တော်လှန်ရေးမှာအမျိုးသမီးတွေပါဝင်မှု ကုလလုံခြုံရေးကောင်စီမှာ ဦးကျော်မိုးထွန်းတင်ပြ

မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင် အုပ်ချုပ်ရေးကျဆုံးပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး မျှော်မှန်းချက်ပြည့်ဝစေဖို့၊ လုံခြုံရေးကောင်စီအနေနဲ့ ရှိပြီးသား လုပ်ပိုင်ခွင့်တွေကိုအသုံးချပြီး၊ ခိုင်မာတဲ့လုပ်ဆောင်ချက်တွေကို ချမှတ်အကောင်အထည်ဖော်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ငြိမ်းချမ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု မြှင့်တင်ရေးအတွက် resolution ဆုံးဖြတ်ချက် နံပါတ် ၁၃၂၅ ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒီ resolution ဆုံးဖြတ်ချက်ချမှတ်ခဲ့တာ ၂၅ နှစ်ပြည့်တော့မှာ ဖြစ်ပေမဲ့၊ ကမ္ဘာအရပ်ရပ်မှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ အမျိုးသမီးတွေဟာ ထိခိုက်နစ်နာမှုအများဆုံး လူစုအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေအတွက် ဆုံးဖြတ်ချက် ချမှတ်ရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုမရှိဘဲ ဖယ်ခံထားရတဲ့ အခြေအနေတွေကနေ မလွတ်မြောက်သေးတဲ့အကြောင်း၊ အားနည်းနေဆဲ ဖြစ်တဲ့အကြောင်း မတ်လ ၇ ရက်နေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ဆွေးနွေးခဲ့ရာမှာ၊ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ထိခိုက်နစ်နာမှုတွေ အကြောင်းတွေကို ပြောသွားပါတယ်။

000_93W2JN.jpg
A woman watches as police arrest people in Yangon on February 27, 2021, as protesters were taking part in a demonstration against the military coup. (Photo by Ye Aung THU / AFP) (YE AUNG THU/AFP)

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်တပ်က တရားမဝင်အာဏာသိမ်းဖို့ ကြိုးပမ်းမှုနောက်ပိုင်းမှာ အမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူတွေ အပါအဝင် ဆန္ဒပြသူ အမြောက်အများကို သတ်ဖြတ်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေကို မတရား ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ဖမ်းဆီးထားစဉ် အတောအတွင်း မတရားပြုမူဆက်ဆံမှုတွေလည်း အမြောက်အများ ရှိနေပါတယ်။ မနေ့က ပြုလုပ်တဲ့ အမျိုးသမီးများဆိုင်ရာ ကော်မရှင်ရဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက အမျိုးသမီ းလူ့အခွင့်အရေးလှုပ်ရှားသူအချို့က မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ လူ့အခွင့်အရေးအတွက် အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေတဲ့အကြောင်း နိုင်ငံတကာက သိအောင်ပြောသွားခဲ့ပါသေးတယ်။ မြန်မာစစ်တပ်ဟာ အမျိုးသမီးတွေအပေါ်မှာ အစုလိုက်သတ်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ မတရား ဖမ်းဆီးခြင်း စတဲ့လုပ်ရပ်တွေ ကျူးလွန်ရုံတင်မက၊ အရပ်သားပြည်သူတွေရဲ့ မိုဘိုင်းဖုန်းတွေကို လမ်းမပေါ်နဲ့ နေအိမ်ထဲအထိ ဝင်ရောက်ပြီး ရှောင်တခင် စစ်ဆေးတာတွေလည်း လုပ်နေပါတယ်။ ဒါကြောင့် အမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် ကြီးမားတဲ့အန္တရာယ် ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ စစ်တပ်က တရားမဝင် အာဏာသိမ်းဖို့ ကြိုးပမ်းမှုကိုဝေဖန်တဲ့ ဖေ့စ်ဘွတ်ပို့စ်တွေ တင်ထားတာနဲ့တင် ပြည်သူတွေကို ဖမ်းဆီးနေပါတယ်။”

အခုဆိုရင် မြန်မာပြည်သူတွေဟာ နေ့စဉ်နေ့တိုင်း အကြောက်တရားနဲ့ နေထိုင်နေရကြတဲ့အကြောင်း၊ စစ်အုပ်ချုပ်ရေးအောက်မှာ နေထိုင်နေရသမျှ အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံရမှာကို သိတဲ့အတွက် မြန်မာပြည်သူတွေဟာ နိုင်ငံတကာကနေ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ ဒီနေ့အချိန်အထိ အောင်မြင်မှုမရှိသေးတဲ့အကြောင်း၊ မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လက်နက်ကိုင် တိုက်ပွဲဝင်တာကလွဲလို့ ရွေးစရာမရှိတဲ့ အခြေအနေဖြစ်လာတဲ့အကြောင်း ဦးကျော်မိုးထွန်းက ပြောသွားပါတယ်။

000_93A4CY.jpg
Myanmar women in traditional hat occupy a street during a demonstration against the military coup in Mandalay on February 18, 2021. (Photo by AFP) (STR/AFP)

“စစ်ခေါင်းဆောင်တွေကို ပြည်သူတွေက ဆန့်ကျင်တော်လှန်နေတဲ့နေရာမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ ရှေ့တန်းကနေ ပါဝင်နေကြပါတယ်။ သူတို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍအမျိုးမျိုးကနေ ပါဝင်နေကြပါတယ်။ ဒီအထဲမှာ စစ်တပ်ရဲ့ ရက်စက်သတ်ဖြတ်မှု လုပ်ရပ်တွေကို ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ မှတ်တမ်းတင်ပြီး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီကို ပေးပို့နေကြတာကို ထောက်ပြလိုပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး၊ လုံခြုံရေးကောင်စီရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတွင် အမျိုးသမီးများပါဝင်မှု ရည်မှန်းချက်ကို ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း၊ နိုင်ငံတကာအနေနဲ့ စစ်တပ်ရဲ့ အခြေအမြစ်မရှိတဲ့ ကတိကဝတ်တွေကို မယုံကြည်ကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။

မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင် အုပ်ချုပ်ရေးကျဆုံးပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး မျှော်မှန်းချက် ပြည့်ဝစေဖို့၊ လုံခြုံရေးကောင်စီအနေနဲ့ ရှိပြီးသား လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး၊ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေကို ချမှတ်အကောင်အထည်ဖော်ပေးဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသွားပါတယ်။