အချစ်နဲ့စစ်
တိုက်ပွဲကြားက ဘဝခရီးသစ်

အချစ်နဲ့စစ်
တိုက်ပွဲကြားက ဘဝခရီးသစ်
စစ်တပ်အာဏာ မသိမ်းခင်ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ လူငယ်နှစ်ဦးရဲ့ဘဝကို အာဏာသိမ်းမှုက ပြောင်းလဲပစ်ခဲ့ပါတယ်။
၂၀၂၄ နိုဝင်ဘာ ၂၁ ရက်
အေးအေးမွန်၊ ချမ်းမြေ့အောင်

စစ်ကောင်စီတပ်စခန်းနဲ့ သိပ်မဝေးတဲ့ တော်လှန်ရေးစခန်းတစ်ခုအတွင်းက မှုန်ကုပ်ကုပ် တဲအိမ်လေးဟာ ဘာလီနဲ့ ဇီးကွက်တို့ ကြင်စဦးဇနီးမောင်နှံရဲ့ လက်ရှိနေထိုင်ရာ စံအိမ်လေးဖြစ်ပါတယ်။ ဇီးကွက်မှာ သားဦးလေးကို ကိုယ်ဝန်လွယ်ထားရပါတယ်။

ဒီတဲလေးက ရခိုင်ပြည်နယ်မှာ သူနေခဲ့တဲ့အိမ်ရဲ့ မီးဖိုချောင်လောက်တောင် မကျယ်ဘူးလို့ ဇီးကွက်က ပြောပါ တယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဒီတဲအိမ်လေးကပဲ သူတို့ဇနီးမောင်နှံအတွက် နေ့စဉ် နားခိုစရာ နေရာလေး ဖြစ်ပါတယ်။ တာလပတ်မိုး၊ တာလပတ်ကာ နံရံတွေက မိုးစက်တွေ ဝင်မလာအောင် ကာကွယ်ပေးထားပြီး၊ သေနတ်သံ ဒါမှမဟုတ် စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲလေယာဉ်သံ ကြားပြီဆိုတာနဲ့ အရေးပေါ် ပြေးဝင်နိုင်မယ့် ဗုံးခိုကျင်း လေးတစ်ခုလည်း အဲဒီတဲလေးအနီးမှာ တူးထားပါတယ်။ ရက်တွေကြာလာတာနဲ့အမျှ ကိုယ်ဝန်ကြောင့် နေထိုင်ရတာ ပိုကျဉ်းကျပ်လာပေမဲ့ ဇီးကွက်ကတော့ မငြီးငြူပါဘူး။

“ဒီမှာက အိမ်ထောင်သည်တွေအတွက် တဲလေးရှိလို့ တော်သေးတယ်။ အိမ်ထောင်မရှိတဲ့ လူလွတ် ရဲဘော်၊ ရဲမေတွေဆို တောထဲမှာ စစ်ပုခက်တွေနဲ့ အိပ်ရတာ။ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး သိပ်စိတ်မပူပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာ ရဲဘော်ရဲဘက်တွေက တစ်ယောက်နဲ့ တစ်ယောက် အရမ်းကူညီကြတယ်။ ဒါကြောင့် ကျွန်မ မကြောက်ဘူး”

သစ်တောအရောင်နဲ့ တစ်သားတည်းဖြစ်နေတဲ့ အစိမ်းရောင် ပြောက်ကျားဝတ်စုံကို ဝတ်ထားတဲ့ ရဲဘော်ဘာလီ ကလည်း ဇနီးဖြစ်သူနဲ့ စိတ်တူကိုယ်တူပါပဲ။

“စိုးရိမ်ပူပန်မှုကတော့ ရှိတာပေါ့။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။ ရင်သွေးက ထိုက်တန်လို့ ကိုယ့်ဆီရောက်လာခဲ့တာ။ အကောင်းဆုံးဖြစ်အောင် မွေးမယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်” လို့ ဘာလီက ဆိုပါတယ်။

