နိုင်ငံခေါင်းဆောင်ပိုင်းမှာ အမျိုးသမီးဦးရေနည်းပါး

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် နိုင်ငံရေးမှာ ပိုဦးဆောင်နိုင်တယ်လို့ ကမ္ဘာတစ်ဝန်းက လူထက်ဝက်က ထင်မြင်ယူဆကြတဲ့အကြောင်း UNDP ကုလသမဂ္ဂအစီအစဉ်က နောက်ဆုံးထုတ်ပြန်တဲ့ GSNI ကျား-မ လူမှုစံနှုန်းများ ညွှန်းကိန်းအစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ဆယ်စုနှစ်အတွင်း အမျိုးသမီးတွေကို နေရာမပေးတဲ့ ကျား-မ ခွဲခြားဘက်လိုက်မှုက ဒီနေ့ထိ ဘက်လိုက်နေတုန်းပဲလို့လည်း ရေးသားပါတယ်။

ဇွန် ၁၂ ရက်က အစီရင်ခံစာ ထုတ်ပြန်တာဖြစ်ပြီး လူ ၄၀ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးအလုပ်အမှုဆောင်တွေထက် လုပ်ငန်းမှာ ပိုတွင်တွင်ကျယ်ကျယ်လုပ်နိုင်တယ်လို့ ထင်မြင်ယူဆတယ်လို့လည်း ဖော်ပြပါတယ်။

လူ ၂၅ ရာခိုင်နှုန်းဟာ ခင်ပွန်းက ဇနီးကို ရိုက်နှက်တာ တရားတယ်လို့ ယူဆတဲ့အကြောင်း World Values Survey ကမ္ဘာ့ စံထားမှု နောက်ဆုံးစစ်တမ်းမှာပါရှိပါတယ်။ နိုင်ငံနဲ့နယ်မြေ ၈၀ က ကမ္ဘာ့လူဦးရေ ၈၅ ရာခိုင်နှုန်း ရှိသူတွေကို စစ်တမ်းကောက်တာပါ။

ဒီစစ်တမ်းကရရှိတဲ့ အချက်အလက်တွေအရ ဒါကခေတ်နောက်ပြန်ဆွဲတာပဲလို့ အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုအခြေစိုက် BAWA မြန်မာ-အမေရိကန် အမျိုးသမီးမဟာမိတ်အဖွဲ့ အတွင်းရေးမှူး Yasmin Vanya က သုံးသပ်ပါတယ်။

"အင်မတန် အံ့သြစရာလည်းကောင်းတယ်။ ၂၁ ရာစုမှာ ခေတ်နောက်ပြန်ဆွဲတာပဲ။ စိတ်ပျက်စရာလည်း ကောင်းတယ်"

UNDP အစီရင်ခံစာမှာ နိုင်ငံအကြီးအကဲနဲ့ အစိုးရအဖွဲ့ခေါင်းဆောင်ပိုင်းမှာ ၁၉၉၅ ကတည်းက ရှိခဲ့တဲ့အတိုင်း အမျိုးသမီးခေါင်းဆောင်က ၁ဝ ရာခိုင်နှုန်းလောက်ပဲ ရှိမြဲရှိနေတယ်လို့ ဆိုပါတယ်။

ပညာရေးနဲ့စီးပွားရေးကဏ္ဍမှာ အမျိုးသမီးတွေလုပ်ပိုင်ခွင့်ရှိလာတာကိုတော့ အစီရင်ခံစာက ချန်မထားပါဘူး။ ၅၉ နိုင်ငံမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပညာပိုတတ်လာတဲ့အကြောင်း၊ ဝင်ငွေကွာဟချက်ကတော့ အမျိုးသားတွေက ၃၉ ရာခိုင်နှုန်းသာနေတုန်းပဲလို့ ဖော်ပြပါတယ်။

အမျိုးသမီးတွေ ပညာပိုတတ်လာပေမဲ့ အာဖဂန်နစ္စတန်လို နိုင်ငံက မိန်းကလေးတွေရရှိသင့်တဲ့ ပညာအလင်းရောင်ကို ရှေးရိုးစွဲ တာလီဘန်တွေက ပိတ်ပင်တားဆီးထားပါတယ်။

