နှင်းဆီဖြူ လှုပ်ရှားမှု


2019.05.26
white-rose-campaign-622.jpg ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တွေက နှင်းဆီဖြူပန်းလေးတွေ ဝေငှတဲ့ လှုပ်ရှားမှုကို ၂၀၁၉၊ မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ စပြီး ပြုလုပ်ခဲ့စဉ်
Photo: Aung Thain Kha/ RFA

မွတ်စလင်ဘာသာဝင်တွေ ဝါတွင်းကာလမှာ စိတ်အေးချမ်းသာ ဝတ်ပြုနိုင်စေဖို့နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဗုဒ္ဓဘာသာတွေရဲ့ မေတ္တာတရားနဲ့ စာနာမှုကိုပြသတဲ့ နှင်းဆီဖြူပန်းလေးတွေ ဝေငှတဲ့ လှုပ်ရှားမှုဟာ အခုဆိုရင် မြို့ကြီး အတော်များများအထိ ပျံ့နှံ့နေပြီဖြစ်ပါတယ်။ မေတ္တာတရားကို ဖော်ဆောင်တဲ့ နှင်းဆီဖြူတွေ ပေးသူနဲ့ လက်ခံရရှိသူ နှစ်ဘက်စလုံးက ဒီလှုပ်ရှားမှုကြောင့် နားလည်စာနာမှုတွေ ပိုထူထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။

မခက်မာ တင်ပြထားပါတယ်။

မေလ ၂၇ ရက်နေ့မှာ Social Alliance က မဟာဗန္ဓုလပန်းခြံထဲမှာ ဦးစီးကျင်းပမယ့် ဘာသာပေါင်းစုံ စုပေါင်း ဝါဖြေပွဲမှာ နှင်းဆီဖြူလှုပ်ရှားမှုအဖွဲ့ဝင်တွေက လာရောက်သူတွေကို နှင်းဆီဖြူတွေ ဝေငှပြီး ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှုပြီး မွတ်စလင်ဘာသာဝင်တွေရဲ့ ဝါတွင်းကာလမှာ စိတ်အေးချမ်းသာ ဝတ်ပြုနိုင်စေဖို့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တွေက နှင်းဆီဖြူပန်းလေးတွေ ဝေငှတဲ့ လှုပ်ရှားမှုကို မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ စပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခုဆိုရင်တော့ ရန်ကုန်အပြင် စစ်ကိုင်း၊ မော်လမြိုင်လိုမြို့ကြီးတွေမှာ အဲဒီလှုပ်ရှားမှုကို ဆက်တိုက်လုပ်ခဲ့ကြသလို တခြား မြို့တွေမှာလည်း ဆက်လုပ်သွားကြမယ်လို့ သိရပါတယ်။

နှင်းဆီဖြူလှုပ်ရှားမှုလေး လုပ်ဖြစ်တဲ့အကြောင်းနဲ့ပတ်သက်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုသက်ဆွေဝင်းက ခုလိုပြောပါတယ်။

"လူသားဆန်မှုရဲ့ သင်္ကေတဖြစ်သွားတာပေါ့။ ဒါလေးက တော်တော်ကို ကောင်းတဲ့အရာပါ။ လူတွေကြားထဲမှာ လိုအပ်နေတဲ့အရာကို လိုအပ်နေတဲ့အချိန်မှာ အချိန်ကိုက် လုပ်မိသွားတယ်လို့ ယူဆပါတယ်"

