ရန်ကုန်မှာပြုလုပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့
2014.12.15
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ လူ့အခွင့်အရေးပွဲတော်ကို မနေ့ညက စပြီး မနက်ဖြန် ဒီဇင်ဘာလ ၁၅ ရက်အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
မနေ့က ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတကာသံအမတ်ကြီးတွေနဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌတို့လည်း တက်ရောက် စကားပြောကြားခဲ့ပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က လူ့အခွင့်အရေးနေ့ အခမ်းအနားအကြောင်း ကောက်နှုတ် တင်ပြထားပါတယ်။
နှစ်စဉ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ဒီနှစ်ဆောင်ပုဒ်က လူ့အခွင့်အရေး ၃၆၅ ရက်ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို သတ်မှတ်ထားတဲ့ နေ့ရက်မှာသာ သတိရကြတာမျိုး မဟုတ်ပဲ နေ့တိုင်း လူ့အခွင့်အရေးကို အားလုံးကလေးစားလိုက်နာကြဖို့ လိုအပ်တဲ့အတွက် အဲ့ဒီလို ဆောင်ပုဒ် သတ်မှတ်လိုက်တာလို့ သိရပါတယ်။
မနေ့ကစပြီး ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးပွဲတော်ကို မနေ့ညနေက စတင်ဖွင့်လှစ်လိုက်တာဖြစ်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရ က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေသေးကြောင်း ပြောပါတယ်။ လူ့အခွင့်အရေးဆိုတာကို အများပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် ပညာပေးကဏ္ဍဟာ အရေးကြီးတဲ့အကြောင်း အဓိကထားပြောခဲ့ပါတယ်။
ဖွင့်ပွဲကို နိုင်ငံတကာ သံတမန်တွေကလည်း တက်ရောက်ပြီး အခုလို လူ့အခွင့်အရေး အခမ်းအနားတွေ ကျင်းပနိုင်တဲ့အတွက် ချီးကျူးဂုဏ်ပြု ပြောဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက် မစ်ချဲလ်က လူ့အခွင့်အရေးဆိုတဲ့ အဓိပ္ပါယ်ကို အခုလို ပြောခဲ့ပါတယ်။
ဦးဝင်းမရ။ ။လူ့အခွင့်အရေး အကောင်အထည်ဖော်တဲ့နေရာမှာ အနှောက်အယှက်များ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်၊ နောက်တစ်ခါ ကူးစက်တက်တဲ့ရောဂါတွေ ပတ်ဝန်းကျင် ပျက်စီးမှုများဟာလည်း လူသားတွေအတွက်နေပြီးတော့ ခြိမ်းခြောက်မှုများ ဖြစ်နေတာကို တွေ့တယ်ဆိုတဲ့အကြောင်းကို ဖော်ပြလိုပါတယ်၊ အခုဖြစ်ပေါ်နေတဲ့ပြဿနာများ ရေရှည်တည်တန့်မယ့်အဖြေကို ရှာပေးဖို့ ကျနော်တို့လိုပါတယ်၊ ပြဿနာတရပ်ဆိုတာဟာ ပြီးစလွယ် ကျနော်တို့ ဖြေရှင်းလို့မရပဲ ရေရှည်တည်တန့်စွာ ကျနော်တို့ ခိုင်မြဲဖို့လိုပါတယ်၊ ဒီလို ကျနော်တို့ ပြဿနာတွေဖြေရှင်းဖို့ လိုတဲ့အခါမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတဲ့အခါမှာ လုံလောက်တဲ့ ဗဟုသုတကိုတော့ သိဖို့လိုပါတယ်၊ လူ့အခွင့်အရေး ခံစားရမယ်သာပြောတယ် စားရေးသောက်ရေး၊ နေရေးထိုင်ရေး လိုတယ်လို့သာပြောပေမယ့် ဒီအခွင့်အရေးတွေကို ကျနော်တို့က မတောင်းဆိုတက်လို့ရှိရင် တောင်းဆိုမှုဗဟုသုတ မရှိဘူးဆိုလို့ရှိရင်ဖြင့် ကျနော်တို့ ဒီအခွင့်အရေးတွေကို ခံစားနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ လူ့အခွင့်အရေးကို ခံစားဖို့ဆိုတဲ့အခါမှာ အရေးကြီးတာကဆိုလို့ရှိရင် ပညာဗဟုသုတရရှိဖို့ပဲဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ဒီနှစ်လူ့အခွင့်အရေးဆောင်ပုဒ်ဟာ လူ့အခွင့်အရေး ၃၆၅ ရက်လို့ အမည်ပေးထားပါတယ်။ လူ့အခွင့်အရေးဆိုတာကို သတ်မှတ်ထားတဲ့ နေ့ရက်မှာတင် ပြောဆိုကြတာ မဟုတ်ပဲနေ့စဉ် ကာကွယ်စောင့်ရှောက်သွားရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အာဏာပိုင်တွေဟာ လူ့အခွင့်အရေးဆိုတာကို လက်တွေ့ကျင့်သုံးဖို့ တာဝန်ရှိသလို လူတိုင်းလည်း ကျင့်သုံးနိုင်အောင် အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ လူ့အခွင့်အရေးဆိုရာမှာ လူမျိုးကိုးကွယ်ရာဘာသာ အသားအရောင် စတာတွေခွဲခြားမှုမရှိပဲ အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ နိုင်ငံအားလုံးလိုက်နာရမယ့် လူ့အခွင့်အရေးဆိုတာကိုတော့ အနောက်နိုင်ငံတွေမှာ ရွှေရောင်ပြဌာန်းချက်ဆိုပြီး အမွှန်းတင် ဂုဏ်ယူကြပါတယ်လို့ ပြောသွားတာပါ။
နိုင်ငံတကာ လူ့အခွင့်အရေးပွဲတော်ကို အရင်နှစ်တွေက သာမန်အခမ်းအနားနဲ့သာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ လူ့အခွင့်အရေးပွဲတော်အဖြစ် ပြည်သူ့ရင်ပြင်မှာ စည်စည်ကားကား ကျင်းပကြတာ ဖြစ်ပါတယ်။
အဲ့ဒီပွဲဖြစ်မြောက်အောင် ကျင်းပခဲ့တဲ့ equality maynmar တရားမျှတခြင်း မြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း အခမ်းအနားမှာ လူ့အခွင့်အရေးဟာ ဘာကြောင့်အရေးကြီးသလဲဆိုတာကို အခုလိုပြောခဲ့ပါတယ်။
ဦးအောင်မျိုးမင်း။ ။Rights ဆိုတဲ့စကားလုံးတစ်ခုက ဘယ်တော့မှ တစ်ခြမ်းတည်းမလာပါဘူး၊ ခေါင်းနဲ့ ပန်းလိုပဲ၊ ဒင်္ဂါးပြားလိုပဲဖြစ်ပါတယ်၊ အဲ့ဒီတော့ ၃၆၅ ရက်ကို ကျနော်တို့ ဘာသာပြန်မယ်ဆိုရင် Rights အရ လူတိုင်းလူတိုင်းဟာ ဘယ်လိုမျိုး အသားအရောင်၊ ဘယ်လိုစကားပဲပြောပြော၊ ဘယ်လိုအခြေအနေမျိုးပဲရှိရှိ၊ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ဘယ်လိုစိတ်ထားမျိုးပဲရှိရှိ လူတိုင်းလူတိုင်း လူ့အခွင့်အရေး ခံစားခွင့်ရှိတယ်ဆိုတဲ့ Rights ဆိုတဲ့ ခံစားခွင့်အပိုင်းဖြစ်ပါတယ်။
လူ့အခွင့်အရေးပွဲတော်ကို လူငယ်အတော်များများ တက်ရောက်ခဲ့ကြပါတယ်။ ရန်ကုန်မြို့တာမွေမြို့နယ်က လူငယ်တစ်ဦးကတော့ လူ့အခွင့်အရေးဆိုတာကို အခုလို မြင်ပါတယ်။
အမျိုးသမီးလူငယ်။ ။လူ့အခွင့်အရေးဆိုတာကတော့လေ ယောက်ကျားလေးရော၊ မိန်းကလေးရော အကုန်လုံးက တန်းတူအခွင့်အရေး ရသင့်တယ်လို့မြင်တယ်၊ တချို့နိုင်ငံတွေမှာဆိုလို့ရှိရင် မိန်းကလေးက လူ့အခွင့်အရေးကို ညီတူညီမျှမရတာလည်း ရှိတယ်ပေါ့၊ အဲ့ဒီတော့ မိန်းကလေးရော ယောက်ကျားလေးရော တန်းတူအခွင့်အရေး ရစေချင်တယ်ပေါ့နော်၊ ကိုယ်ကလူငယ်တစ်ယောက် အနေနဲ့လည်းပဲ တန်းတူအခွင့်အရေးလိုချင်တယ်။
လူ့အခွင့်အရေးပွဲတော်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ပြပွဲတွေ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အခွင့်အရေးနဲ့ တာဝန်ယူမှုအပိုင်းတွေကို ရှင်းပြထားတဲ့ လက်ကမ်းစာစောင်တွေနဲ့ လူ့အခွင့်အရေး လှုံ့ဆော်တဲ့ အသိပညာပေး အစီအစဉ်တွေကိုလည်း တွေ့ရှိရပါတယ်ရှင်။