ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အကြောင်း စုစည်းတင်ပြချက်
ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ World AIDS Day ဟာ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ မြန် မာနိုင်ငံ ဒေသအသီးသီးမှာ အထိမ်းအမှတ် အခမ်း အနားတွေကိုကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်ခံရသူတွေအရေအတွက်ဟာ လွန်ခဲ့ တဲ့ ၂ နှစ်ကအတိုင်း ရှိနေပြီး ထပ်တိုးလာခြင်းမ ရှိသေးဘူးလို့ သိရပါတယ်။
-
2014-12-02 -
-
-
Your browser doesn’t support HTML5 audio
ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ World AIDS Day ဟာ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ မြန် မာနိုင်ငံ ဒေသအသီးသီးမှာ အထိမ်းအမှတ် အခမ်းအနားတွေကိုကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်ခံရသူတွေအရေအတွက်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကအတိုင်း ရှိနေပြီး ထပ်တိုးလာခြင်းမရှိသေးဘူးလို့ သိရပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ဆက်ထားပါတယ်။
ဒီနေ့ဒီဇင်ဘာလ ၁ ရက်နေ့ကို World AIDS Day အဖြစ်သတ်မှတ်ထားတာဖြစ်ပြီး ဒီနေ့မှာ HIV/ AIDS ကူးစက်ခံထားရသူတွေအတွက် စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ အခမ်းအနားတွေပွဲတွေကို မြန်မာနိုင်ငံ က ဒေသအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။
မန္တလေးမြို့ မြို့တော်ခန်းမမှာ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ (World AIDS Day 2014) အခမ်းအနား ကို ဒီနေ့ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေရုံးမှာ ဒီနေ့မနက်မှာ အခမ်း အနားကျင်းပခဲ့သလို ကန်တော်ကြီးပန်းခြံ လက်မူကုန်းမှာ AIDS Link International က ဦးဆောင်စီစဉ်ပြုလုပ်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ညနေ ၅ နာရီကနေ ၉ နာရီထိ ကျင်းပမှာဖြစ်ပါတယ်လို့ သိရပါတယ်။
ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဒီနေ့ နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးရုံးမှာကျင်းပခဲ့ပါတယ်။
အဲ့ဒီပွဲမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က နိုင်ငံတွင်း ART ဆေးသောက် သုံးရမယ့် ဝေဒနာရှင် တစ်သိန်းနှစ်သောင်းကျော်ရှိပြီး ၇ သောင်း ၅ ထောင်ကျော်ဟာ ဆေးရယူသုံးစွဲနေနိုင်ပြီ လို့ ပြောပါတယ်။
ဒေါက်တာသန်းအောင်။ ။ခန့်မှန်းတွက်ချက်မှှုများအရ ၂ဝ၁၃ ခုနှစ်တွင် ART ဆေးဝါးဖြင့် ကုသပေးရန် လိုအပ်သောလူနာပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိတဲ့အနက် ၂ဝ၁၄ ခုနှစ်ဇွန်လအထိ ရရှိသော စာရင်းဇယားအရ ခုခံအားကျခံစားရောဂါတိုက်ဖျက်ရေး စီမံချက်အနေနဲ့ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းပေါင်းတွေနဲ့ ပူးပေါင်းပြီး HIV/AIDS လူနာစုစုပေါင်း ၇ သောင်း ၅ ထောင်ခန့်ကို ART ဆေးဝါးဖြင့် အခမဲ့ကုသနိုင်ခဲ့ပါတယ်၊ ၂ဝ၁၆ ခုနှစ်အကုန်မှာ ART ဆေးဝါးဖြင့် ကုသရန်လိုအပ်တဲ့ လူနာစုစုပေါင်း ၁ သိန်း ၁ သောင်းခန့်ကို အခမဲ့ကုသနိုင်ရန် စီစဉ်းထားရှိပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။
မြန်မာနိုင်ငံကဝေဒနာရှင်အများစုဟာ ပြည်ပအထောက်အပံ့နဲ့ ရပ်တည်နေရတာဖြစ်ပြီး ဆင်းရဲမွဲတေ တဲ့ နိုင်ငံစာရင်းက မြန်မာနိုင်ငံလွှတ်မြောက်လာချိန်မှ အဲ့ဒီအထောက်အပံ့တွေ ရရှိတော့မှာမဟုတ်တဲ့ အတွက် ပြည်တွင်းမှာပဲ ဝေဒနာရှင်တွေကိုထောက်ပံ့နိုင်ဖို့ နည်းလမ်းတွေစတင် လုပ်ဆောင်သင့်ပြီလို့ Marie Stopes International က Country Director ဒေါက်တာစစ်နိုင်က ပြောပါတယ်။