ငြိမ်းချမ်းရေးအတွက် နှင်းဆီဖြူလှုပ်ရှားမှုဟာ တောင်ဒဂုံမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုဆောင်ကို တားဆီးခံခဲ့ရတာနဲ့ပတ်သတ်ပြီး မွတ်စလင် ညီအကိုမောင်နှမတွေကို ဗုဒ္ဓဘာသာဝင်တွေရဲ့ မေတ္တာနဲ့ စာနာမှုပြန်ပြလိုတာကို လတ်တလောအခြေခံပြီး နိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး မတည်ငြိမ်အောင်၊ အမုန်းပွားအောင် တမင် ကြံစည်လုပ်ဆောင်နေတာတွေကို ကြံ့ကြံ့ခံပြီး ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးနဲ့ တန်းတူညီမျှရေးကို လက်တွဲဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတွေရဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုက နှင်းဆီဖြူတစ်ပွင့်ကို ကိုယ်တိုင်လက်ခံရရှိခဲ့သူ မွတ်စလင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်ရဲ့ ပီတိကြိုဆိုမှုကို နားဆင်ကြည့်ပါ။

"အရမ်းပီတိဖြစ်တာပေါ့ဗျာ။ ကျနော်ကို ကိုယ်တိုင်ပေးတော့ ကျနော်တို့ အရမ်းဝမ်းသာတယ်။ ကြည်နူးတယ်။ လူငယ်လေးတွေဟာ မဟုတ်မခံချင်တဲ့သူ၊ အမှန်တရားကို အမြဲဖော်ထုတ်ချင်တဲ့သူ။ ကျနော်တို့အတွက် အားတစ်ခုပဲပေါ့ဗျာ။ ဒါ.. ဗုဒ္ဓရဲ့သားတော်တွေ ပီသစွာလုပ်တဲ့၊ ဗုဒ္ဓဓမ္မကို တကယ်သရုပ်ဖော်တဲ့ လူငယ်လေးများရဲ့ အင်မတန် ချီးကျူးဖွယ်ရာကောင်းတဲ့လုပ်ရပ်ပါ"

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မွတ်စလင်တစ်ဦးဖြစ်တဲ့ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေး လှုပ်ရှားမှု ကွန်ရက်အဖွဲ့ တာဝန်ခံ ကိုအောင်မျိုးဝင်းကလည်း နှင်းဆီဖြူလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝမ်းသာကြိုဆိုကြောင်းပြောပါတယ်။

"မြင်ရတွေ့ရတာ စိတ်ချမ်းသာတယ်။ ဒါလေးတွေကို နေရာတချို့မှာ ခပ်စိတ်စိတ်လေး လုပ်လာတာတွေ့ရတော့ ဝမ်းသာတယ်။ နှင်းဆီဖြူပေါ့။ အဖြူဆိုတာက ကျနော်တို့က ငြိမ်းချမ်းရေး သင်္ကေတပေါ့ဗျာ။ ဘာသာစုံကြားထဲမှာ ဒီပန်းကို ပေးပြီးတော့ အချင်းချင်း နားလည်မှု တည်ဆောက်တယ်၊ ယုံကြည်မှု တည်ဆောက်တယ်။ အချင်းချင်း ပြန်ပြီးတော့ ငြိမ်းချမ်းတယ်ဆိုတဲ့ဟာကို လက်တွေ့ သရုပ်ဖော်ပြီးတော့ ကမ်ပိန်းလုပ်တာပေါ့။ ဒါတော်တော်လေး ကောင်းတဲ့ကိစ္စပါ"

ဒီလိုလှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းရေးရဲ့ လမ်းစလေးတွေဖြစ်တယ်လို့ ဦးအေးလွင် ကပြောပါတယ်။

"အမျိုးဘာသာ၊ သာသနာကို ကာကွယ်ဖို့ လိုတယ်ဆိုတာ လုံးဝမှန်တယ်။ ဘယ်သူ့ရန်က ကာကွယ်ရမလဲဆိုတာကို ကျနော်တို့ သိဖို့လိုတယ်။ ကိုယ့်ဘာသာ၊ သာသနာရဲ့ ပုံရိပ်လွှာကို ဖျက်ဆီးနေတဲ့ အဲဒီအဓမ္မဝါဒီတွေရဲ့ရန်က ကာကွယ်ဖို့အတွက် ဘာသာဝင် အသီးသီးတို့ မိမိတို့ ဓမ္မခံကျမ်းက ကျမ်းစာတွေမှာလာတဲ့ မေတ္တာတရား၊ သည်းညည်းခံမှုတို့၊ ခွင့်လွှတ်မှုတို့၊ နောက်ပြီး မတူကွဲပြားမှုများမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ အဲဒါလေးတွေကို ပြန်လေ့လာမယ်ဆိုရင် မြန်မာပြည်ကြီး မကြာခင် ငြိမ်းချမ်းသွားမှာပါဗျာ"