မြန်မာပြည်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ လုံခြုံရေးအတွက် သူတို့နှစ်ယောက်ရဲ့ နာမည်တွေကို ပြောင်းလဲထားပါတယ်။

barli-owl2
ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် ရဲဘော်ဘာလီနှင့် ဇီးကွက်တို့ ဇနီးမောင်နှံကို တောတွင်းတပ်စခန်းတွင် ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo - Barli Via Facebook)

ဇီးကွက်နဲ့ ဘာလီဟာ စစ်တပ်အာဏာ မသိမ်းခင်ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့ အာဏာသိမ်းမှုက သူတို့နှစ်ဦးရဲ့ဘဝတွေကို ပြောင်းလဲပစ်လိမ့်မယ်ဆိုတာကို သူတို့ ကြိုမမြင်နိုင်ခဲ့ပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီး အရပ်သားအစိုးရအဖွဲ့ဝင်တွေကို စတင်ဖမ်းဆီးချိန်မှာ ဇီးကွက်က သူနာပြုတစ်ဦးဖြစ်လာဖို့ ကြိုးစားနေပါတယ်။ ဘာလီကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မှာနေထိုင်ရင်း မြန်မာစာအဓိကနဲ့ အဝေးသင်တက္ကသိုလ်တက်၊ တစ်ဖက်က အလုပ်လုပ်ရင်း မိဘကို ထောက်ပံ့နေခဲ့တာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းနောက်ဆက်တွဲ ပြည်တွင်းစစ်ကြောင့် အနည်းဆုံး လူငါးသောင်းလောက် သေဆုံးပြီး သုံးသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။ အများစုက မရေမတွက်နိုင်တဲ့ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရပါတယ်။ ဘာလီနဲ့ ဇီးကွက်တို့လို မျိုးဆက်သစ်တွေဟာ ပိုလွတ်လပ်ပွင့်လင်းတဲ့ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့တာကြောင့် စစ်အုပ်ချုပ်ရေးအောက်မှာ မွန်းကျပ်စွာနေထိုင်ရမယ့် ဘဝတွေဆီ ပြန်ရောက်သွားမှာကို လက်မခံနိုင်တော့ပါဘူး။ ဒါကြောင့် သူတို့ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ မှက်၊ ခြင်၊ ယင်နဲ့ ရွှံ့နွံတွေကြားက တဲအိမ်လေးတစ်လုံးမှာ မိသားစုဘဝတစ်ခုကို စတင်ထူထောင်နေပါပြီ။

ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲပင်ပန်းမှုတွေက ဇီးကွက်အတွက် တောင့်ခံနိုင်တဲ့ အရာတွေပါ။ ဒါပေမဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဒီဘဝမှာ အခုလို ကိုယ်ဝန်ရှိနေချိန် မိခင်နဲ့ခွဲခွာနေထိုင်ရတာဟာ ဇီးကွက်အတွက် စိတ်ထိခိုက်စရာ အကောင်းဆုံးပါပဲ။ ဇီးကွက်ရဲ့ဆုံးဖြတ်ချက်အပေါ် အကြီးအကျယ်စိတ်ဆိုးခဲ့တဲ့ မိခင်က သမီးဖြစ်သူကို အမွေပြတ်စွန့်လွှတ်ကြောင်း သတင်းစာထဲမှာ လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

“ဖုန်းဆက်လို့ သမီးအသံကြားရင် မေမေက ဖုန်းချပစ်တယ်” လို့ ဇီးကွက်က ဝမ်းနည်းစိတ်ထိခိုက်စွာ ပြန်ပြောပြပါတယ်။

