တိုက်ပွဲတွေကြောင့် ယာဉ်လိုင်းတချို့ ပြေးဆွဲမှုယာယီရပ်နား
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နယ်မြေအေးချမ်းမှုမရှိဘဲ ခရီးသွားနည်းပါးလာတယ်ဆိုပြီး ရန်ကုန်-စစ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ ရပ်နားလိုက်ပါတယ်။
-
ဝေယံမိုးမြင့်
2020-01-05 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နယ်မြေအေးချမ်းမှုမရှိဘဲ ခရီးသွားနည်းပါးလာတယ်ဆိုပြီး ရန်ကုန်-စစ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ ရပ်နားလိုက်ပါတယ်။
အခုဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အတော်များများမှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်နေတာ တစ်နှစ်ရှိပါပြီ။ အဲဒီလိုတိုက်ပွဲတွေကြောင့် ခရီးသွားလာမှု နည်းပါးလာသလို ကုန်စည်စီး ဆင်းမှုလည်း နည်းလာတဲ့အတွက် ရန်ကုန်-စစ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့ ယာယီရပ်နားလိုက်ပါတယ်။
ရန်ကုန်-စစ်တွေကို နေ့စဉ် ပြေးဆွဲနေတဲ့ မိုးကောင်းကင်ယာဉ်လိုင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ယာယီရပ်နား လိုက်တာပါ။
ခရီးသည်မရှိသလောက် နည်းပါးလာတဲ့အတွက် ပြေးဆွဲရတဲ့ ကုန်ကျစရိတ် မကာမိဘူးလို့ မိုးကောင်းကင် ယာဉ်လိုင်း တာဝန်ရှိသူ ဦးသန်းနိုင်ဝင်း က ပြောပါတယ်။
ယာဉ်လိုင်းပြေးဆွဲတဲ့အခါ ယာဉ်မောင်း နှစ်ဦး၊ ယာဉ်အကူ နှစ်ဦး လိုက်ပါရပြီး၊ လမ်းကြေး-တံတားကြေးနဲ့ ဆီဖိုးကိုတွက်မယ်ဆိုရင် ရန်ကုန်-စစ်တွေ ခရီးစဉ်တစ်ကြောင်းစာအတွက် ငွေကျပ် ခုနှစ်သိန်း ကုန်ကျစရိတ်ရှိပြီး အသွားအပြန်ဆိုရင် ၁၄ သိန်းကုန်ကျစရိတ်ရှိတယ်လို့ ဆိုပါတယ်။
ခရီးသည် စီးနင်းလိုက်ပါမှုကတော့ ဒီဇင်ဘာလလောက်ကစပြီး သိသိသာသာနည်းပါးလာသလို ရန်ကုန်ကနေ စစ်တွေကိုတင်ပို့တဲ့ ကုန်ပစ္စည်းလည်း နည်းပါးလာတာကြောင့် ပြေးဆွဲမှုကို ရပ်နားလိုက်တာလို့ ဦသန်းနိုင်ဝင်းက ဆက်ပြောပါတယ်။
ဘယ်အချိန်မှာ ပြန်လည်ပြေးဆွဲမယ်ဆိုတာကိုတော့ သူတို့အနေနဲ့ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ ခရီးသွားလာမှု ပြန်များလာပြီး ယာဉ်လိုင်းလိုအပ်ချက်တွေရှိလာပြီဆိုရင်တော့ ပြန်လည်ပြေးဆွဲဖို့ အစီအစဉ် ရှိတယ်လို့ဆိုပါတယ်။
ရန်ကုန်-စစ်တွေ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေအပြင် စစ်တွေ-သံတွဲပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့လည်း ခရီးသည် နည်းပါးလာတဲ့အတွက် ရပ်နားထားရပါတယ်။
ရိုးမရာဇာယာဉ်လိုင်းထဲက စစ်တွေ-သံတွဲ ပြေးဆွဲနေတဲ့ယာဉ်တွေကို နိုဝင်ဘာလလောက်ကစပြီး ရပ်နားထား တယ်လို့ ယာဉ်လိုင်းတာဝန်ခံ ကိုမိုး က ပြောပါတယ်။
