ပန်းပင်ကြီးလမ်းမှာ ဖမ်းဆီးခံရသူတွေထဲ ၁၃ ဦး အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်စီချခံရ

RFA Burmese
2023.03.30
ပန်းပင်ကြီးလမ်းမှာ ဖမ်းဆီးခံရသူတွေထဲ ၁၃ ဦး အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်စီချခံရ ရန်ကုန်မြို့တွင် ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့က ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ်။
ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)

၂၀၂၂ ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာဆန္ဒပြချိန် အဖမ်းခံခဲ့ရတဲ့ လူငယ်တွေထဲက ၁၃ ဦးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်စီ ချလိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေနဲ့ ရှေ့နေတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့က ပန်းပင်ကြီးလမ်းမှာ အာဏာရှင်ဆန့်ကျင်ရေးနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာဆက်ခန့်ဖို့ တောင်းဆိုတဲ့သပိတ် စတင်ချိန်မှာပဲ စစ်ကောင်စီရဲ့ အရပ်ဝတ်တွေ၊ အိမ်စီးကားသုံးစီး၊ အငှားယာဉ် (တက္ကစီ) နှစ်စီးနဲ့ ဝင်ရောက်ဖြိုခွင်းပြီး ဖမ်းဆီးခဲ့တာပါ။

လူငယ် ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အသက်ပြည့်တဲ့လူငယ် ၁၃ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ်သုံးနှစ်စီ ချလိုက်တာလို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

"ပန်းပင်ကြီးလမ်းမှာ သူတို့ ဒီ ၂၀၂၂၊ စက်တင်ဘာလက ဆန္ဒထုတ်ဖော်မှုနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံရတဲ့လူပေါ့နော်။ အဲဒီမှာ ကလေးတွေလည်း ပါတယ်။ ကလေးတွေကတော့ ကလေးတရားရုံးနဲ့ စီရင်တာပေါ့။ အဲဒီမှာ အသက်ပြည့်သူ ၁၃ ယောက်ကို တရားစွဲတယ်ပေါ့နော်။ ၅၀၅ - က နဲ့ အဲဒါ မနေ့က သုံးနှစ်စီ အမိန့်ချလိုက်တယ်"

အင်းစိန်ထောင် အထူးတရားရုံး၊ ကြည့်မြင်တိုင်တရားခွင်ကနေ အမိန့်ချလိုက်တာဖြစ်ပြီး အယူခံ တက်၊ မတက်ကတော့ မိသားစုတွေရဲ့ ဆန္ဒပေါ် မူတည်တယ်လို့ ရန်ကုန်မြို့ခံ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

အဖမ်းခံခဲ့ရတဲ့သူတွေထဲမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို)၊ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု (Myanmar Labour Alliance)၊ ဗမာ့လူငယ် ကွန်ရက်၊ ပညာနန်းတော် ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ၊ Owl Community နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

အခု ထောင်ချခံရတဲ့ ၁၃ ဦးထဲမှာလည်း မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုအဖွဲ့ဝင် အသက် ၂၀ ကျော်အရွယ်တွေဖြစ်တဲ့ ကိုနေမင်းထွန်း၊ ကိုသန်းဇော်၊ မဇူးဇူးရာခိုင်၊ မယမင်းကေသွယ်ခိုင်နဲ့ ကိုအေးချမ်းအောင်တို့လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုအဖွဲ့ဝင်များ ဖြစ်ကြသည့် မယမင်းကေသွယ်ခိုင်၊ မဇူးဇူးရာခိုင်နှင့် ကိုအေးချမ်းအောင် (ဝဲမှယာ) တို့ကို တွေ့ရစဉ်။ (Photo: Myanmar Labour Alliance)
မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုအဖွဲ့ဝင်များ ဖြစ်ကြသည့် မယမင်းကေသွယ်ခိုင်၊ မဇူးဇူးရာခိုင်နှင့် ကိုအေးချမ်းအောင် (ဝဲမှယာ) တို့ကို တွေ့ရစဉ်။ (Photo: Myanmar Labour Alliance)

သူတို့အားလုံး အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတဲ့ဒဏ်နဲ့ စစ်ကြောရေးရဲ့ ဒဏ်တွေကြောင့် ကျန်းမာရေး သိပ်မကောင်းဘူးလို့ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု (Myanmar Labour Alliance) က အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"၅၀၅-ကနဲ့ တရားစွဲတယ်ပေါ့။ မတ်လ ၂၉ ရက်နေ့က အမိန့်ချတယ်။ ထောင်ဒဏ် သုံးနှစ်နဲ့ အလုပ်ကြမ်းနဲ့ ဆိုတာပါ ပါတယ်။ သူတို့က ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ မိတဲ့အတွက် ကြည့်မြင်တိုင်ရဲစခန်းက တရားစွဲတာပေါ့။ ဖြစ်တဲ့အချိန်မှာ သေနတ် ပစ်ခတ်ပြီး ဖမ်းဆီးတော့ သူတို့မြေကြီးမှာ ဝပ်ပြီးပုန်းရတော့ ဒဏ်ရာရတာပေါ့၊ စစ်ကြောရေးမှာလည်း ဒဏ်ရာရခဲ့တော့ ဒီဒဏ်ရာတွေကြောင့် ညဘက်ဆို အိပ်မရဘူး ဆိုပြီး ဆေးမှာတာလည်း ကျမတို့ သိရပါတယ်"

