smilesatrocities.jpg

လူသတ်ကြောင်းကိုယ်တိုင်ပြောနေတဲ့ စစ်ကောင်စီတပ်သားများ




စစ်ကောင်စီတပ်သားကျကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းထဲကမှတ်တမ်းများ


မှတ်ချက်။ ဤသတင်းဆောင်းပါးတွင် စိတ်မချမ်းမြေ့စရာ၊ တုန်လှုပ်ခြောက်ခြားစရာ အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။


ခင်မောင်စိုး၊ နေရိန်ကျော်

စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်နေတဲ့ ကာလအတွင်း တပ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သိသာပေါ်လွင်စေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို RFA က ရရှိထားပါတယ်။

ရရှိထားတဲ့ဓာတ်ပုံပေါင်း ၁၄၄ ပုံထဲမှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အရပ်သား ၃ဝ လောက်ကို ဘုန်းကြီးကျောင်း ဇရပ်တစ်ဆောင်အောက်မှာ စုပြီးထိုင်ခိုင်းထားပုံတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် မျက်လုံးတွေကို ပုဆိုးစနဲ့စည်း၊ လက်ပြန်ကြိုးတုပ်လျက်နဲ့ နောက်စေ့ကနေ ပစ်သတ်ခံထားပြီး သွေးအိုင်ထဲမှာလဲနေတဲ့ အရပ်ဝတ်နဲ့လူငါးယောက် အလောင်းနံဘေးမှာ ရုပ်သံဖိုင်ထဲက စစ်သားနှစ်ယောက်က ရပ်ကြည့်နေတဲ့ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။

ဒီဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ဗီဒီယိုထဲမှာ စုဝေး‌ပြောဆိုနေကြတဲ့ စစ်သားသုံးယောက်အနက် လက်ယာဘက်အစွန်လူရဲ့ တယ်လီဖုန်းထဲက ရရှိတာ ဖြစ်ပါတယ်။ အဲဒီစစ်သားကျကျန်ခဲ့တဲ့ တယ်လီဖုန်းကို အရာတော်မြို့ နယ်မှာ ဒေသခံတစ်ဦးက ကောက်ယူရရှိခဲ့ရာကနေ အဲဒီတယ်လီဖုန်းထဲက ပုံတွေနဲ့ ဗီဒီယိုကို RFA ဝါရှင်တန်ရုံးချုပ်က လက်ခံရရှိခဲ့တာပါ။


detainees
ဓာတ်ပုံများတွင် လက်ပြန်ကြိုးတုပ်ခံထားရသော အရပ်သား ၃ဝ ခန့်ကို ဘုန်းကြီးကျောင်း ဇရပ်တစ်ဆောင်အောက်တွင် စုထိုင်ခိုင်းထားသည့်ပုံတစ်ပုံ ပါဝင်ပါသည်။

ဓာတ်ပုံတွေထဲမှာ လက်ပြန်ကြိုးတုပ်ထားတဲ့ အရပ်သား ၃ဝ လောက်ကို ဘုန်းကြီးကျောင်း ဇရပ်တစ်ဆောင်အောက်မှာ စုပြီးထိုင်ခိုင်းထားတဲ့ ပုံတစ်ပုံ ပါဝင်ပါတယ်။ အဲဒီအရပ်သား ၃၀ ထဲက နှစ်ယောက်ဟာ နောက်တစ်ရက်ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲက ပစ်သတ်ခံထားရသူ ငါးယောက်ထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

နောက်ထပ်ပုံတွေထဲမှာတော့ လက်ပြန်ကြိုးတုပ်ခံထားရပြီး သွေးအလိမ်းလိမ်းနဲ့ မျက်နှာဖူးယောင်နေတဲ့ လူငယ်တစ်ယောက်ရဲ့ရင်ဘတ်ကို ဓားနဲ့စိုက်ပြီး စစ်ဆေးနေတဲ့ပုံတစ်ပုံ ပါဝင်ပါတယ်။ အဲဒီလူငယ်ရဲ့မေးစေ့ကိုပင့်၊ ကင်မရာကို ကြည့်ခိုင်းပြီး နှလုံးသားတည့်တည့်နေရာမှာ ရင်ဘတ်ကို ဓားနဲ့ထောက်ထားတာပါ။


men-interrogation

ပုံတွေထဲမှာ စစ်သားတစ်ယောက်က Selfie လို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ် ရိုက်ထားတဲ့ပုံတွေ ပါဝင်တဲ့အတွက် တယ်လီဖုန်းဟာ အဲဒီစစ်သားရဲ့ဖုန်းလို့ ကောက်ချက်ချနိုင်ပါတယ်။ သူက ဒီရုပ်သံကိုလည်း သူ့ဘာသာရိုက်ယူနေတာပါ။