သားအမိနှစ်ဦးကြားက ဒီအက်ကြောင်းဟာ လူကြီးတွေရဲ့ အတွေးအခေါ်ဟောင်း၊ အစဉ်အလာဟောင်းနဲ့ လူငယ်တွေရဲ့ လွတ်လပ်မှု၊ လွတ်မြောက်လိုမှု အတွေးအခေါ်သစ်ကြား ပိုထင်ရှားလာတဲ့ တင်းမာမှုပဲ ဖြစ်ပါတယ်။ အတွေးအခေါ်သစ်ဖြစ်တဲ့ လွတ်လပ်မှု၊ လွတ်မြောက်လိုမှုတို့ဟာ ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ဘဲ ဒီပြည်တွင်းစစ်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ အကြိမ်ပေါင်း ထောင်သောင်းချီပြီး ပဲ့တင်သံတွေအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။



အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ

အာဏာသိမ်းပြီးနောက်မှာ လူငယ်လေး ဘာလီဟာ Hunger Games ရုပ်ရှင်ထဲကလို အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေရဲ့ သင်္ကေတဖြစ်တဲ့ လေထဲမှာ လက်သုံးချောင်းထောင်ပြီး လမ်းပေါ်ထွက်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၃ ရက် မြောက်ဥက္ကလာ၊ ကန်သာယာရပ်ကွက်က လူထုဆန္ဒပြပွဲမှာ ဘာလီ ပါဝင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က ပစ်ခတ်ဖြိုခွင်းချိန်မှာ အချစ်ဆုံးသူငယ်ချင်းတချို့ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ လက်နက်ကိုင်ဖို့ သူဆုံးဖြတ်လိုက်ပြီး စစ်တပ်ကို စိန်ခေါ်ဖို့အတွက် Generation X, Y, Z ကာကွယ်ရေးတပ်ဖွဲ့ကို ရန်ကုန်မှာတင် လျှို့ဝှက်ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာလီဟာ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ၊ ကျားသစ်နက်စစ်ကြောင်းရဲ့ တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါပြီ။

အဲဒီဒေသမှာ NUG ဟာ ပိုလွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ လက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေပါတယ်။

ဒီလက်တွဲမှုဟာ စစ်ကောင်စီကို ချေမှုန်းပြီးတဲ့နောက် အနာဂတ်မှာ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီကိုအခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့အတွက် ကတိကဝတ်ပြုပြီး လက်တွဲထားကြတာလို့ ဒီမိုကရေစီရေးထောက်ခံသူတွေက ဆိုပါတယ်။

ဘာလီတို့တပ်ဖွဲ့ဟာ ကရင်ပြည်နယ် မြဝတီခရိုင်ထဲက KNU တပ်မဟာ ၆ နယ်မြေမှာ အခြေစိုက်ထားတာပါ။ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှာပါဝင်လိုတဲ့ ဘာလီတို့လို အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေကို KNU၊ KNLA အရာရှိတွေက တိုက်ခိုက်ရေးသမားတွေ ဖြစ်လာအောင် လေ့ကျင့်သင်ကြားပြီး အတူတကွ တိုက်ပွဲဝင်နေကြတာပါ။


အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ရန် လက်နက်ကိုင်စွဲခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင်များကို ကော်ဘရာစစ်ကြောင်းက လေ့ကျင့်သင်ကြားနေစဉ်။ (Cobra Column video)


တောတွင်းစခန်းမှာ ပြန်ပေါင်းဆုံရ

မူလကတော့ မိသားစုတာဝန်တွေကြောင့် ဇီးကွက် ဘာလီနဲ့ လက်မထပ်ဖြစ်သေးပါဘူး။ မိခင်နဲ့ ညီမငယ်နှစ်ဦးကို ထောက်ပံ့ဖို့ ဇီးကွက်တစ်ယောက် စင်ကာပူနိုင်ငံမှာ သူနာပြုအလုပ် သွားလုပ်ခဲ့ပါတယ်။ စစ်တပ်က တပ်ကြပ်ကြီးစာရေးတစ်ဦး ဖြစ်တဲ့ ဇီးကွက်ရဲ့ဖခင် ကွယ်လွန်သွားပြီးနောက်မှာ မိသားစု စားဝတ်နေရေးအတွက် သမီးကြီးဖြစ်တဲ့ဇီးကွက်ကို မိခင်က အားကိုးခဲ့ပါတယ်။