ဒေါက်တာစစ်နိုင်။ ။အခုလောလောဆယ်ရှိတယ် ပြည့်စုံတယ်ဆိုတာက နိုင်ငံတကာ အထောက်အပံ့တွေ က တော်တော်လေးခပ်များများ ဝင်ထားပြီးပေးနေလို့ပေါ့နော်၊ အဲ့ဒါတွေတကယ်လို့ အကြောင်းတစ်ခု ခုကြောင့် လျော့နည်းသွားမယ်၊ ဥပမာ ကျနော်တို့ အဆင်းရဲဆုံးနိုင်ငံစာရင်းကနေ လွတ်ထွက်သွားလို့ ဒီနိုင်ငံတကာ အထောက်အပံ့တွေ လျော့နည်းသွားမယ်ဆိုရင် အဲ့ဒါဆိုရင် နိုင်ငံတော်ဘက်က ပြည်တွင်ကနေပိုပြီး စိုက်ထုတ်သုံး စွဲရဖို့တွေ အများကြီးရှိတယ်၊ အဲ့ဒါကတော့ မကြာမီနှစ်တွေမှာပဲ ဒီစိန်ခေါ်မှှုတွေက ပေါ်လာတော့မှာ။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ တစ်ရက်ကိုပျှမ်းမျှ ၁၈ ဦးဟာ HIV ရောဂါပိုး ကူးစက် ခံနေရတယ်လို့သိရပါတယ်။
ဒါပေမယ့် HIV/AIDS ရောဂါကူးစက်ခံရသူအရေအတွက်ဟာ အရင်နှစ်နှစ်ကဦးရေထက် လျှော့ကျ လာတယ်လို့ ဆိုပါတယ်။ နေ့စဉ်ကူးစက်ခံရမှုတွေရှိနေပေမယ့် ဆေးမသောက်ပဲသေဆုံးသူတွေ ရှိတဲ့အတွက် ဝေဒနာရှင်ဦးရေ ဟာ တိုးမြင့်လာခြင်းမရှိတာလို့ သိရပါတယ်။
ရောဂါကူးစက်ပျံနှံမှုမှာ အိမ်ထောင်ရှင်ယောက်ျားကနေ မိန်းမထံကူးစက်ခံရသူတွေ၊ မူးယစ်ဆေးကို သွေးကြော တွင်းထိုးသွင်းသူတွေ၊ လိင်တူဆက်ဆံသူတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေဆီက ကူးစက်ခံရမှုတွေဟာ အမြင့်ဆုံးဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေ့ဟာ ရောဂါကူးစက်ခံထားရသူတွေကို စာနာနားလည်ပေးဖို့အတွက် အသိပေးတဲ့နေ့တစ်နေ့ ဖြစ်ပြီး ဒီရောဂါဟာ ရောဂါတွေထဲကတစ်ခုပဲ ဖြစ်တယ်ဆိုတာကို လူတွေကနားလည် လက်ခံလာဖို့ လိုအပ်တယ်လို့ သုခရိပ်မြုံဂေဟာကို ဦးဆောင်တည်ထောင်သူ ဆရာမသန်းမြင့်အောင်က ပြောပါတယ်။
ဆရာမ သန်းမြင့်အောင်။ ။သူတို့ကိုသူတို့ ယုံကြည်မှှုတွေရှိလာတာပေါ့၊ သူတို့ဆိုတာကလည်း လူသားပဲလေ၊ လူတစ်ယောက်ဆိုတာ ရောဂါတစ်မျိုးတော့ ဖြစ်တက်တာပဲလေ၊ HIV ပိုးကူးစက်ခံရမှ ရောဂါမဟုတ်ပါဘူး၊ တီဘီလည်း ရောဂါပဲ၊ ကင်ဆာလည်း ရောဂါပဲ၊ ဆင်းရဲနွမ်းပါးမှှုကလည်း ရောဂါဘယကို ထူပြောစေတယ်ပေါ့၊ အဲ့ဒီတော့ အားလုံးဟာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရမယ်၊ စောင့်ရှောက်နိုင်ရမယ်၊ ကိုယ့်ရောဂါကလည်း သူများ ဆီကို မရောက်သွားအောင် သူများဆီကရောဂါတွေက ကိုယ့်ဆီကိုအလွယ်တကူ ဝင်မလာအောင် သိတော့ရှိဖို့ လိုတယ်၊ တကယ်တမ်းကျတော့ HIV ပိုးကူးစက်ခံထားရသူရဲ့ ခန္ဓာကိုယ်က HIV ပိုးဟာ လူကောင်းတစ်ယောက်ဆီ ကိုရောက်ဖို့ တော်တော်ခဲယဉ်းပါတယ်၊ အသိရှိရင်မရောက်ပါဘူး၊ ကာကွယ်နိုင်ရင်မရောက်ပါဘူး၊ HIV ပိုးကူးစက် ခံထားရတဲ့သူတွေဆီကိုသာ လူကောင်းတွေဆီကနေပြီးတော့ မကြာခဏဝင်တက်တဲ့ ဗိုင်းရပ်စ်တွေက သူတို့ဆီ ကူးသွားတာ ပိုလွယ်ပါတယ်။
ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ဆောင်ရွက်နေတာမှာ ကူးစက်ခံရမှုအတွက်သာ အသိပညာပေးမှုများပြား ပြီး လူမှုဝန်းကျင်က နားလည်လက်ခံလာစေဖို့ အသိပညာပေးတာ နည်းပါးနေတယ်လို့သိရပါတယ်။ အဲ့ဒီအတွက် ရန်ပုံငွေသုံးစွဲမှုကိုလည်း တိုးမြင့်ဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ကျမ်းမာရေးအသုံးစရိတ်ဟာ နိုင်ငံတော်ဘတ်ဂျတ်ရဲ့ ၄ ရာခိုင်နှုန်းသာရှိတဲ့ အတွက် ရောဂါတွေထဲ က တစ်ခုဖြစ်တဲ့ HIV/AIDS အတွက် သုံးစွဲမယ့်အသုံးစရိတ်ဟာ လောက်ငမှုမရှိသေးဘူးလို့ သိရပါတယ်ရှင်။