၁ဝ မိနစ်ခွဲနီးပါးရှည်လျားတဲ့ ဗီဒီယိုမှာတော့ အဲဒီစစ်သားနဲ့ လက်မောင်းမှာ တပ်ကြပ်တံဆိပ်တဲ့စစ်သားအပါအဝင် စုစုပေါင်းသုံးယောက်က လူတွေကို ဘယ်ပုံဘယ်နည်း သတ်ဖြတ်ခဲ့တယ်၊ ဘယ်နှဦး သတ်ဖြတ်ခဲ့တယ်… စသဖြင့် ပြောဆိုနေကြတာ တွေ့ရပါတယ်။ ပြုံးရယ်နေတဲ့ အဲဒီဖုန်းပိုင်ရှင်စစ်သားဟာ စကားပြောတဲ့အခါ ဗလုံးဗထွေးနဲ့ ရင်ဘတ်မှာလည်း လက်ပစ်ဗုံးတစ်လုံး ချိတ်ထားပါတယ်။ သူတို့သုံးယောက်ရဲ့ နောက်ဘက်မှာ စစ်သားတချို့ကို တွေ့ရပါတယ်။

ဖုန်းပိုင်ရှင် - "၂၆ ယောက်တောင် သတ်ဖူးတယ်ဆိုတော့ ဘယ်လိုတွေ သတ်ဖူးသလဲလို့၊ သေနတ်နဲ့ပဲ ပစ်တာလား။

တပ်ကြပ် - “မဟုတ်ဘူးလေကွာ အဲဒီလိုတော့။ သေနတ်နဲ့ပစ်တာတော့ ရှိတယ်။ လက်နဲ့တော့ မသတ်ခဲ့ဘူးပေါ့”

ဖုန်းပိုင်ရှင် - “ကျွန်တော်ကတော့ လည်ပါလှီးခဲ့တယ်”

တပ်ကြပ် - “လည်ပင်းလှီးတာ။ အဲလို လည်လှီးခဲ့တာတော့ အများကြီးပေါ့”

ဖုန်းပိုင်ရှင် - “ကျွန်တော်သတ်တာ ငါးယောက်ပဲ သတ်ဖူးတယ်။ ငါးယောက်ထဲပဲရှိတယ်”

တတိယတပ်သား - “ငါမသတ်ဖူးဘူး”

ဖုန်းပိုင်ရှင် - “ကြောက်နေတယ်… သမီးကြောက်တယ်… ဟားဟားဟား…”

တပ်ကြပ် - “ရှစ်ယောက်လောက် ရှိသွားပြီ။ ဟေ့ကောင် (မသဲကွဲ)။ ရှစ်ယောက်လောက်ရှိသွားပြီ”



ဓာတ်ပုံထဲက သဲလွန်စအထောက်အထားများ

ဒီဓာတ်ပုံတွေကို အသေးစိတ်ကြည့်တဲ့အခါ အင်္ကျီလက်မောင်းတံဆိပ်တစ်ခုက မြန်မာ့တပ်မတော်ရဲ့တံဆိပ် ဖြစ်နေတာ တွေ့ရပါတယ်။ နောက်ထပ် ထင်ထင်ရှားရှားတွေ့ရတဲ့ လက်မောင်းတံဆိပ်က စစ်ကိုင်းတိုင်းအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တံဆိပ် ဖြစ်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ လွယ်လေ့ရှိတဲ့ ခြင်းတောင်း၊ ဓာတ်ပုံတွေမှာမြင်ရတဲ့ တခြားအချက်အလက်တွေ၊ လက်နက်တွေကို ကြည့်ရင် စစ်ကောင်စီတပ်ကတပ်သားတွေ ဆိုတာ သိသာထင်ရှားနေပါတယ်။ ဘယ်တပ်မ၊ ဘယ်တပ်ရင်းကလဲ ဆိုတဲ့နံပါတ်တွေကိုတော့ သူတို့ရဲ့ဝတ်စုံတွေမှာ မတွေ့ရပါဘူး။