ထောင်သုံးနှစ်ချခံရတဲ့အထဲမှာ သတင်းသမားတွေဖြစ်တဲ့ ကိုမြတ်ကိုဦး၊ ကိုပြည့်ဖြိုးသူနဲ့ ကိုစံလင်းဖြိုးတို့လည်း ပါဝင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အလားတူ ထောင်ချခံရတဲ့အထဲ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အရွယ် ရေဘဝဲ ပြည်သူ့ အကျိုးပြုလူငယ်အဖွဲ့ဝင် အမျိုးသမီး နှစ်ဦး၊ အမျိုးသား နှစ်ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT တစ်ဦးလည်း ပါဝင်တယ်လို့ အဲဒီအဖွဲ့ဥက္ကဋ္ဌ ကိုရေဘဝဲက RFA ကို ပြောပါတယ်။

"အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ တရားရုံးကနေ ကျနော်တို့ ရေဘဝဲအဖွဲ့ဝင် ငါးဦးကို ၅၀၅ - က နဲ့ ပုဒ်မတပ်ပြီး ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်ပါတယ်။ ဖမ်းဆီး ထောင်ချခံထားရတဲ့ ရေဘဝဲအဖွဲ့ဝင် ငါးဦးကတော့ ရုံးချိန်းထွက်တဲ့အချိန်တိုင်း ရှေ့နေ၊ မိသားစုနဲ့ တွေ့ခွင့်ရပါတယ်။ အကြမ်းမဖက် ဆန္ဒထုတ်ဖော်တဲ့လူငယ်တွေကို ဒီလိုမျိုး မတရားအမိန့်ချမှတ်တယ်ဆိုတာကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝသီ အလေ့အကျင့်တစ်ခု ဖြစ်နေပါပြီ"

"လူငယ်တွေက ထကြွလာလေ၊ သူတို့ရဲ့ လိမ်ညာတဲ့အစီအစဉ်က ပျက်ပြယ်လေပဲ။ ဒီအတွက်ကြောင့် ဒီလိုမျိုး အကြမ်းဖက်တဲ့နည်းတွေကို သုံးတယ်လို့ ထင်ပါတယ်"

ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ် လူငယ်များသပိတ်ကော်မတီ (PBYSC) အဖွဲ့ဝင် မဂျုဝယ်လ်က မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရှိနေတယ်ဆိုတဲ့ ပုံရိပ်မျိုး နိုင်ငံတကာကို ပြချင်လို့ ဆန္ဒပြသပိတ်လူငယ်တွေကို အင်အားအပြည့်အစုံနဲ့ ဖမ်းဆီးလာတာလို့ RFA ကို ပြောပါတယ်။

"သပိတ်တစ်ခု ထွက်လာပြီဆိုရင် သတင်းတွေက တက်လာပြီ၊ တဖြည်းဖြည်းနဲ့ Twitter အထိ ရောက်ကုန်တယ်။ နိုင်ငံတကာကို ရောက်ကုန်တယ်ပေါ့။ အဲဒီအတွက်ကြောင့် နိုင်ငံကိုတည်ငြိမ်အောင် အုပ်ချုပ်နေတယ်ဆိုတဲ့ အနေအထားမျိုးတွေက ဘယ်လိုမှ သူတို့ လိမ်ညာလို့မရဘူး။ လူငယ်တွေက ထကြွလာလေ၊ သူတို့ရဲ့ လိမ်ညာတဲ့ အစီအစဉ်က ပျက်ပြယ်လေပဲ။ ဒီအတွက်ကြောင့် ဒီလိုမျိုး အကြမ်းဖက်တဲ့နည်းတွေကို သုံးတယ်လို့ ထင်ပါတယ်"

အခုနောက်ပိုင်း မြေပြင်သပိတ်တွေကို စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ အင်အားသုံး ဖမ်းဆီးလာပေမယ့် သပိတ်ဖော်ဆောင်မှုတွေ ရပ်တန့်မသွားဘူးလို့လည်း မဂျူဝယ်လ်က ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း အဲဒီပန်းပင်ကြီးလမ်းမှာ ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က စစ်ကားနဲ့တိုက် ဖြိုခွင်းခဲ့လို့ ဆန္ဒပြသူတွေအပါအဝင် သတင်းထောက် နှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့အထိ အဖမ်းခံထားရသူ စုစုပေါင်း ၁၇၀၅၈ ဦးရှိပြီး အဲဒီအထဲက ၅၂၅၄ ဦးကတော့ ထောင်ချခံထားရပါတယ်။
__________________

(မှတ်ချက်။ ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် ဤသတင်းကို RFA က ပြန်လည်ဆန်းစစ်ပြီးနောက် သတင်းတွင်ဖော်ပြခဲ့သည့် အချက်အလက်များသည် သတင်းထောက်သုံးဦး၏ရှေ့နေဖြစ်သူက RFA ကို ပြောကြားခဲ့သည့်အတိုင်းဖြစ်ကြောင်း အတည်ပြုထားပါသည်။

သတင်းထောက်သုံးဦးသည် ဆန္ဒပြပွဲသတင်းယူနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တရားရုံးတွင် လျှောက်ထားခဲ့သည်ဟု ၎င်းတို့၏ရှေ့နေဖြစ်သူက RFA ကို အတည်ပြု ပြောကြားထားပါသည်။ ၎င်းတို့သည် ဆန္ဒပြရာတွင်ပါဝင်ခြင်း မဟုတ်ဘဲ သတင်းမီဒီယာသမားများအဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။