မြန်မာ့ဒီမိုကရေစီ ကံဆိုးမိုးမှောင်ကျတဲ့ ၂ဝ၂၁
2021.12.30
ဒီ ၂၀၂၁ ခုနှစ်ဟာ မြန်မာပြည်သူတွေအဖို့တော့ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက နောက်တစ်ကြိမ် သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်က အလိုမကျဘဲ အာဏာသိမ်းလိုက်ပြီး၊ နောက်ဆက်တွဲဖြစ်ရပ်တွေက ၂၀၂၁ တစ်နှစ်လုံးကို လွှမ်းမိုးနေခဲ့ပါတယ်။
အာဏာမသိမ်းခင်
ရွေးကောက်ပွဲ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်ရဲ့ စွပ်စွဲချက်တွေက လွှတ်တော်ခေါ်ဖို့ နီးကပ်လာတာနဲ့အမျှ ပိုပြီးပြင်းထန်လာတဲ့အတွက် စစ်တပ်က အာဏာသိမ်းတော့မလားဆိုပြီး ပြည်သူတွေကြားမှာ စိုးရိမ်စိတ်တွေ မသိုးမသန့် ဖြစ်ခဲ့တာပါ။ ဒီအချိန်မှာပဲ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အာဏာသိမ်းမှု ဖြစ်လာမလားဆိုတဲ့ သတင်းထောက်တစ်ယောက်ရဲ့ အမေးကို ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း ပြောဆိုခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့
ဒီလိုပြောပြီး နောက်လေးရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တကယ်ပဲ နိုင်ငံ့အာဏာကို သိမ်းယူလိုက်ပါတော့တယ်။ အစိုးရအကြီးအကဲတွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ဖမ်းဆီးလိုက်ပြီး လူမြင်ကွင်းကနေ ဖျောက်လိုက်တာ ဒီနေ့အထိပါပဲ။နေပြည်တော်မှာ လွှတ်တော်တက်ဖို့ရောက်နေကြတဲ့ ရွေးကောက်ခံအမတ်တွေကိုလည်း တချိန်တည်းတပြိုင်တည်း ဖမ်းဆီးလိုက်ပါတယ်။ တစ်နိုင်ငံလုံးကို စစ်တပ်က အင်တာနက်ဖုန်းလိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတဲ့အတွက်MRTV မြန်မာ့ရုပ်မြင်သံကြားကို စစ်တပ်က ထိန်းချုပ်လိုက်ပြီး နိုင်ငံအာဏာကို သိမ်းယူလိုက်ကြောင်း ကြေညာတော့မှ ပြည်သူတွေ သိခဲ့ရပါတယ်။

အကြမ်းမဖက် လူထုအုံကြွမှုကြီး ပေါ်ပေါက်လာ
မထင်မှတ်ဘဲ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းတာကို ကြုံရတဲ့ မြန်မာပြည်သူတွေဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ အစောပိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ အာဏာသိမ်းပြီး သုံးရက်မြောက်နေ့မှာတော့ ကျောင်းသားလူငယ်၊ တက်ကြွလှုပ်ရှားသူတချို့ လမ်းမပေါ်ထွက် ဆန္ဒပြကြရင်း တစတစနဲ့ တစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုအုံကြွမှုကြီး ပေါ်ပေါက်လာပါတော့တယ်။ အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း ဆန္ဒပြပွဲတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွင်းခဲ့ပါတယ်။ နေပြည်တော်ဆန္ဒပြပွဲကို ကျည်ဆံအစစ်နဲ့ ဖြိုခွဲခဲ့တာကြောင့် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ၂၀၂၁ နွေဦးတော်လှန်ရေးအတွင်း ပထမဆုံးသေဆုံးရသူ ဖြစ်လာပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေကို ကျည်အစစ်တွေသုံးပြီး ပစ်ခတ်တဲ့လုပ်ရပ်ကို နိုင်ငံတကာက ရှုတ်ချနေတဲ့ကြားကပဲ စစ်ကောင်စီဘက်က လက်မတွန့်ဘဲ၊ ဆန္ဒပြသူတွေကို ကလေးလူကြီး၊ အမျိုးသမီးအမျိုးသား မခွဲခြားဘဲ ပစ်ခတ်ခဲ့တဲ့အတွက် နှစ်ကုန်ပိုင်းအထိ သေဆုံးသူ ၁၃၀၀ ကျော် ရှိခဲ့ပါတယ်။

