင်ငံရဲ့ အစိတ်အပိုင်းဒေသတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလမှာတော့ မသိင်္ဂီစိုးအပါအဝင် မြန်မာအမျိုးသမီးအတော်များများက RFA ဖေ့စ်ဘွတ်မက်ဆင်ဂျာကတစ်ဆင့် ဆက်သွယ်လာပြီး သူတို့ဟာ ယူအေအီးနဲ့ အိုမန်နိုင်ငံတွေမှာ အခက်အခဲတွေဖြစ်နေတဲ့အကြောင်း ပြောလာကြပါတယ်။ ဒါကြောင့် နိုဝင်ဘာလဆန်းမှာတော့ RFA သတင်းထောက်တွေကိုယ်တိုင် သူတို့ကိုတွေ့ပြီး စုံစမ်းလေ့လာဖို့ ဒူဘိုင်းမြို့ကို သွားခဲ့ကြပါတယ်။
အဲဒီခရီးစဉ်မှာ မြန်မာပြည်အနှံ့က အမျိုးသမီးတွေကို တွေ့ခဲ့ရပါတယ်။ အဲဒီအမျိုးသမီးတွေထဲမှာ စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားတွေရဲ့နယ်စပ်ဒေသက ပါဝင်သလို၊ စက်ရုံတွေရှိရာ မြို့တော်ကလည်း ပါဝင်ပါတယ်။
သူတို့ပြောပြကြတဲ့ အတွေ့အကြုံတွေထဲမှာ တစ်နေ့ကို အစားအသောက်နည်းနည်းပဲ စားရပြီး နာရီပေါင်းများစွာ မနားမနေ အလုပ်လုပ်ရတဲ့အကြောင်းနဲ့ တချို့က အိမ်ရှင်တွေနှိပ်စက်တာ ခံရတဲ့အကြောင်းတွေက အတော်များများ တူညီနေတာ တွေ့ရပါတယ်။
RFA ကတွေ့ခဲ့တဲ့ တချို့အမျိုးသမီးတွေဆိုရင် အလုပ်လွယ်လွယ်ကူကူရမယ်လို့ ပွဲစားတွေက ကတိပေးလိုက်ပေမယ့် သီတင်းပတ်အတော်ကြာအောင် အလုပ်မရဘဲ အလုပ်ပွဲစားတွေရဲ့ရုံးမှာ နေရတဲ့အကြောင်း၊ အလုပ်မရှိတော့ ဝင်ငွေလည်း မရှိတဲ့အကြောင်း သိခဲ့ရပါတယ်။ ဒါကြောင့် မြန်မာပြည်ပြန်မယ်လို့ ပြောတဲ့အခါ သူတို့ ပတ်စပို့တွေပြန်လိုချင်ရင် ငွေအမြောက်အမြားပေးရမယ် ဆိုတဲ့အတွက် လွယ်လွယ်ကူကူ ပြန်လို့မရတော့တဲ့အကြောင်းတွေကိုလည်း သိခဲ့ရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကနေရောက်နေတဲ့ အသက် ၂၄ နှစ်အရွယ် မအိငယ်ဆိုရင် မြန်မာပြည်ကနေ ထွက်မလာခင်မှာ ပွဲစားက သူ့ကို ဒူဘိုင်းရောက်လို့အလုပ်လုပ်တဲ့အခါ အစားအသောက်ကောင်းကောင်း စားရပြီး အိပ်ချိန်လည်း လုံလောက်အောင်ပေးမယ်လို့ ပြောလိုက်ပေမယ့် တကယ်တမ်း အလုပ်လုပ်ရတဲ့အခါ ပွဲစားပြောလိုက်တဲ့အတိုင်း မဟုတ်သလို၊ လစာကိုလည်း ဒါရမ်ငွေ ၁၂၀၀ (မြန်မာငွေ ကိုးသိန်းကျော်) ပေးမယ်ဆိုပေမယ့် ပထမဆုံးလမှာသာ အဲဒီငွေပမာဏ ပေးပြီး ဒုတိယလမှာတော့ ဒါရမ်ငွေကိုးရာ (မြန်မာငွေ ခုနစ်သိန်းနီးပါး) လောက်ပဲ ပေးတော့တယ်လို့ ပြောပါတယ်။