ဒါပေမဲ့ သေနတ်ဒင်မှာ "၇၀၈၊ လေး-မျဉ်းစောင်း-သုံး" ဆိုတဲ့နံပါတ်ကို တွေ့ရတဲ့အတွက် CDM ဗိုလ်ကြီးလင်းထက်အောင်ကို RFA က ဆက်သွယ်မေးမြန်း စုံစမ်းတဲ့အခါ… အဲဒီနံပါတ်ဟာ ရန်ကုန်အခြေစိုက် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၇၀၈) ဖြစ်တဲ့အကြောင်း၊ နံပါတ်လေးဆိုတာက တပ်ခွဲ (၄) ကိုရည်ညွှန်းတာဖြစ်ပြီး၊ နံပါတ်သုံးကတော့ သေနတ်နံပါတ် ဖြစ်ကြောင်း၊ အဲဒီ ခမရ (၇၀၈) ဟာ လတ်တလော စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပူးတွဲစစ်ဆင်ရေးလုပ်နေတာ ဖြစ်နိုင်ကြောင်း ပြောပြပါတယ်။


rifle

ဒီဖုန်းဗီဒီယိုနဲ့ ဓာတ်ပုံတွေကိစ္စအတွက် စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ရုံးချုပ်က မေးမြန်းတဲ့အခါ သူက အခုလိုပြောပါတယ်။

“ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျနော်တို့က မြေပြင်ကို မေးမြန်းစုံစမ်းပြီးမှသာ အကျိုးအကြောင်း ဖြေကြားနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ မေးမြန်းလျက်ရှိပါတယ်ဗျ”

ဒီဗီဒီယိုထဲကပြောဆိုချက်တွေဟာ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ အရပ်သားတွေအပေါ် တိုက်ခိုက်တဲ့သတင်းတွေနဲ့ PDF တပ်ဖွဲ့တွေ၊ တိုင်းရင်းသားတပ်ဖွဲ့တွေ အပါအဝင် စစ်ကောင်စီကိုဆန့်ကျင်တဲ့တပ်ဖွဲ့တွေကို ထိုးစစ်ဆင်နေချိန်မှာပဲ ထွက်ပေါ်လာတာပါ။

‌ကျေးရွာတွေကို စီးနင်းတိုက်ခိုက်တာ၊ နေအိမ်အဆောက်အအုံတွေကို မီးရှို့တာ၊ ရွာသားတွေကို ညှဉ်းပန်းနှိပ်စက်၊ မုဒိမ်းကျင့်တာ၊ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံတွေကို သတ်ဖြတ်တာ စတဲ့သတင်းတွေ အများအပြား ထွက်ပေါ်နေပေမယ့် စစ်ကောင်စီဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး PDF တွေရဲ့လုပ်ရပ်အဖြစ် ပြန်လှန်စွပ်စွဲထားပါတယ်။

လူဦးရေ ၅ ဒဿမ ၃ သန်းရှိတဲ့ စစ်ကိုင်းတိုင်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ အများဆုံး ဖြစ်ပွားခဲ့တဲ့ ဒေသပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့မှတ်တမ်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ၆၈၃ ဦး ထက်မနည်း၊ တစ်နိုင်ငံလုံးမှာ လူ ၂၀၀၀ လောက် သတ်ဖြတ်ခဲ့တယ်လို့ တွေ့ရှိရပါတယ်။


truck
ဓာတ်ပုံထဲမှစစ်သားများ၏ လက်မောင်းတံဆိပ်တွင် စစ်ကိုင်းတိုင်းအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တံဆိပ်များကို တွေ့ရသည်။