ခရီးသည်ကို အဓိကထားပြေးဆွဲတဲ့ ယာဉ်လိုင်းတချို့ ယာယီရပ်နားလိုက်ရတာဖြစ်ပြီး ကုန်စည်သီးသန့် တင်ပို့နေတဲ့ ယာဉ်လိုင်းတွေကတော့ ရပ်နားလိုက် ပြန်ပြေးဆွဲလိုက်နဲ့ ရပ်တည်နေရတယ်လို့ ယာဉ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အခုလိုယာဉ်လိုင်းတွေ ရပ်နားလိုက်ရတာဟာ အစိုးရက ရခိုင်ပြည်သူတွေကို လုံခြုံမှုမပေးနိုင်လို့ ဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးလာသူက ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခ ပါ။
ရခိုင်ပြည်နယ် စစ်တွေမြို့ အဝေးပြေးကားဂိတ်အတွင်း စစ်တွေ - ရန်ကုန်၊ စစ်တွေ - မန္တလေး၊ စစ်တွေ-နေပြည်တော်ယာဉ်လိုင်းတွေနဲ့ စစ်တွေ-သံတွဲပြေးဆွဲနေတဲ့ ယာဉ်လိုင်းလေးလိုင်း အပါအဝင် စုစုပေါင်း ယာဉ်လိုင်း (၂၂)ခု ရှိတယ်လို့ သိရပါတယ်။
အဲဒီယာဉ်လိုင်းတွေထဲမှာ ခရီးသည်ကို အဓိကထားပို့ဆောင်တဲ့ ယာဉ်လိုင်းတွေပါဝင်သလို ကုန်စည်ကို သာပို့ဆောင်ပေးတဲ့ ယာဉ်လိုင်းတွေလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်ဟာ ရန်ကုန်ကနေ တင်ပို့တဲ့ အခြေခံစားသောက်ကုန်အတော်များများကို မှီခိုနေရတာပါ။ လက်ရှိ မှာတော့ နယ်မြေမတည်ငြိမ်မှုတွေ၊ စစ်ဆေးမှု များတာတွေကြောင့် လမ်းခရီးမှာ အချိန်ကြန့်ကြာတာတွေ ရှိလာ တဲ့အတွက် ကုန်စည်စီးဆင်းမှုလည်း နည်းပါးလာတယ်လို့ ဆိုကြပါတယ်။ အလားတူ ခရီးသည်တွေဟာလည်း နယ်မြေမတည်ငြိမ်မှုတွေကြောင့် ကုန်းလမ်းကနေ အသက်စွန့်သွားလာဖို့ထက် ကုန်ကျစရိတ် ပိုများတဲ့ လေကြောင်းလိုင်းကနေ အသွားအလာ ပိုများလာတယ်လို့ ပြောကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် စစ်တွေကနေ ရန်ကုန်ကို ကုန်းလမ်းကနေ ငွေကျပ် နှစ်သောင်းကျော်သုံးပြီး ရောက်ရှိနိုင်ပေမယ့် လေယာဉ်နဲ့ဆိုရင်တော့ တစ်သိန်းဝန်းကျင်အထိ သုံးရတာဖြစ်တဲ့အတွက် လေယာဉ်နဲ့ သွားလာတာ နည်းခဲ့တာပါ။ အခုဆိုရင်တော့ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ၂၀၁၉ နှစ်လယ်လောက်ကစလို့ လေကြောင်းလိုင်းကို ပိုမိုရွေးချယ် အသုံးပြုလာကြတယ်ဆိုပေမယ့် အခြေခံလူတန်းစားတွေအတွက်ကတော့ လေယာဉ်နဲ့ သွားလာနိုင်ဖို့ ခက်ခဲတာကြောင့် အခုလိုယာဉ်လိုင်းတွေ ယာယီရပ်နားလိုက်တာဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။
တချိန်တည်းမှာလည်း ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ ကြားကားလို့ခေါ်တဲ့ စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်- မြောက်ဦး-မင်းပြား ကားလေးတွေလည်း ပြေးဆွဲမှု ရပ်ထားတဲ့အတွက် ရှပ်ပြေးတွေနဲ့ပဲ သွားလာကြတော့တယ်လို့ ဆိုကြပါတယ်။