ပိုဆိုးတာက အိမ်ရှင်တွေ ကိုယ်ထိလက်ရောက်ရိုက်နှက်တာပဲလို့ မအိငယ်က ပြောပါတယ်။ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါးနဲ့ မအိငယ်ဟာ အိမ်ရှင်က သူ့ကိုနှိပ်စက်တဲ့အကြောင်း ပြန်ပြောပြချိန်မှာ စိတ်ထိခိုက်ကြေကွဲနေပါတယ်။ သူ့ကို တယ်လီဖုန်းမသုံးဘဲ သုံးတယ်လို့ အိမ်ရှင်က စွပ်စွဲပြီးရိုက်တဲ့အကြောင်း၊ သူ့လက်တွေမှာ ဒဏ်ရာတွေ အညိုအမည်း စွဲခဲ့တဲ့အကြောင်း ပြောပြပါတယ်။ အိမ်ရှင်အမျိုးသမီးဆိုရင် သူ့ကို မီးပူနဲ့ရိုက်တဲ့အပြင် သူ့ယောက်ျားကလည်း လှေကားပေါ်ကနေ တွန်းချတယ်လို့ ပြောပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူက လှမ်းဆွဲလိုက်လို့ ပြုတ်ကျ မသွားတာလို့ ဆိုပါတယ်။
“ကလေးတွေဆိုရင်လည်း ရိုက်တယ်” လို့ မျက်ရည်တွေတွေ စီးကျလာပြီး ပြန်ပြောပြပါတယ်။ “အေးဂျင့်ကို ပြောတဲ့အခါမှာ အေးဂျင့်က… ကလေးတွေလုပ်တာပဲ ခံလိုက်ပေါ့တဲ့။ ဒါပေမဲ့ ကလေးတွေလုပ်တာကလည်း လူကြီးတွေလိုပဲ”
မကွေးတိုင်း စေတုတ္တရာမြို့နယ်က အသက် ၂၆ နှစ်အရွယ် မဌေးဌေးမြင့်ကတော့ ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ဖို့ လာခဲ့တာပါ။ ဒါပေမဲ့ စက်ရုံတွေလည်း စီးပွားရေးအခြေအနေမကောင်းဘဲ ပိတ်တဲ့စက်ရုံတွေက များနေပြီး သူ့အတွက် အလုပ်ရဖို့ခက်နေပါတယ်။ အဲဒီအချိန်မှာ ပွဲစားတစ်ယောက်က သူ့ကို ဒူဘိုင်းမှာ အလုပ်သွားလုပ်လို့ရတဲ့အကြောင်း ပြောဆိုစည်းရုံးသလို၊ ဒူဘိုင်းသွားဖို့အတွက် ကြိုတင်ငွေပေးစရာမလိုဘဲ အလုပ်လုပ်လို့ရတဲ့ ပထမနှစ်လစာ ပေးရင်ရတယ်လို့ ပြောတဲ့အတွက် ရောက်လာခဲ့တာလို့ ပြောပြပါတယ်။
ဒါပေမဲ့ ဒူဘိုင်းရောက်ပြီး ငါးလကြာတဲ့အထိ သူ့အတွက် အလုပ်မရခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ အလုပ်ရှင်တစ်ယောက်ရပြီး အဲဒီအိမ်မှာ တစ်ပတ်လောက်ပဲ အလုပ်လုပ်ရပြီး ပွဲစားရုံးကို ပြန်ပို့ခံခဲ့ရပါတယ်။ အဲဒီမှာလည်း မဌေးဌေးမြင့်ဟာ မိုးလင်းကနေမိုးချုပ် လုပ်ပေးခဲ့ရတယ်လို့ ပြောပြပါတယ်။
“ဒါကြောင့် မြန်မာပြည်ပဲပြန်ချင်တယ်လို့ သမီးက အေးဂျင့်ကိုပြောတော့၊ အေးဂျင့်က ပြန်မယ်ဆိုရင် ဒါရမ်းငွေ တစ်သောင်းနှစ်ထောင် (မြန်မာငွေ သိန်းကိုးဆယ်ကျော်) လျော်ရမယ်တဲ့။ လျော်ဖို့ကျတော့ သမီးမှာ ပိုက်ဆံမရှိဘူးလို့” ပြောပြပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်က အသက် ၂၄ နှစ်အရွယ် သျှန်းရိင့်နိုင်ဆိုရင် ဒူဘိုင်းက အာရပ်မိသားစုတစ်စုအိမ်မှာ အလုပ်လုပ်နေရင်း ကျန်းမာရေးဆိုးလာတဲ့အတွက် အလုပ်ကနေ နားလိုက်ရပါတယ်။ ဒါကြောင့် မြန်မာပြည်ပြန်မယ်ဆိုတဲ့အခါ အမေရိကန်ဒေါ်လာနှစ်ထောင် (မြန်မာငွေ သိန်းလေးဆယ်ကျော်) ပေးဖို့ အလုပ်ပွဲစားက တောင်းနေတယ်လို့ပြောပြပါတယ်။
