ပလက်ဝ စစ်ရှောင် ၁ဝဝ ကို ဒုသမ္မတဇာတိရွာကို ရွှေ့မည်

ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာစစ်ဘေးရှောင်စခန်းမှာရှိတဲ့ Bawm လူမျိုးစုက လူဦးရေ ၁၀၀ နီးပါးကို ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူရဲ့ဇာတိဖြစ်တဲ့ ထန်တလန်မြို့နယ်၊ သီကီးရ်ကျေးရွာကို ရွှေ့ပြောင်းပေးဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ထွက်ပြေးကြတဲ့ ကျေးရွာသားတွေကို ၂ဝ၁၈ ခုနှစ် မေလ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Aungkhumi - facebook

ပလက်ဝမြို့နယ် မီးဇာစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာရှိတဲ့ ချင်းတိုင်းရင်းသား ဘောမ်မျိုးနွယ်စုက အိမ်ထောင်စု ၁၄ စုက မိသားစုဝင်တွေဟာသူတို့ရဲ့ သဘောဆန္ဒအရ ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာမှာ ရွှေ့ပြောင်းပေးသွားမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

နေရာရွှေ့ပြောင်းလိုတဲ့ ချင်းတိုင်းရင်းသားတွေဟာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဒုသမ္မတတို့နဲ့ ဆွေးနွေးပြီး အခုလို ပြောင်းဖို့ စီစဉ်တာလို့ မီးဇာကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းလော့က ပြောပါတယ်။

"သူတို့က ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာကို ပြောင်းမယ်လို့ပြောတာ၊ သူတို့ကကောင်းတယ်ဆိုပြီး ပြောင်းမယ်ဆိုပြီး ဟိုးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီးနဲ့ ဒုသမ္မတနဲ့ ဆွေးနွေးပြီး သူတို့လိုချင်တဲ့နေရာပေါ့"

မီးဇာစစ်ဘေးရှောင်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေဟာ အဲ့ဒီမှာနေထိုင်ရတာ လုံခြုံမှုမရှိတာ၊ စားဝတ်နေရေးအတွက် အခက်အခဲရှိတာတွေကြောင့် သူတို့နဲ့မျိုးနွယ်စုတူတဲ့သူတွေရှိတဲ့ သီကီးရ်ကျေးရွာကို ပြောင်းရွှေ့ပေးဖို့ အစိုးရအဖွဲ့ကို တောင်းဆိုတာကြောင့် အစိုးရကနေ ကူညီဆောင်ရွက်ပေးတာလို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

သီကီးရ်ရွာကို ရွေ့ပြောင်းမယ့်သူတွေ နေထိုင်ဖို့နေအိမ်တွေ ဆောက်လုပ်ပေးထားပြီး စားဝတ်နေရေးနဲ့ လုပ်ကိုင်စားသောက်ဖို့ အစိုးရက ကူညီဆောင်ရွက်ပေးသွားမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"သီကီးရ်မှာ တန်ဖိုးနည်းအိမ်ယာက အဆင့်သင့်ရှိတယ်ဗျ၊ သူတို့လာရင် နေရာချထားပေးဖို့ နည်းဖိုးနည်းအိမ်ယာ အဆင့်သင့်ရှိတယ် ၊ မိသားစု ၁၄စုအဖွဲ့အတွက် လုံလောက်ပါတယ်၊ လက်ရှိသူတို့အတွက် ရေတို့မီးတို့အဆင်ပြေအောင် အဆင့်သင့်လုပ်ထားပါတယ်၊ နောက်သူတို့ရောက်လို့ရှိရင်လည်း လုပ်ကိုင်စားသောက်ဖို့အတွက် ကုန်းမြင့်လယ်ယာတို့ တောင်ယာလုပ်ကွက်တို့အဲဒါမျိုးတွေလည်း ဒေသခံတွေက စဉ်းစားပေးတာမျိုးတွေရှိပါတယ်"

Bawm လူမျိုးစုဟာ ချင်းပြည်နယ် ပလက်ဝနဲ့ ဘင်္ဂလားဒေ့ရ်ှနယ်စပ်တွေမှာ နေထိုင်ကြပြီး လူဦးရေ ငါးထောင်ထောင်လောက်ရှိပြီး မီးဇာဒုက္ခသည်စခန်းမှာ လူဦးရေ ၂၀၀ ကျော်လောက် ရှိပါတယ်။

ချင်းပြည်နယ်အတွင်းက တခြားနေရာတွေမှာ သွားရောက် နေထိုင်သူတချို့ ရှိတယ်လို့လည်း သိရပါတယ်။ ဘောမ်မျိုးနွယ်စုတွေဟာ လိုင်ဘာသာစကားပြောတဲ့ မျိုးနွယ်စုဖြစ်ပါတယ်။

ဘောမ်လူမျိုးတွေအခုလို ပြောင်းရွှေ့တာဟာ လက်ရှိနေရာမှာ တောင်ယာလုပ်ငန်းတွေ လွတ်လပ်စွာ လုပ်ကိုင်လို့ မရတာကြောင့် ဖြစ်တယ်လို့ ခူးမီးချင်းမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

"သူတို့ပြောတာကတော့ အဲမှာနေလို့ရှိရင် AAရဲ့လှုပ်ရှားမှုကြောင့် သွားရေးလာရေးခက်ခဲတယ်၊ နောက် ကိုယ်ရဲ့တောင်ယာလုပ်ငန်းခွင့်တွေ လုပ်လို့မရဘူး၊ နောက် ဒီထက်ပိုဆိုးလာနိုင်တာကြောင့် ဒီထက်လုံခြုံနိုင်တဲ့နေရာကို သွားမယ်ဆိုပြီး ပြောကြတယ်ခင်ဗျာ"

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မီးဇာစစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၆၀၀ ကျော် ခိုလှုံနေရပါတယ်။

နယ်မြေ ငြိမ်းချမ်းမယ့်အနေအထား မရှိသေးတဲ့အတွက် နေရပ်ရင်းပြန်ကြဖို့လည်း မဖြစ်နိုင်သေးပါဘူး။

မီးဇာစခန်းမှာ ခိုလှုံနေသူတွေ စားဝတ်နေရေးအတွက် ချင်းအရပ်ဖက်အဖွဲ့တွေက ထောက်ပံ့ပေးနေပြီး ရိက္ခာပစ္စည်းတွေဟာ ဒီဇင်ဘာလကုန်အထိသာ လုံလောက်တယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

အစိုးရက စစ်ရှောင်လာသူတွေကို လိုအပ်တဲ့ အကူအညီ  အပြည့်အဝ မပေးနိုင်တာကြောင့် ထန်တလန်မြို့နယ်ကို ပြောင်းရွှေ့လိုတာဖြစ်နိုင်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့က ဆလိုင်းတေရက ပြောပါတယ်။

"စစ်ဘေးရှောင်တွေက စားဝတ်နေရေးအတွက် တအား ဒုက္ခရောက်နေတယ်၊ တခြား NGO တွေ ပရဟိတအဖွဲ့တွေကလည်း ကူညီထောက်ပံ့ဖို့က အခက်အခဲတွေရှိနေတယ်၊ အဲဒါကိုအစိုးရကလည်း လုပ်ပေးသင့်တယ်၊ ခုအဲလို သူတို့လုပ်တာဟာ ကောင်းတယ်လို့မြင်ပါတယ်၊ သူတို့ရဲ့ရှေးရေးအတွက်၊ စားဝတ်နေရေးဖူလုံဖို့အတွက် သူတို့ကရေကြည်ရာ ကောင်းတဲ့နေရာကို သွားရမှာပေါ့"

ပြောင်းရွှေ့မယ့်သူတွေဟာ လာမယ့်နိုဝင်ဘာလ ၁၂ ရက်နေ့မှာ မီးဇာစခန်းကနေ ပလက်ဝမြို့ကို သွားရောက်မှာဖြစ်ပြီး အဲဒီကနေ သီကီးရ်ကျေးရွာကို ဆက်သွားမယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ပလက်ဝမြို့နယ် မီးဇာကျေးရွာဟာ ချင်းပြည်နယ် တောင်ပိုင်းမှာရှိတာဖြစ်ပြီး ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာဟာ ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတာဖြစ်ပါတယ်။

မီးဇာကနေ ပလက်ဝမြို့နယ်ကို ရေလမ်းကနေ တစ်ရက်နီးပါးသွားရပြီး ပလက်ဝမြို့နယ်နဲ့  ထန်တလန်မြို့နယ်ဟာ ကီလို့ ၁၆၀ ကျော်ဝေးပေမယ့် တစ်နေရာနဲ့ တစ်နေရာ သွားလာရ ခက်ခဲတဲ့နေရာတွေဖြစ်ပါတယ်။

သီကီးရ်ကျေးရွာဇာတိ စစ်မှုထမ်းဟောင်း ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၆ ခုနှစ်မှာ ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသူပါ။ သူဟာ သမိုင်းတလျှောက် ချင်းတိုင်းရင်းသားတွေထဲမှာ အစိုးရအဖွဲ့ထဲ ရာထူးအမြင့်ဆုံး ရွေးချယ်ခန့်အပ်ခံရတဲ့ နိုင်ငံရေးသမားလည်း ဖြစ်ပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီလ ချင်းပြည်နယ် ခရီးစဉ်မှာ ဒုတိယ သမ္မတဟာ စိုက်ပျိုးရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးအောင် လုပ်ဆောင်နေတဲ့ ဇာတိရွာကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org