စစ်မှုထမ်းဥပဒေကြောင့် မလေးရှားရောက်မြန်မာလူငယ်တွေ ခက်ခဲနေ

RFA Burmese
2024.04.10
စစ်မှုထမ်းဥပဒေကြောင့် မလေးရှားရောက်မြန်မာလူငယ်တွေ ခက်ခဲနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့်ကို တွေ့ရစဉ်။
Jabatan Imigresen Malaysia

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် မြန်မာလူငယ်တော်တော်များက မလေးရှားနဲ့ ထိုင်းနိုင်ငံကို အများဆုံးထွက်ကြတယ်လို့ လူငယ်တွေနဲ့ ကူညီနေတဲ့အဖွဲ့အစည်းတွေက ပြောပါတယ်။

မလေးရှားကို သွားကြတဲ့ လူငယ်အများစုက တရားမဝင် သွားကြသူများတာကြောင့် အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေတယ်လို့ မတ်လဆန်းလောက်ကတည်းက မလေးရှားကို ရောက်နေတဲ့ အသက် ၂၃ နှစ်အရွယ် ကိုအဇောင်းက ပြောပါတယ်။

"အစကတော့ ကျွန်တော်ကတော့ ထိုင်ဝမ်သွားဖို့ ထိုင်ဝမ်စာတွေ သင်နေတာ။ ထိုင်ဝမ်သွားဖို့က ၉ လပိုင်းလောက်မှာ သွားရမှာ။ အဲဒီအချိန်မှာ စစ်မှုထမ်းဥပဒေရောက်လာတော့ ကျွန်တော့် သူငယ်ချင်းတွေ စစ်မှုထမ်းခေါ်တဲ့အထဲမှာ ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကလည်း ကြောက်ပြီး မလေးရှားကိုလာရတာပေါ့။ အခုလည်း မလေးရှားမှာ အလုပ်တွေ သွားလျှောက်တော့ အောက်လမ်းကနေ လာရတဲ့အတွက် နိုင်ငံကူးလက်မှတ် မရှိဘူး။ အခုချိန်ထိလည်း ကျွန်တော် အလုပ်မရသေးဘူး။ အလုပ်ရဖို့လည်း တအားခက်နေတယ်”

တရားဝင်အထောက်အထားတွေ မရှိတာကြောင့် အလုပ်အကိုင်ရှာဖို့ ခက်ခဲနေသလို အဖမ်းခံရပြီးနောက် မြန်မာပြည် ပြန်ပို့ခံရမှာကိုလည်း မြန်မာလူငယ်တွေ စိုးရိမ်နေကြပါတယ်။

မလေးရှားကို တရားမဝင်သွားတဲ့ အသက် ၂၀ အရွယ် မအမွန်းက.. စစ်မှုမထမ်းချင်တာကြောင့် မြန်မာနိုင်ငံက ထွက်လာခဲ့ပေမယ့် မလေးရှားမှာလည်း စိတ်မလုံခြုံဘူးလို့ ပြောပါတယ်။

“မလေးရှားမှာ တရားမဝင်လာတယ်ဆိုတော့ လုံခြုံမှုကတော့ မရှိဘူး။ အခု မလေးရှားမှာ နေ့တိုင်းလိုလို နေ့တိုင်းလိုလို အော်ပရာစီ ဝင်တယ်ပေါ့နော်။ UN card (UNHCR မလေးရုံးက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့သူ) ရှိတဲ့သူတွေတောင်မှ သူတို့က ဖမ်းတယ်ဆိုတော့ ညီမတို့ဆီမှာ UN Card လည်း မရှိဘူးဆိုတော့ ပိုပြီးတော့ လုံခြုံမှုမရှိပါဘူး။ အခက်အခဲက အများကြီးပဲ။ အခုက အဖမ်းအဆီးက တော်တော်များတယ်ဆိုတော့ အဓိက သွားရ လာရတာ တော်တော်လည်း အခက်ခဲဖြစ်တယ်။ တရားမဝင်လာတယ်ဆိုတော့ အဖမ်းခံရမှာ ကြောက်တယ်။ အလုပ်မရတဲ့သူတွေလည်း တော်တော်များများ ရှိလာတယ်ဒီမှာက”

၂ဝ၂၃ နှစ်ကုန် ဒီဇင်ဘာလအစောပိုင်းကစပြီး "အော်ပရာဇီစစ်ဆင်ရေး" အဖြစ် တရားမဝင်နေထိုင်သူတွေကို ရှောင်တခင် စစ်ဆေးဖမ်းဆီးမယ်လို့ မလေးရှားရဲတပ်ဖွဲ့က ကြေညာထားပြီး ဆက်တိုက် ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

"တရားမဝင်လာတယ်ဆိုတော့ အဖမ်းခံရမှာ ကြောက်တယ်။ အလုပ်မရတဲ့သူတွေလည်း တော်တော်များများ ရှိလာတယ် ဒီမှာက"

မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကနေ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းလုပ်သားနဲ့ ဒုက္ခသည် ၁၂,၀၀၀ ခန့် မလေးရှားမှာ ဖမ်းဆီးခံထားရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးနဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးရဲ့ ထုတ်ဖော်ပြောကြားချက်ကို ကိုးကားပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေအရ အများဆုံးထောင်ဒဏ် သုံးလအထိ ပြစ်ဒဏ်ကျခံရနိုင်ပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့ခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီနေတဲ့အဖွဲ့အစည်း (MWO-M) အတွင်းရေးမှူး မချိုက… မလေးရှားအစိုးရက အဖမ်းအဆီး တင်းကျပ်နေချိန်ဖြစ်တာကြောင့် မြန်မာလူငယ်တွေအတွက် အန္တရာယ်များတယ်လို့ ပြောပါတယ်။

“ဒီမှာရှိတဲ့လူတွေကလည်း တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့အတွက်ကြောင့် အဖမ်းအဆီးကိစ္စတွေလည်း စိုးရိမ်မှုတွေရှိနေတာ။ ဆိုတော့ အလုပ်အကိုင်လည်း သူတို့ရှားပါးတယ်၊ အဖမ်းအဆီးကိစ္စလည်း ရင်ဆိုင်နေရတယ်။ အခုမလေးရှားမှာ နေရာတိုင်းမှာ၊ နယ်မြေတိုင်းမှာ အိုပရာစီဆိုတာ နေ့တိုင်းရှိတာ ဘယ်နေရာမှာပဲ ဖမ်းလိုက်ဖမ်းလိုက် မြန်မာဆိုတာ မရှိသလောက်ပဲ”

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က မလေးရှားနိုင်ငံ ဆီလမ်ဂေါပြည်နယ်အတွင်း တရားမဝင် နေထိုင်နေသူများအား မလေးရှားရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးစဉ်။ (Photo: Jabatan Imigresen Malaysia)
၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က မလေးရှားနိုင်ငံ ဆီလမ်ဂေါပြည်နယ်အတွင်း တရားမဝင် နေထိုင်နေသူများအား မလေးရှားရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးစဉ်။ (Photo: Jabatan Imigresen Malaysia)

စစ်မှုထမ်းဥပဒေကြောင့် ပုဂ္ဂလိက ကျောင်းဆရာမအလုပ်ကနေထွက်ပြီး မလေးရှားကို ရောက်လာတဲ့ အသက် ၂၁ နှစ်အရွယ် မအစင်က မလေးရှားမှာ အဖမ်းခံရပြီး မြန်မာပြည် ပြန်ပို့ခံရမှာ စိုးရိမ်နေပါတယ်။

“ (အလုပ်ကိုသွားတဲ့ချိန်) ရဲကိုမတွေ့အောင် ကွေ့ပတ်ရှောင်ပြီးတော့ သွားရတော့ ကျွန်မတို့အတွက် ခက်ခဲတယ်။ မနက်အစောကြီးဆိုတော့ ကြောက်လည်းကြောက်ရတယ်ပေါ့နော်။ တကယ်လို့များ ရဲကတွေ့ပြီဆိုရင် မြန်မာနိုင်ငံကိုပြန်ပို့တယ်လို့ ကြားတာပေါ့နော်။ မြန်မာပြည်ကိုကျတော့ မပြန်ချင်ဘူး။ တကယ်လို့များ မြန်မာပြည်ကိုပြန်ပို့ရင် စစ်မှုထမ်းခိုင်းမှာကိုလည်း ကျွန်မက စိုးရိမ်တယ်”

တရားမဝင်နေထိုင်လို့ အဖမ်းခံထားရတဲ့သူတွေ ဒဏ်ငွေဆောင်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်ရင် ထောင်ဒဏ်မခံရဘူးဆိုတဲ့ အစီအစဉ်သစ်တစ်ရပ်ကို မလေးရှားအစိုးရက ဒီမတ်လဆန်းမှာ ကြေညာထားပါတယ်။

မလေးရှားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသား သုံးသိန်းလောက်ရှိတယ်လို့ မလေးရှားရောက် မြန်မာအဖွဲ့အစည်းတွေက ပြောပါတယ်။ မလေးရှားက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းတွေအရ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၁၉၀,၀၀၀ နီးပါး ရှိပြီး အဲဒီထဲမှာ ၁၆၀,၀၀၀ ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အကျုံးဝင်ပြီး၊ ပညာရှင်အမျိုးသားဆိုရင် အသက် ၄၅ နှစ်အထိ၊ ပညာရှင်အမျိုးသမီးဆိုရင် အသက် ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။

ဒီဥပဒေအရ ဧပြီလကစပြီး ပထမအသုတ်ကို လူငါးထောင်စီ စုဆောင်းနေပြီး ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။