သူတို့ဆီမှာ အစားအစာလည်း ဝအောင်မကျွေးဘူး၊ မိသားစုတွေနဲ့လည်း ဆက်သွယ်လို့မရဘူး။ ဒါကြောင့် ထွက်ပြေးလာတာလို့ သူက ပြောပြပါတယ်။
မအိငယ်ကတော့ သူ့ကို ဒူဘိုင်းပို့ပေးတဲ့သူက Etihad လေကြောင်းလိုင်း မြန်မာဝန်ထမ်းဖြစ်လို့ သူ့ပတ်စပို့တွေသိမ်းထားတဲ့ အလုပ်ပွဲစားတောင်းနေတဲ့ ဒါရမ်းငွေ ၁၂,၀၀၀ (မြန်မာငွေ သိန်း ၉၀ ကျော်)စိုက်လျော်ပေးလိုက်တဲ့အတွက် အိမ်ပြန်ခွင့် ရခဲ့ပါတယ်။

ဒူဘိုင်းရောက် မြန်မာအိမ်အကူတွေ ဒုက္ခရောက်နေတဲ့အကြောင်း RFA က သတင်းထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာစစ်ကောင်စီက ဒုက္ခရောက်နေတဲ့ အမျိုးသမီးတချို့ကို ပြန်ခေါ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့တင်းကျပ်တဲ့မူဝါဒအရ ပြည်ပရောက်အလုပ်သမားတွေကို ကူညီနေတဲ့ အန်ဂျီအိုတွေ၊ တခြားအဖွဲ့တွေကို ဆက်သွယ်လို့မရခဲ့ပါဘူး။
RFA က တွေ့ခဲ့တဲ့ နောက်အမျိုးသမီးတစ်ယောက်ကတော့ အသက် ၃၆ နှစ်အရွယ် မနွယ်နီပါ။ သူက ဒူဘိုင်းမှာ မြန်မာအိမ်အကူတွေ ကြုံရတဲ့အခက်အခဲတွေကို ပြောပြပါတယ်။ သူကိုယ်တိုင်လည်း စစ်အာဏာသိမ်းပြီးနောက် ဒူဘိုင်းကို အိမ်အကူအလုပ်နဲ့ ရောက်ခဲ့ပြီး အိမ်ရှင်တွေ၊ ပွဲစားတွေရဲ့ လစာအမြတ်ထုတ်ခံရတာကို ကိုယ်တိုင်ကြုံခဲ့ရပါတယ်။ အိမ်အကူအလုပ်ကို လပိုင်းလောက် လုပ်ပြီးတဲ့အချိန်မှာတော့ အလုပ်ပွဲစားရုံးတစ်ရုံးမှာ သင်တန်းပေးတဲ့သူ ဖြစ်လာပါတယ်။
“ဒုက္ခရောက်လာတဲ့မိန်းကလေးတွေကို ကျမတို့ တတ်နိုင်သလောက် ကူညီထားပါတယ်” လို့ မနွယ်နီကပြောပြပါတယ်။
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က အသက် ၃၉ နှစ်အရွယ် မမိုးမိုးအေး အပါအဝင်၊ အိမ်ရှင်တွေ အလုပ်ပွဲစားတွေဆီကနေ ထွက်ပြေးလာတဲ့ မအိငယ်နဲ့ မဌေးဌေးမြင့်တို့ သုံးယောက်ကို ယာယီနေထိုင်စားသောက်ဖို့ သူက တဖက်တလမ်းကနေကူညီထားပါတယ်။
သူတို့ကိုကူညီနေတဲ့ နောက်တစ်ယောက်ကတော့ Myanmar in UAE ဆိုတဲ့ ဖေ့စ်ဘွတ် (Facebook) စာမျက်နှာ တည်ထောင်ထားတဲ့ ကိုထူးထက်ပိုင်ပါ။ အဲဒီဖေ့စ်ဘွတ်စာမျက်နှာမှာ အဖွဲ့ဝင်ငါးသောင်းနီးပါးရှိပြီး မြန်မာတွေအတွက် အလုပ်အကိုင်၊ နေရာထိုင်ခင်း၊ အစားအသောက်နဲ့ အထွေထွေကိစ္စတွေအတွက် ဆက်သွယ်ကူညီတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။