စစ်အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှု
အာဏာသိမ်းစစ်ကောင်စီရဲ့ယန္တရား မလည်ပတ်နိုင်အောင် အစိုးရဝန်ထမ်းတွေ "ရုံးမတက်ဘဲ ရုံးထွက်ကြ" ဆိုတဲ့ဆောင်ပုဒ်နဲ့ ဆင်နွဲခဲ့ကြတဲ့ အာဏာဖီဆန်ရေး CDM လူထုလှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးရဲ့ အဓိက လှုပ်ရှားမှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဆရာဝန်တွေ သူနာပြုတွေ၊ ကျောင်းဆရာဆရာမတွေ၊ ဘဏ်ဝန်ထမ်း၊ စည်ပင်၊ အုပ်ချုပ်ရေး၊ လွှတ်တော်… စတဲ့ အစိုးရဝန်ထမ်းတွေသာမက တပ်မတော်သားနဲ့ ရဲသားတချို့လည်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။
CDM လှုပ်ရှားမှုကြောင့် စစ်ကောင်စီရဲ့ယန္တရားကို အကြီးအကျယ် ထိခိုက်လာချိန်မှာ CDM မှာပါတဲ့သူတွေ၊ CDM ပါဖို့ လှုံဆော်သူတွေ၊ ကူညီထောက်ပံ့နေသူတွေကို အရင်ဆုံး လိုက်လံဖမ်းဆီးခဲ့ပါတယ်။ အဖမ်းမခံရဘဲ လွတ်မြောက်နေသူတွေဟာလည်း ကိုယ့်အိမ်ကိုယ်ယာမှာနေလို့မရဘဲ တိုင်းရင်းသားဒေသ လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးကြရပါတယ်။

နွေဦးတော်လှန်ရေးမှာ သေဆုံးခဲ့ရသူများ
မန္တလေးမြို့က အသက် ၇ နှစ်အရွယ် မခင်မျိုးချစ်ဟာ နေအိမ်ထဲ ဖအေဖြစ်သူရင်ခွင်မှာ ခါးထစ်ခွင်ထားရင်း စစ်ကောင်စီတပ်သားတွေရဲ့ ရမ်းသန်းပစ်ခတ်တဲ့ ကျည်ဆံမှန်ပြီး သေဆုံးခဲ့ရပါတယ်။ ရွှေဘိုမြို့က အသက် ၁၃ နှစ်အရွယ် မောင်ထူးမြတ်ဝင်းဟာလည်း အိမ်ထဲမှာနေရင်း ဝမ်းဗိုက်ထိမှန် သေဆုံးခဲ့ရပါတယ်။ ရန်ကုန်မြို့က ပထမနှစ်ဆေးကျောင်းသား မောင်ခန့်ညားဟိန်းဟာ ဆန္ဒထွက်ပြရင်း ပစ်သတ်တာခံခဲ့ရပါတယ်။ မန္တလေးမြို့က ၁၉ နှစ်အရွယ် မကြယ်စင်ဟာလည်း ရှေ့တန်းကနေ ဆန္ဒပြရင်း ပစ်သတ်ခံခဲ့ရပါတယ်။ လှိုင်သာယာက အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ၊ မုံရွာက ကဗျာဆရာခက်သီ၊ ရန်ကုန်က အငယ်တန်း အင်ဂျင်နီယာ ညီညီအောင်ထက်နိုင်၊ မြစ်ငယ်မြို့က ကုန်စိမ်းထမ်းသမား မောင်ဝေယံထွန်း၊ မြောက်ဒဂုံက ပန်းရံသမား ကိုချစ်မင်းသူ၊ ပြည်မြို့က ရေကြောင်းတက္ကသိုလ် ကျောင်းသား မောင်ထက်မြတ်အောင်၊ ဟံသာဝတီ လူငယ်ဘောလုံးအသင်းခေါင်းဆောင် ကိုချစ်ဘိုဘိုငြိမ်း၊ မိတ်ကပ်အလှဖန်တီးရှင်ကိုသော်ဇင်… စတဲ့ စတဲ့ အလွှာပေါင်းစုံက လူပေါင်းစုံ သတ်ဖြတ်ခံခဲ့ရပါတယ်။

ဖမ်းဆီးမှုများနှင့် စစ်ကြောရေးအတွင်း သေဆုံးမှု
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့သူ တစ်သောင်းနှစ်ထောင်ကျော် ရှိပါတယ်။ စစ်ကောင်စီဟာ ညအချိန်မတော် ဧည့်စာရင်းစစ်ပြီး မသင်္ကာသူတွေကို ဖမ်းဆီးခဲ့သလို မသင်္ကာတဲ့လူငယ်တွေကိုလည်း တွေ့ရာနေရာမှာ ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် လူငယ် ၁၃၀ ထက်မနည်း ပါဝင်ပါတယ်။ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်တို့လို နာမည်ကြီး အနုပညာရှင်တွေလည်း အဖမ်းခံခဲ့ရပါတယ်။ ဒီနေ့ဖမ်းဆီးပြီး နောက်နေ့မှာ အလောင်းပဲ ပြန်ရသူတွေရှိသလို၊ တချို့ဆိုရင် မိသားစုက အလောင်းတောင် ပြန်မရပါဘူး။ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ အယောက် ၈၀ ထက်မနည်း ရှိခဲ့ပါတယ်။