ဒီလို လူ့အဖွဲ့အစည်းနှစ်ခု တစ်ခုနဲ့တစ်ခု နားလည်စာနာမှု ဆက်လက်တည်တန့်စေဖို့ ငြိမ်းချမ်းရေးအတွက် နှင်းဆီဖြူအဖွဲ့ က နှစ်ဘက်စလုံးကို ပြောချင်တာ ရှိနေပါတယ်။

"ကျနော်တို့ လူများစု ဗုဒ္ဒဘာသာဝင်တွေထဲမှာ အနည်းငယ်မျှသော လူတွေက ဗုဒ္ဓဘာသာကို အမည်ခံပြီးတော့ ပြဿနာရှာနေကြတဲ့ကိစ္စတွေ အများကြီးဖြစ်တယ်။ ဒါကို ကျနော်တို့ လူများစု ဗုဒ္ဓဘာသာဝင်တွေက လက်မခံကြောင်း၊ ကျနော်တို့ဟာ ငြိမ်းချမ်းရေးကို လိုလားသူတွေဖြစ်ကြောင်း ပြဖို့လိုတယ်။ ဗုဒ္ဓဘာသာဘက်ကကြည့်မယ်ဆိုရင် မေတ္တာထားတတ်တဲ့ ဘာသာဝင်တွေဆိုတာကို ဖော်ပြတဲ့အနေနဲ့  လူတွေကို ဒီလိုမေတ္တာပြတဲ့ ကမ်ပိန်းမှာ ဝင်ပြီးတော့ ပါစေချင်တယ်။ ဗုဒ္ဓဘာသာကို အသုံးချပြီးတော့ တိုင်းပြည်ကို ပြဿနာရှာနေတဲ့သူတွေ ရှိတာကို ကျနော်တို့ သိပါတယ်။ ဒီလူတွေကိုလည်း မဖြစ်မနေ ဗုဒ္ဓဘာသာဝင် Majority တွေက တားဆီးပြီးတော့ လူနည်းစု မွတ်စလင်ဘာသာဝင်တွေကို ကာကွယ်သွားပေးဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ကျနော်တို့ ဒါတွေကိုလည်း လုပ်ပါ့မယ်။ တစ်ဘက်မှာလည်း ပြဿနာတစ်ခုဖြစ်လာရင် စိတ်လိုက်မာန်ပါ မဖြေရှင်းဘဲနဲ့…  ခုထိလည်း မွတ်စလင်တွေ ပြသနာမလုပ်ပါဘူး။ ကျနော်တို့ သိပါတယ်။ ဥပမာ တောင်ဒဂုံ က ဗလီကိစ္စဆို ဟိုး ရပ်ကွက်ကြီးထဲမှာ။ အဲဒီနေရာဆို ပြဿနာတစ်ခုတက်ပြီဆိုတာနဲ့ အကြီးအကျယ် ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ အဲဒါကို ဝိုင်းပြဿနာမရှာဘဲ သူတို့ ထိန်းသိမ်းနိုင်ခဲ့တယ်။ ဒါကိုဆက်ပြီးတော့ ကောင်းမွန်တဲ့ အလေ့အကျင့်လေးတွေနဲ့ ထိန်းသိမ်းထားစေချင်တယ်။ တစ်ဘက်မှာလည်း ကျနော်တို့က ဒီပြဿနာရှာလာတဲ့ သူတွေကို မဖြစ်မနေ တာဝန်ခံနိုင်အောင်လို့ကို ရအောင်ကြိုးစားပြီးတော့ လုပ်သွားပါမယ်လို့ ကျနော်တို့ ကတိပေးပါတယ်"