ဇီးကွက်နဲ့ ဘာလီတို့ ချစ်သူနှစ်ဦး တစ်နှစ်ကျော်လောက် ခွဲခွာနေထိုင်ခဲ့ရပါတယ်။ ၂၀၂၂ နှစ်ကုန်ပိုင်းမှာတော့ ဇီးကွက်တစ်ယောက် မြန်မာပြည်ကို ခေတ္တပြန်လာခဲ့ပါတယ်။ အဲဒီအချိန် ဘာလီက တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး ဆေးရုံတက်နေရပြီး ဇီးကွက်ကို တွေ့ချင်တယ်လို့ သတင်းစကား ပါးလိုက်ပါတယ်။

“တိုက်ပွဲကြောင့် လက်ကိုထိပြီး သူဆေးရုံတက်နေရချိန်ပေါ့။ ကျွန်မလည်း သူ့ကို အရမ်းတွေ့ချင်တယ်။ အဲဒါကြောင့် သူနဲ့တွေ့ရအောင် တောထဲခဏလာဖို့ ဆုံးဖြတ်လိုက်တာ” လို့ ဇီးကွက်က ပြောပါတယ်။

အဲဒီနောက်မှာတော့ ဘဝတူ ရဲဘော်ရဲဘက်တွေနဲ့အတူ တောထဲမှာပဲ မင်္ဂလာပွဲအခမ်းအနားလေးတစ်ခု ကျင်းပပြီး သူတို့ လက်ထပ်ခဲ့ကြပါတယ်။ နှစ်ဦးစလုံးက ရခိုင်ပြည်နယ်၊ ဂွမြို့ဇာတိဖြစ်ပေမဲ့ ကရင်ရိုးရာ အဝါရောင်သင်တိုင်းလေးတွေ ဝတ်ပြီး လက်ထပ်ခဲ့ကြပါတယ်။

အခုတော့ သူတို့လက်ထပ်ထားတာ တစ်နှစ်ကျော်ပါပြီ။ ဘာလီကတော့ လက်ဖျံမှာကျန်နေသေးတဲ့ ကျည်စ တချို့ကို ပြန်ခွဲထုတ်ဖို့ ရှိနေတာကြောင့် နောက်တန်းရုံးမှာပဲ လောလောဆယ် တာဝန်ယူထားပါတယ်။

နောက်တန်းစခန်း ဆိုတာကလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲလေယာဉ်တွေ၊ ဒရုန်းတွေ၊ နေရာတိုင်းမှာ ရှိနေနိုင်တဲ့ မြေမြှုပ်မိုင်းတွေကြောင့် အန္တရာယ်ရှိတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

barli-owl
ဘာလီနှင့် ဇီးကွက်တို့ ဇနီးမောင်နှံကို တောတွင်းတပ်စခန်းတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Chan Aung/RFA)

အခက်အခဲတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထား

ဘာလီတို့ဇနီးမောင်နှံနဲ့ RFA က တွေ့ဆုံချိန်ဟာ မိုးတွင်းကာလထဲမှာပါ။ တောတွင်းစခန်းတွေမှာ နေထိုင်ရတာ ခက်ခဲပေမဲ့ တိမ်ထူလိုက်၊ မိုးရွာလိုက်ဖြစ်နေတာကြောင့် လေ‌ကြောင်းတိုက်ခိုက်မှုအန္တရာယ် သက်သာလျော့နည်းတဲ့ အချိန်ပါပဲ။ ဒါပေမဲ့ ကောင်းကင်မှာ တိမ်ကင်းစင်ပြီး ကြည်လင်လာရင်တော့ စစ်ကောင်စီတပ် ခြေရာမခံနိုင်အောင် သူတို့ စခန်းတွေကို မကြာခဏ ရွှေ့ပြောင်းရလေ့ရှိတယ်လို့ ဇီးကွက်နဲ့ ဘာလီတို့က ပြောပါတယ်။