RFA က ရရှိထားတဲ့ ဓာတ်ပုံတွေဟာ စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်းကို တစ်စွန်းတစ်စ ဖော်ပြနေပါတယ်။ နိုင်ငံတစ်ဝန်းက မြေလှန်မီးရှို့ သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံတွေက မှတ်တမ်းတင်ဖော်ထုတ်တာ ရှိပေမယ့် အခုလို ကျူးလွန်သူတွေကိုယ်တိုင် အသေးစိတ်ပြန်ပြောပြနေတာကတော့ ရှားပါးတဲ့ဖြစ်ရပ်တစ်ခုပါ။

ဓာတ်ပုံတွေကို RFA ရုံးချုပ်မှာ လေ့လာချက်အရ ရိုက်ကူးတဲ့တယ်လီဖုန်းဟာ တရုတ်နိုင်ငံလုပ် OPPO အမျိုးအစားဖြစ်တာ တွေ့ရပါတယ်။ လူငယ်တစ်ယောက်ကို ရင်ဘတ်မှာ ဓားနဲ့ထောက်ပြီး စစ်ဆေးနေတဲ့ပုံကို ဧပြီလ ၂၈ ရက်နေ့မှာ ရိုက်ကူးထားတာဖြစ်ပြီး၊ အရပ်သားတွေကို လက်ပြန်ကြိုးတုပ်ပြီးဖမ်းထားတဲ့ ဓာတ်ပုံက မေလ ၁ဝ ရက်နေ့၊ လူငါးယောက်ကို သတ်ဖြတ်ထားတဲ့ဓာတ်ပုံက မေလ ၁၁ ရက်နေ့မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် တယ်လီဖုန်းကောက်ရတဲ့ အရာတော်မြို့နယ်မှာ မေလအတွင်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို စုံစမ်းကြည့်တဲ့အခါ ချင်ပင်ရွာမှာ မေလ ၇ ရက်နေ့က စစ်ကောင်စီတပ်ကဝင်သွားပြီး ကင်းပုန်းဝပ်နေတဲ့သူ ၆ ယောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့သလို၊ လူ ၃၀ ကိုဓားစာခံအဖြစ် ခေါ်ဆောင်သွားတယ်လို့ "အရာတော်ပို့စ်" အမည်ရှိ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၁၁ ရက်နေ့က ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါပေမယ့် RFA က မေလ ၁၃ ရက်နေ့က တင်ပြခဲ့တဲ့သတင်းအရ ဒီဓာတ်ပုံတွေဟာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာက ဖြစ်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ အသတ်ခံထားတဲ့သူ ငါးယောက်ထဲက တစ်ယောက်ဟာ ရေဦးမြို့ပေါ်က လျှပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်ရဲ့ တံဆိပ်နဲ့ တယ်လီဖုန်းနံပါတ်တွေပါတဲ့အင်္ကျီ ဝတ်ဆင်ထားပါတယ်။


murder
ဤဓာတ်ပုံတွင် (သွေးထွက်သံယိုမြင်ကွင်းကို ဖုံးကွယ်ရန် မှုန်ဝါးထားသည်) သွေးအိုင်ထဲ၌ လဲနေသည့် အသတ်ခံရသူငါးဦး၏ အလောင်းများနံဘေးတွင်ရပ်နေသော ဖုန်းပိုင်ရှင်စစ်သားနှင့် ဗီဒီယိုတွင်ပါသော နောက်စစ်သားတစ်ဦးကို တွေ့ရသည်။ အသတ်ခံထားရသူငါးဦးထဲတွင် ဘုန်းတော်ကြီးကျောင်းအတွင်း လက်နောက်ပြန်ကြိုးတုပ်ထားသော အရပ်သား ၃၀ ထဲမှနှစ်ဦးကိုလည်း တွေ့ရသည်။