“တာလီဘန်တွေ မူဝါဒက တကယ်ကို ခေတ်နောက်ကျပြီး မွတ်စလင်တွေကိုလည်း အရှက်ရစေတဲ့ မူဝါဒပါပဲ။ သမီးကို ပညာသင်ပေးရင် မိသားတစ်စုလုံးကို ပညာသင်တာပါပဲ။ အိမ်ထောင်စုမှာ အမေက သားသမီးတွေနဲ့ နီးနီးကပ်ကပ်ရှိတော့ ပညာတတ်တဲ့အမေက မိသားစုကို ပညာတတ်အောင် ပြုစုပျိုးထောင်ပေးပါတယ်”

ဒီလိုခေတ်နောက်ပြန်ဆွဲတဲ့နိုင်ငံ ရှိပေမဲ့ ဒီနေ့ကမ္ဘာ့ နည်းပညာထွန်းကားရေးမှာ အထူးအရေးပါတဲ့ ဆီလီကွန်တောင်ကြားက ကုမ္ပဏီတွေ အမျိုးသမီးတွေဦးဆောင်တာရှိတယ်လို့လည်း BAWA အတွင်းရေးမှူး Yasmin Vanya က ပြောပါတယ်။

တချို့လည်း ထက်ထက်မြက်မြက် စွမ်းဆောင်နိုင်ပေမဲ့ တစ်ဖက်မှာ မိသားစုတာဝန်ရှိနေပြန်တဲ့အတွက် တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့လည်း သူကပြောပါတယ်။

image.jpeg
TIME မဂ္ဂဇင်းရဲ့ ၂ဝ၂၁ ခုနှစ်အတွင်း ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ရာစာရင်းတွင် ပါဝင်ခဲ့သည့် ဒေါ်အိသဉ္စာမောင်၊ ကချင်အမျိုးသမီး Esther Ze Naw Bamvo၊ မြန်မာအင်ဂျင်နီယာ ဒေါက်တာမီမီအောင်။ (ဝဲ မှ ယာ)

UNDP အစီရင်ခံစာမှာတော့ ကျား-မလူမှုစံနှုန်း ပြောင်းလဲရေးမှာ အစိုးရတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ de jure ရွေးကောက်ခံမဟုတ်ဘဲ de facto ဖြစ်တဲ့ စစ်ကောင်စီက အာဏာသိမ်းယူထားပါတယ်။ တိုင်းရင်းသား ဒေသတွေက အမျိုးသမီးတွေ မတော်မတရားပြုကျင့်ခံရသလို ပြည်မမှာပါ ကြုံရပါတယ်။ ဥပမာတခုအနေနဲ့ ရေနံအလုပ်သမကနေ စစ်သမီးဖြစ်လာတဲ့ ယောနယ်က မဆူးခက်က သူ့ညီမလေးရဲ့ ရင်နင့်စရာ ကြေကွဲစရာ မတော်မတရားပြုကျင့်ခံရမှုမှာ ဘယ်သူတွေ ကျူးလွန်သလဲဆိုတာ သိနိုင်ပါတယ်။

“ညီမလေးက အမျိုးတွေရှိတဲ့ ထီးလင်းကို တက်သွားပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ညီမလေးတို့ စီးသွားတဲ့ကားကို တားပြီး ညီမလေးကို ဖမ်းပြီးမှ တောထဲကိုခေါ် မတရားသဖြင့်ကျင့်ကြံတယ်။ တစ်ယောက်မကပါဘူး။ စစ်ကောင်စီတွေ တစ်ဦးတစ်ယောက်တည်း မကပါဘူး။ လေးငါးဆယ်ယောက်လောက် မုဒိမ်းကျင့်၊ တောနားနီးတဲပေါ်ကို တင်ပြီး မျောနေတဲ့အချိန်ကျ အရှင်လတ်လတ် မီးရှိုခံခဲ့ရပါတယ်။ ရင်ထဲမှာ ခံစားခဲ့ရတယ်။ တကယ်လည်း ကြေကွဲခဲ့ရပါတယ်။”

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု ၅၉ မှု ရှိတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီလ ၁၇ ရက်က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

UNDP အစီရင်ခံစာမှာ တချို့နိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တဟုန်ထိုးတက်လာတယ်လို့လည်း ဖော်ပြထားပါတယ်။