ကိုသက်ဆွေဝင်းပြောတဲ့ ရန်ကိုရန်ချင်း မတုံ့နှင်းဖို့ဆိုတဲ့ သဘောတရားကို မွတ်စလင်အရေး ဆောင်ရွက်နေသူ နဲ့ မွတ်စလင် ညီအကိုမောင်နှမတွေကလည်း ကောင်းကောင်း နားလည်သဘောပေါက်ကြပါတယ်လို့ ကိုအောင်မျိုးဝင်း က ပြောပါတယ်။

"မြန်မာနိုင်ငံမှာ မွတ်စလင်ဆိုတာ လွတ်လပ်ရေး မရခင်ထဲက အားလုံး နိုင်ငံအတွက် လုပ်ခဲ့ကြတာပဲ၊ အားလုံး အေးအတူပူအမျှနဲ့ မတူကွဲပြားမှုတွေနဲ့ အတူယှဉ်တွဲနေထိုင်ခဲ့တာ၊ ကြာပြီ။ သို့ပေမဲ့ နိုင်ငံရေး စနစ်တစ်ခုအရ အာဏာရှင်က သူ့ရဲ့အာဏာ တည်မြဲရေးအတွက် လူထုကို မှိုင်းတိုက်ပြီးတော့၊ သွေးခွဲပြီးတော့ အုပ်ချုပ်မှ အာဏာမြဲမယ်ပေါ့ဗျာ။ ဒီနိုင်ငံရေးပယောဂက ဆင်းသက်လာပြီး လူမှုရေး၊ ဘာသာရေးပုံစံ ဖန်တီးကြတာပေါ့။ ကျနော်တို့ နိုင်ငံအတွက် အခုအနေအထားကတော့ အများကြီးဝမ်းသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ငြိမ်းချမ်းရေးကို သွားနေတယ်။ သူ့အနေနဲ့ ခွဲခြားမှုမရှိဘူးဆိုတာလည်း တရားဝင်ထုတ်ပြောထားတာရှိတယ်။ နိုင်ငံရေးစနစ်တစ်ခုက change မဖြစ်သေးတဲ့အခါကျတော့ ဒါလေးတွေ ကျနော်တို့က သည်းညည်းခံ ပြီးနေရတဲ့ အပိုင်းပေါ့ဗျာ။ အဲဒီလိုအချိန်ကာလထဲမှာ အခုလို ဘာသာပေါင်းစုံက အတူယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နေနိုင်အောင် ကျနော်တို့က လုပ်ဖို့လိုတာပေါ့"

ဘာသာမတူ၊ လူမျိုးမတူသူတွေ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံတစ်ခုမှာ အရေးအကြီးဆုံးဟာ မတူကွဲပြားသူတွေ အချင်းချင်း စာနာနားလည်တတ်မှုဖြစ်ပါတယ်။ မြန်မာပြည်သူလူထု အထူးသဖြင့် လူများစု ဗုဒ္ဓဘာသာဝင်တွေဟာ အခြားသော ဘာသာဝင်တွေကို အနိုင်ကျင့် နှိပ်စက်တာကို လက်မခံဘဲ အခြားဘာသာဝင်တွေရဲ့ ကိုးကွယ်ယုံကြည်မှု ဓလေ့တွေကို အလေးထားတဲ့ နိုင်ငံကြီးသား၊ ယဉ်ကျေးတဲ့ လူမျိုးတွေအဖြစ် သက်သေပြစေချင်တာဖြစ်တယ်လို့ ငြိမ်းချမ်းရေး အတွက် နှင်းဆီဖြူအဖွဲ့သားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။