CRPH/NUG ပေါ်ပေါက်လာပုံ၊ လုပ်ဆောင်ချက်များ
စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ CRPH လို့ ခေါ်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။ အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုတွေကို အားပေးဖို့၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၁၆ ရက်နေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆိုပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။
NUG မှာ ဝန်ကြီးဌာန ၁၇ ခု ပါဝင်ပြီး တိုင်းရင်းသားပေါင်းစုံ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတွေ၊ တတ်သိပညာရှင်တွေ၊ လူငယ်တွေပါ ပါဝင်ပါတယ်။ NUG အစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး ဒေါက်တာဆာဆာဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမျက်နှာစာမှာ ထင်ရှားလာပါတယ်။ NUG အစိုးရဟာ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ ဒေသခံကာကွယ်ရေးတပ်တွေကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ငွေကြေးရန်ပုံငွေရဖို့အတွက် အထူး ငွေတိုက်စာချုပ်တွေ ရောင်းချခဲ့ရာမှာ ပြည်တွင်းပြည်ပက စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူအများအပြားက ဝယ်ယူအားပေးခဲ့ကြပြီး စရောင်းတဲ့ တစ်ပတ်အတွင်းမှာတင် အမေရိကန်ဒေါ်လာ ၁၅ သန်းဖိုး ရောင်းချနိုင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ
အာဏာသိမ်း စစ်ကောင်စီကလည်း အစိုးရအဖွဲ့ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ အတော်လေး ကြိုးပမ်းခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို "အာဏာသိမ်းစစ်အုပ်စု၊ စစ်အာဏာရှင်" စသဖြင့် မသုံးနှုန်းဖို့၊ "နိုင်ငံတော်ကောင်စီ" လို့ ခေါ်ဆိုဖို့လည်း အမိန့်ထုတ်ခဲ့ပါတယ်။ စစ်ကောင်စီထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ပါတီတွေက ပုဂ္ဂိလ်တွေအပြင် တိုင်းရင်းသားပါတီတွေက နိုင်ငံရေးသမားတချို့ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ KNU ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်၊ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် တို့လို လူသိများတဲ့ တိုင်းရင်းသားတွေကိုလည်း စစ်ကောင်စီထဲမှာ နေရာပေးခဲ့ပါတယ်။ တခြားတိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေကို ကမ်းလှမ်းခဲ့တာရှိပေမယ့် အများစုကတော့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြပါဘူး။ အာဏာသိမ်း ခြောက်လပြည့်ချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကောင်စီကို အိမ်စောင့်အစိုးရအဖြစ် နာမည်ပြောင်းခဲ့ပြီး သူ့ကိုယ်သူလည်း အိမ့်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

နိုင်ငံတကာမှာ NUG နဲ့ စစ်ကောင်စီ အားပြိုင်မှု