RFA က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ မေလ ၁၀ ရက်နေ့က ရိုက်ထားတဲ့ဓာတ်ပုံပါ လူအယောက် ၃၀ ကို ဖမ်းဆီးထားတဲ့ အဆောက်အအုံဟာ မုန်တိုင်ပင်ရွာက ဘုန်းကြီးကျောင်း ဖြစ်တယ်လို့ ရေဦးမြို့နယ်က ဒေသခံတစ်ယောက်က အတည်ပြု ပြောပါတယ်။ ဒ့ါအပြင် ဧပြီလ ၃၆ ရက်နေ့က အမိုးစောင်းတန်းတစ်ခုအနီးမှာ ရိုက်ထားတဲ့ဓာတ်ပုံဟာ မုန်တိုင်ပင်ရွာအနောက်ဘက် ၁၈ မိုင်ခန့်အကွာက ဝက်ဖြူတောင် ဘုရားစောင်းတန်း ဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ယောက်က အတည်ပြုပြောဆိုပါတယ်။ RFA အနေနဲ့ ဒီပုဂ္ဂိုလ်တွေရဲ့လုံခြုံရေးအတွက် သူတို့ရဲ့အမည်တွေကို မဖော်ပြဘဲ လျှို့ဝှက်ထားကြောင်း သိစေအပ်ပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာနဲ့ အင်ပင်ရွာမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၂၇ လောင်းကို မေလ ၁၂ ရက်နေ့က ဒေသခံတွေ တွေ့ရှိခဲ့တဲ့အကြောင်း မေလ ၁၃ ရက်နေ့ RFA သတင်း မှာ တင်ပြခဲ့ပါတယ်။ တန့်ဆည်မြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မေလ ၉ ရက်နေ့မှာ မုန်တိုင်ပင်ရွာကို ပစ်ခတ်ဝင်ရောက်ပြီး ညအိပ်စခန်းချခဲ့သလို နေအိမ် ၃၀ ခန့် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အဲဒီရုပ်အလောင်းတွေကို မီးလောင်ကျွမ်းသွားတဲ့ နေအိမ်တွေထဲမှာ တွေ့ရတာဖြစ်ပြီး၊ အလောင်းအချို့မှာ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မုန်တိုင်ပင်ရွာ မီးရှို့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် RFA က ရရှိခဲ့တဲ့ဓာတ်ပုံတွေထဲမှာ မီးလောင်ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ မီးလောင်ပြီး ဖောင်းပွနေတဲ့ ရုပ်အလောင်းတွေ၊ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ခြေထောက်နှစ်ဖက် ဖြတ်တောက်ခံထားရတဲ့ပုံတွေ ပါဝင်ပါတယ်။


map
လူသတ်ခဲ့ကြောင်း ပြောဆိုချက်များ

RFA က ရရှိထားတဲ့ ဗီဒီယိုဖိုင်မှာ အလောင်းတွေကို အပိုင်းပိုင်းဖြတ်ခဲ့တဲ့အကြောင်း စစ်သားသုံးယောက် ပြောဆိုနေတာတွေဟာ မေလအတွင်းက မုန်တိုင်ပင်ရွာမှာ ရုပ်အလောင်းတွေ တွေ့ရပုံနဲ့ တူညီနေပါတယ်။ လူသတ်တဲ့အကြောင်းကို ဒီစစ်သားသုံးယောက်က ထမင်းစားရေသောက်ကိစ္စလို ပြောဆိုနေကြတာကို ကြည့်ရင် ဒါဟာ သူတို့အတွက် ပုံမှန်လုပ်နေကျအလုပ်တစ်ခုလို ဖြစ်နေတာကို ပြသနေပါတယ်။

ဖုန်းပိုင်ရှင် - "အကောင်းပြောတာ၊ လူသတ်ဖူးတယ်။ အဲဒီလောက်ထိ အစ်ကိုကြီးလောက်…၊ ကျနော် အခုလိုမျိုး သွေးတွေဘာတွေဆိုရင် ကျနော်ရွံတယ်။ ရွံတတ်တယ်သိလား။ လူသာ သတ်တာ"

တပ်ကြပ် - "မနေ့တုန်းက ငါသတ်တာ။ ငါဖမ်းတဲ့ကောင်ကို ငါသတ်တာ၊ အဲဒါကို… ‘ဆာဂျင်ကြီး သုံးပိုင်းလောက်ပိုင်းပြီး မြှုပ်ခဲ့ပါဦး’…တဲ့"

ဖုန်းပိုင်ရှင် - "အဲဒါ သတ်တော့ ဘာဖြစ်လဲ၊ အသားတွေ ထွက်လာလား။ ဝက်သားတွေ ဒုတ်ထိုးတွေ ဘာတွေ ရောင်းလို့မရဘူးလား"