ဒူဘိုင်းမြို့က ဒဲရာရပ်ကွက်ဟာ နိုင်ငံရပ်ခြားက ရွှေ့ပြောင်းအလုပ်သမား အတော်များများ စုဝေးနေထိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ တိုက်ခန်းတွေ၊ တည်ခိုခန်းတွေ၊ စားသောက်ဆိုင်တွေ ညစျေးတွေနဲ့ စည်ကားတဲ့ အဲဒီရပ်ကွက်လေးထဲမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြ၊ အတူသွားလာကြရတာကလည်း ခွန်အားဖြစ်စေပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက အရပ်သားအစိုးရအဖွဲ့ဝင်တွေအပါအဝင် ဆန္ဒပြပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်၊ အကျဉ်းချတာတွေ ရှိနေပါတယ်။ စစ်ခေါင်းဆောင်တွေဟာ တချို့ဒေသတွေမှာ အင်တာနက်ဖြတ်တောက်တာ၊ အလုပ်သမားတွေ ဆန္ဒမပြရဲအောင် ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။
ဒါပေမဲ့ RFA က တွေ့ခဲ့ရတဲ့ မြန်မာအလုပ်သမားတွေဟာ အရပ်သားအစိုးရလက်ထက် တိုင်းပြည်ပွင့်လင်းလာခါစ ခေတ်ကာလမှာ ကြီးပြင်းလာသူတွေ ဖြစ်နေပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ အင်တာနက်ဆက်သွယ်ရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ အမျိုးသမီးအခွင့်အရေး စတာတွေနဲ့လည်း ရင်းနှီးနေသူတွေ ဖြစ်ပါတယ်။
ပြည်တွင်းစစ်ကြားကနေ လွတ်မြောက်လာတဲ့ မသိင်္ဂီစိုးဟာ ဒူဘိုင်းမြို့ကို အဝတ်အစားတချို့နဲ့ပဲ ရောက်လာခဲ့ တာပါ။ သူ့အတွက် အလုပ်ရတဲ့အခါ ပထမဆုံးအိမ်ရှင်ဆီမှာ သန့်ရှင်းရေးလုပ်ရမယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ သန့်ရှင်းရေးရော၊ ကလေးထိန်းအလုပ်ရော၊ ချက်တာပြုတ်တာပါ လုပ်ခဲ့ရတယ်လို့ ပြောပြပါတယ်။ တစ်နေကုန် မိုးလင်းကနေမိုးချုပ် အလုပ်လုပ်ရပြီး နားရင်မကြိုက်ဘူးလို့ ပြောပြပါတယ်။
“ပထမတော့ အိမ်ရှင်ဆီမှာ အလုပ်ကို သည်းခံပြီးလုပ်တယ်၊ ဘာလို့ဆို နှစ်နှစ်ပြည့်ရင်ပြန်မယ်ပေါ့” လို့ မသိင်္ဂီစိုးက ပြောပြပါတယ်။
ဒါပေမဲ့ နှစ်လကြာပြီးတဲ့အချိန်မှာ အိမ်ရှင်က သူ့ကိုမကြိုက်ဘူးဆိုပြီး အလုပ်ပွဲစားရုံးကို ပြန်ပို့ခံလိုက်ရပါတယ်။ ဒုတိယအိမ်ရှင်ရလို့ အလုပ်လုပ်ရတဲ့အခါမှာလည်း အင်တာနက်ဝိုင်ဖိုင် သုံးခွင့်မပေးဘူးလို့ ပြောပြပါတယ်။ မြန်မာပြည်မှာရှိတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့ အင်တာနက်လိုတဲ့အကြောင်း သူက ပြောပါတယ်။

မသိင်္ဂီစိုးက နောက်ထပ်အလုပ်သစ်ရှာပေးဖို့ အလုပ်ပွဲစားအေးဂျင့်ကို ပြောပေမယ့် ရှာမပေးခဲ့ပါဘူး။ နောက်နှစ်လလောက်မှာတော့ ရွာကမိန်းကလေးတစ်ယောက်နဲ့အတူ အဘူဒါဘီမြို့မှာ အလုပ်ရှင်ရမယ်လို့ဆိုပြီး ခေါ်သွားတယ်လို့ ပြောပါတယ်။ အဲဒီလိုခေါ်သွားတာကို အလုပ်ရှင်အသစ်ရတာလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ အလုပ်ပွဲစားနောက်တစ်ယောက်ဆီကို ခေါ်သွားခဲ့တာလို့ ပြောပါတယ်။