“ဒီကို ရောက်လာခဲ့ပြီးပြီ။ ပြည်သူအတွက် တာဝန်ထမ်းဆောင်မယ်လို့ စိတ်ဆုံးဖြတ်ချက်ချထားပြီဆို ကတည်းက အသက်က ပြည်သူကို ပေးထားပြီးသား။ ကြိုက်တဲ့အချိန်မှာ သေသွားလို့ရတယ်။ လုံးဝမခံစားဘူး” လို့ ဘာလီက ပြောပါတယ်။

ဇီးကွက်ကလည်း ဘာလီနဲ့ထပ်တူ ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပေမဲ့ သားဦးလေးကို ကိုယ်ဝန်လွယ်ထားချိန် မိခင်မေတ္တာနဲ့ ဝေးကွာနေတာကြောင့် ဝမ်းနည်းစိတ်ထိခိုက်နေတာကို မြင်တွေ့ရပါတယ်။

သူ့လိုပဲ တောထဲက PDF ချစ်သူကိုလာတွေ့ပြီး ဇာတိမြို့ကိုပြန်သွားတဲ့ သူငယ်ချင်းတစ်ယောက် အဖမ်းခံလိုက်ရချိန်မှာ အိမ်မပြန်တော့ဖို့ ဇီးကွက်ဆုံးဖြတ်လိုက်တာပါ။ ဒါပေမဲ့ မိခင်ဖြစ်သူက အကြီးအကျယ် စိတ်ဆိုးသွားခဲ့ပါတယ်။

“သမီးအကြီးဆုံးဆိုတော့ မေမေက အရမ်းမျှော်လင့်ထားတာလဲ ပါမှာပေါ့။ ဒီလိုမျိုးလုပ်သွားတေ့ာ ဝမ်းနည်းတာလည်း ပါမှာပေါ့။ ဖေဖေလည်း မရှိတော့လေ” လို့ ဇီးကွက်က ဝမ်းနည်းစိတ်ထိခိုက်ရင်း မိခင်အကြောင်းကို ပြန်ပြောပြပါတယ်။

စစ်ပွဲတွေ မကြာခင်မှာ ပြီးသွားလိမ့်မယ်လို့ ထင်မထားပေမဲ့ ဒီလမ်းကိုရွေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက်တော့ ဇီးကွက် နောင်တမရပါဘူး။ ဒါပေမဲ့ တိုင်းပြည်ငြိမ်းချမ်းပြီး အိမ်ပြန်နိုင်မယ့်နေ့ကို ဇီးကွက်တစ်ယောက် စိတ်အားထက်သန်စွာ မျှော်လင့်နေပါတယ်။

“အဖြစ်ချင်ဆုံးက တော်လှန်ရေးပြီးသွားပြီးတော့ ကိုယ့်ကလေးနဲ့ဖြစ်ဖြစ်၊ ဗိုက်ကလေးနဲ့ဖြစ်ဖြစ် ယောကျ်ားလက်ကိုကိုင်ပြီး မေမေ့ကို သွားကန်တော့ပြီး တောင်းပန်ချင်တယ်”


မူလစာမျက်နှာ
အစသို့


အေးအေးမွန် ရေးသားသည်။
-------------
ဓာတ်ပုံ၊ ဗီဒီယို - ချမ်းမြေ့အောင်
-------------
စာမူတည်းဖြတ် - သိန်းအောင်
-------------
ဗီဒီယိုတည်းဖြတ်- ချမ်းမြေ့အောင်၊ ဂျင်းနီစတိုင်း
-------------
Visual editing by Charlie Dharapak, H. Léo Kim, Paul Nelson
-------------
Series Producer Ginny Stein
-------------
Web page produced by Minh-Ha Le
-------------
© 2024 RFA
-------------
Facebook - YouTube - Instagram - X