"အဝါ ၊ အဝါ၊ အဝါရောင်လေး"

"ခင်ဗျားအခုမှတွေ့ဖူးတာလား"

"အေးလေ၊ ငါအခုမှ တွေ့ဖူးတာလေ"

"ခေါင်းကိုဖြတ်တာ။ လေးငါးခြောက်ချက်လောက် ခုတ်ရတယ်။ ပြီးတော့ မြေကြီးထဲ မြှုပ်ထားခဲ့တယ်”

"မယုံဘူးလား၊ မယုံရင်လာကြည့်။ သတ်တဲ့နေရာမှာ ကျနော်က Expert (ကျွမ်းကျင်သူ) … ကျနော်က ငယ်ငယ်လေးကတည်းက သတ်တာကို ဝါသနာပါတာ သူများအသက်ကို။ ကျနော့်အသားနာမှာတော့ အရမ်းကြောက်တယ်"


selfies
RFA က ရရှိထားသည့်ဓာတ်ပုံများတွင် ဖုန်းပိုင်ရှင်ဖြစ်ပုံရသော စစ်သား၏ဆယ်လ်ဖီပုံ အများအပြား ပါဝင်ပါသည်။ အဆိုပါစစ်သားကို အသတ်ခံထားရသည့် ရုပ်အလောင်းပုံများ နံဘေးတွင်လည်း တွေ့ရပါသည်။

လူသတ်တဲ့အလုပ်ကို အခုလို ကြွားဝါပြောဆိုနေပေမယ့် ဒီစစ်သားတွေဟာ သူတို့အနေနဲ့ အမိန့်အတိုင်းလိုက်နာရတဲ့ “သေမထူးနေမထူး” ဘဝအဖြစ် ပြောဆိုနေတာကိုလည်း ဒီဗီဒီယိုထဲမှာ ကြားရပါတယ်။

“ဘဝဆိုတာ တိုက်ပွဲ၊ တိုက်ပွဲဆိုတာ ဘဝ။ သေရင်သေမယ်၊ ရှင်ရင်ရှင်မယ်။ သေမထူးနေမထူး ဘဦးတဲ့”

“မှတ်တမ်းတင်ရမှာပေါ့၊ ကိုယ့်ညီအစ်ကိုတွေ။ ကျွန်တော်သေသွားရင် တွေ့ရမှာ ဗီဒီယိုထဲမှာ မှတ်တမ်းပဲ ရှိမယ်။ စစ်သားဆိုတဲ့အမျိုးဟာ ဘယ်အချိန်သေမယ်ဆိုတာ သိမှမသိတာ။ သေသွားလို့ရှိရင် တကယ့်လို့ ကျွန်တော့်ကို ချစ်ရင်တော့…‘ ဟာ၊ ငါ့ကောင်ကြီးကွာ၊ နှမြောတယ်’ ပေါ့”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှု၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ အင်အားသုံးပြီး အလွန်အကျွံသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ အမှတ် ၃၃ ခြေမြန်တပ်မနဲ့ အမှတ် ၇၇ ခြေမြန်တပ်မတို့ကို ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူခဲ့ပါတယ်။

တပ်မ ၃၃ ဟာ ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှုအတွက် ၂၀၁၈ ခုနှစ်မှာ အမေရိကန်က ပိတ်ဆို့အရေးယူခံထားတဲ့ တပ်လည်း ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း တပ်မ ၃၃ နဲ့ တပ်မ ၉၉ တပ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ကို ၂၀၁၈ ခုနှစ်ဇွန်လမှာ Reuters သတင်းဌာနက အသေးစိတ်အစီရင်ခံတင်ပြခဲ့ပါတယ်။


RFA က ရရှိထားသည့် ဓာတ်ပုံ ၁၄၄ ပုံထဲတွင် ထိပ်လန့်တုန်လှုပ်စရာများ ပါဝင်နေခြင်းနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လုံခြုံမှုအတွက် အချို့သောပုံများကို မှုန်ဝါးထားပါသည်။




Web page produced by: Minh-Ha Le
-------------
Video: Nayrein Kyaw
-------------
Produced by Radio Free Asia
-------------
© 2022 RFA
-------------
Facebook - Youtube - Twitter