NUG အစိုးနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ဟာ နိုင်ငံတကာအသိအမှတ်ပြုမှု ရဖို့လည်း အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပါတယ်။ ကုလသမဂ္ဂ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ရှုတ်ချပြောဆိုပြီး ပြည်သူ့ဘက်က ရပ်တည်ခဲ့တာကြောင့် နိုင်ငံတကာက ချီးမွမ်းခဲ့ပါတယ်။ စစ်ကောင်စီကတော့ ဒီလုပ်ရပ်အတွက် ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်အဖြစ် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဦးကျော်မိုးထွန်းကို အမေရိကန်ရောက် မြန်မာနှစ်ယောက်က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုတစ်ခုလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတဲ့ ကိစ္စကို အထွထွေညီလာခံက ဆိုင်းငံ့ထားလိုက်တဲ့အတွက် NUG အစိုးရနဲ့ ပူးပေါင်းခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကသာ ကုလသမဂ္ဂမှာ ဆက်ရှိနေပါတယ်။ စစ်ကောင်စီဟာ ဒေသတွင်းအာဆီယံနိုင်ငံတွေကြားမှာ အသိအမှတ်ပြုခံရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာစစ်ခေါင်းဆောင် အာဆီယံညီလာခံ တက်ခွင့်မရခဲ့တဲ့အတွက် လာမယ့် ၂၀၂၂ မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမယ့် ကမ္ဘောဒီးယားကို အသည်းအသန် ချဉ်းကပ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုများ
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကတော့… ဖမ်းဆီးသွားတဲ့နေ့ကစပြီး ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာတာ မရှိသလို ဘယ်သူမှ တိတိကျကျ မသိရပါဘူး။ သူကိုယ်တိုင်လည်း သူ့ကို ဘယ်မှာထားတယ်ဆိုတာ မသိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကို ပြောပါတယ်။ ဒီရှေ့နေတွေကိုလည်း စစ်ကောင်စီက သတင်းမီဒီယာတွေနဲ့ စကားပြောခွင့် ပိတ်ပင်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လိုင်စင်မဲ့ စကားပြောစက် (Walkie Talkie) လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက်ဖြစ်အောင်ကြံရွယ်မှု၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ အဂတိလိုက်စားမှု … စတဲ့စွဲချက်တွေအပါအဝင် အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲထားတာပါ။ ဒီအမှုအားလုံးကို အမြင့်ဆုံးပြစ်ဒဏ်တွေ ချခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း ထောင်ဒဏ်အနှစ်တစ်ရာကျော် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

လက်နက်ကိုင်တိုက်ပွဲများ
အခုတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ လူငယ်တွေအကြောင်း ကြည့်ရအောင်ပါ။ စစ်ကောင်စီဘက်က လက်နက်အားကိုး အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေ သေဆုံးခဲ့ရပြီးနောက်မှာ ဆန္ဒပြလူငယ်တွေဟာ လက်နက်ကိုင် တော်လှန်တဲ့လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU/ KIA ထိန်းချုပ်ဒေသတွေမှာ ဒီလူငယ်တွေ စစ်သင်တန်း တက်ရောက်ခဲ့ကြပြီး NUG အစိုးရက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဖွဲ့ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဒေသခံ PDF တွေ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။ ချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာတော့ ဒေသခံ CDF နဲ့ KNDF အဖွဲ့တွေ အင်အားကြီးလာသလို၊ အရင်က တိုက်ပွဲမဖြစ်ခဲ့ဖူးတဲ့ အညာဒေသ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာလည်း နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း အဲ့ဒီဒေသတွေမှာ စစ်ရဟတ်ယာဉ်တွေပါ သုံးပြီး တိုက်ခိုက်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရပါတယ်။ ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်မှာလည်း အခုနှစ်ကုန်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး တစ်ဖက် ထိုင်းနိုင်ငံကို ထွက်ပြေးကြရပါတယ်။

စစ်ကောင်စီရဲ့ မီးရှို့ သတ်ဖြတ်မှုများ
အာဏာသိမ်းပြီးနောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရတာတွေလည်း ရှိပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့ဆိုရင် အကြိမ်ကြိမ် မီးရှို့ခံခဲ့ရတာကြောင့် နေအိမ် အလုံး ၂၀၀၀ လောက်ရှိတဲ့ မြို့လေးမှာ အိမ်ခြေငါးရာကျော် ပြာကျပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းက အရာတော်၊ ကလေးနဲ့ မင်းကင်းမြို့နယ်၊ ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ရွာတွေ ရွာလုံးကျွတ် မီးရှို့ခံခဲ့ရပါတယ်။
စစ်ကောင်စီဟာ ရွာတွေကို မီးရှို့ရုံတင်မက ဖမ်းမိတဲ့ ရွာသားတချို့ကိုလည်း လက်ပြန်ကြိုးတုတ် အရှင်လတ်လတ် မီးရှို့ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီလုပ်ရပ်တွေကို ငြင်းဆိုထားပါတယ်။ ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မူဆိုရွာမှာ ကလေးငယ်တစ်ဦးအပါအဝင် လူ ၃၅ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီလိုပဲ စစ်ကိုင်းတိုင်း ကလေးမြို့က လူငယ်ခြောက်ယောက်၊ ဆားလင်းကြီး ဒုံးတောရွာက လူ ၁၁ ဦး မီးရှို့ သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာသား ခြောက်ယောက်နဲ့ ကနီမှာလည်း ကလေးတစ်ဦး အပါအဝင် ဒေသခံ ၁၂ ဦး အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးသူတွေဟာ လက်ပြန်ကြိုးတုပ်၊ မျက်လုံးစည်းထားပြီး တချို့ဆို ရုပ်ကိုတောင် မမှတ်မိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းမှာလည်း စစ်တပ်က ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်လို့ တစ်နေ့တည်းမှာ ရွာသား ၂၀ လောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်
အာဏာသိမ်းပြီး ၁၆ ရက်အကြာမှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲအကြောင်း ကြည့်ရအောင်ပါ။ ဒီ သတင်းစာရှင်းလင်းပွဲကို သတင်းဌာနအတော်များများက သပိတ်မှောက်ကြပေမယ့် RFA အပါအဝင် ပြည်တွင်းပြည်ပ သတင်းဌာနက သတင်းသမားတချို့ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီပထမဆုံး သတင်းစာရှင်းလင်းပွဲအတွင်း RFA သတင်းထောက် ဒေါ်အေးအေးမွန်ရဲ့ သတ္တိရှိရှိ မေးမြန်းချက်တွေကိုလည်း ပြည်သူတွေက ချီးကျူးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် သတင်းသမား ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံရ၊ ထောင်ချခံရတာတွေ ရှိခဲ့ပါတယ်။ Myanmar Now , DVB , Mizzima တို့လို သတင်းဌာနကြီးတွေ အပါအဝင် ဒေသအခြေစိုက် သတင်းဌာနတချို့ကို စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘာကျော် CNN သတင်းဌာနက သတင်းထောက် Clarissa Ward ရဲ့ မြန်မာပြည်ခရီးစဉ်ဟာလည်း နိုင်ငံတကာက စောင့်ကြည့်ရတဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ လာရောက်ရတာ ဖြစ်တာကြောင့် လွတ်လွတ်လပ်လပ် သတင်းယူခွင့် မရခဲ့ပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အကြပ်ရိုက်စေမယ့် မေးခွန်းတွေကို မေးမြန်းခဲ့ပါတယ်။ Clarissa Ward နဲ့ စကားပြောခဲ့သူတချို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

စစ်ကောင်စီလက်ထက် ကိုရိုနာဗိုင်းရပ်စ်အခြေအနေ
အခုတော့ စစ်ကောင်စီလက်ထက် ကိုရိုနာဗိုင်းရပ်စ် အခြေအနေတွေကို ကြည့်ရအောင်ပါ။ ကျန်းမာရေးဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်လာတာကြောင့် ဆေးရုံဆေးခန်းတွေမှာ ကုသပေးမယ့်သူမရှိ ဖြစ်ခဲ့ရပါတယ်။ NLD အစိုးရလက်ထက် နိုင်ငံခြားက မှာယူထားတဲ့ ကိုဗစ်ဆေးတွေကို စစ်ကောင်စီက သိမ်းယူလိုက်သလို၊ ဆရာဝန်သူနာပြုတွေ မရှိတာကြောင့် ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေ ဆက်မလုပ်နိုင်ဘဲ ဆေးတွေကို စနစ်တကျ သိမ်းဆည်းမယ့်သူလည်း လုံလုံလောက်လောက် မရှိခဲ့ပါဘူး။ ပြည်သူတွေကတော့ ဗိုင်းရပ်စ်ရဲ့ဒဏ်ထက် စစ်အာဏာရှင်ရဲ့ဒဏ်က ပိုဆိုးတယ်လို့ ခံယူထားကြပါတယ်။ စစ်ကောင်စီက အောက်ဆီဂျင်အိုးတွေကို ကန့်သတ်ထိန်းချုပ်ခဲ့တာကြောင့် အောက်စီဂျင်ပြတ်ပြီး သေဆုံးသူတွေ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့က သုဿန်တွေမှာ အလောင်းတွေကို အလျင်မီအောင် မီးမသင်္ဂြိုဟ်နိုင်တော့ဘဲ စုပုံထပ်ထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုး ကာကွယ်ဖို့ နှာခေါင်းစည်းတပ်တဲ့သူတွေကို စစ်ကောင်စီက ဒဏ်ရိုက် အရေးယူတာလည်းရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအောက် မြန်မာပြည်သူတွေရဲ့ ဆင်းရဲကြပ်တည်းမှု
အခုနောက်ဆုံး စစ်အာဏာသိမ်းမှုအောက် မြန်မာပြည်သူတွေရဲ့ ဆင်းရဲကြပ်တည်းမှုကို ကြည့်ရအောင်ပါ။ အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းတွေ နှစ်ဆကျော် တက်သွားတယ်လို့ အိမ်ရှင်မတွေက ပြောကြပါတယ်။ အလုပ်အကိုင်တွေဆုံးရှုံးပြီး ဝင်ငွေနှစ်ဆ လျှော့ကျသွားတယ်လို့ ဆိုပါတယ်။ မြောက်ဒဂုံမြို့နယ်က ကုန်ခြောက်ရောင်းတဲ့ မဝင်းလဲ့ရည်ကတော့ ကုန်ဈေးနှုန်းကြီးလာတာကြောင့် ရတဲ့ဝင်ငွေကို စုဖို့ မပြောနဲ့ စားရသောက်ရဖို့တောင် အနိုင်နိုင်ပဲလို့ ပြောပါတယ်။လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဆင်းရဲမွဲတေမှုအောက်ကို ရောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ RFA က စကားပြောခဲ့တဲ့ ပြည်သူတွေကတော့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေး ပိုပို ကြပ်တည်းလာနေတယ်လို့ ပြောကြပါတယ်။

ဒါကတော့ ၂၀၂၁ ခုနှစ်အတွင်း စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပြန်လည်တင်ပြခဲ့တာဖြစ်ပါတယ်။