မသိင်္ဂီစိုးဟာ ဒူဘိုင်းကိုရောက်ပြီးနောက် တစ်နှစ်အတွင်း ချမ်းသာတဲ့ အာရပ်အိမ်ရှင်ငါးယောက်၊ ပွဲစားသုံးခုလောက် ပြောင်းလိုက်ရပါတယ်။ ဒူဘိုင်းကနေ အဘူဒါဘီမြို့ကို ခေါ်သွားတဲ့ အလုပ်ပွဲစားက ဒူဘိုင်းကိုပြန်ချင်ရင် သူနဲ့သူ့သူငယ်ချင်းအတွက် ဒါရမ်းငွေတစ်သောင်းနှစ်ထောင် (မြန်မာငွေ သိန်းကိုးဆယ်ကျော်) ပေးရမယ်လို့ တောင်းတဲ့အကြောင်း ပြောပြပါတယ်။
“သူတို့ပိုက်ဆံရရင်ပြီးရော ထိုးရောင်းသလိုမျိုး ရောင်းထားခဲ့တာ” လို့ပြောပြပါတယ်။
မိသားစုကိုကူညီဖို့ ဆိုပြီး ဒူဘိုင်းကိုရောက်လာတဲ့ မသိင်္ဂီစိုးဟာ နောက်ဆုံးတော့ မိသားစုဆီကပဲ အကူအညီ ပြန်ယူနေရပါတယ်။ သူ့မိဘက တစ်လကိုလေးကျပ်တိုးနဲ့ ငွေချေးပြီး အလုပ်မရှိခင် သူ့နေထိုင်စားသောက်ရေးနဲ့ ပွဲစားသိမ်းထားတဲ့ ပတ်စပို့စာအုပ် ပြန်ရွေးဖို့ ပို့ပေးရပါတယ်။ သူ့ကို ပွဲစားနဲ့ညှိနှိုင်းပြောဆိုဖို့ ကိုထူးထက်ပိုင်က ကူညီနေပါတယ်။
အခုတော့ မသိင်္ဂီစိုးဟာ သူ့လိုအပ်ချက်အရ မိသားစုကချေးထားတဲ့ငွေ ပြန်ဆပ်နိုင်အောင် ဒူဘိုင်းမှာ အလုပ်တစ်ခုလုပ်ပြီး ငွေပြန်စုနိုင်ဖို့ ဦးစားပေးနေရပါတယ်။ သူ့မိဘတွေဟာ အရင်က ပဲ၊ နှမ်း ကြိတ်တဲ့အလုပ်ရှိလို့ ဝင်ငွေအတန်အသင့်ရှိပြီး အဆင်ပြေခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့အခြေအနေတွေကြောင့် ဆီကြိတ်တဲ့လုပ်ငန်းလည်း ရပ်တန့်သွားခဲ့ပါတယ်။
အခုဆိုရင် မသိင်္ဂီစိုးဟာ ဒူဘိုင်းမှာ ခက်ခက်ခဲခဲ ရပ်တည်နေရပါတယ်။ သူ့နေထိုင်ခွင့် ဗီဇာသက်တမ်းလည်း ကုန်ဆုံးနေပြီဖြစ်တဲ့အတွက် ဗီဇာသက်တမ်းပြန်တိုးနိုင်ဖို့ ကြိုးစားနေရပါတယ်။ သူ့ပတ်စပို့စာအုပ်ကို မြန်မာငွေသိန်းကိုးဆယ် ကျော်နဲ့ ပွဲစားဆီကနေ ပြန်ရွေးထားပေမယ့် အလုပ်ရှင်က အမှုဖွင့်ထားတာကို ပြန်ပိတ်မပေးသေးတဲ့အတွက် ဗီဇာသက်တမ်းတိုးမယ့်ကိစ္စ အဆင်မပြေသေးပါဘူး။ နေထိုင်ခွင့်ရပြီဆိုရင် သူ့အနေနဲ့ ဒူဘိုင်းမှာ တရားဝင်ဆက်ပြီး အလုပ်လုပ်ချင်သေးတယ်လို့ ပြောပြပါတယ်။

All the photos and videos were taken in November in Dubai, unless otherwise noted.
Reporting by Nayrein Kyaw
-------------
Photos by Gemunu Amarasinghe
-------------
Written by Jim Snyder
-------------
Edited by Mat Pennington
-------------
Visual editing by H. Léo Kim, Paul Nelson
-------------
Web page produced by Minh-Ha Le
-------------
Produced by Radio Free Asia
-------------
© 2022 RFA
-------------
Facebook - Youtube - Twitter