စစ်မက်ကြောင့် လူတွေ ငတ်မွတ်ရ

2022.04.23
စစ်မက်ကြောင့် လူတွေ ငတ်မွတ်ရ ကယားပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် ကလေးငယ်တွေကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

Covid-19 ကပ်ရောဂါဖြစ်နေတဲ့ကြား စစ်အာဏာ သိမ်းလိုက်တဲ့နောက်ပိုင်း အရင်က မရှိခဲ့ဖူးတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာတဲ့အတွက် ရောဂါဘေးနဲ့ စစ်ဘေး ဒွန်တွဲပါလာပါတယ်။ ဒါတင်မက စစ်ကြောင့် ဒါမှမဟုတ် ပဋိပက္ခကြောင့် စားနပ်ရိက္ခာ ရှားပါးမှု ကပ်ပါလာပါတယ်။

ဒီလို ရောဂါဘေး၊ စစ်ဘေးနဲ့ အငတ်ဘေး ကပ်သုံးပါးကို လူတိုင်းမကြုံရဘူးလို့ စောဒက တက်နိုင်ပေမယ့် ဒီနှစ် ဖေဖော်ဝါရီက မတ်ထိ လောင်စာဆီဈေးက ၁၈ % တက်သွားတယ် လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ပြောတဲ့အတွက် နောက်ဆက်တွဲအဖြစ် အခြေခံ စားကုန်ဈေးတွေ ကျရိပ်မရှိဘဲ တက်တဲ့အခါ လူတိုင်းနဲ့ တိုက်ရိုက် ပတ်သက်လာနိုင်ပါတယ်။

မနှစ်က ဖေဖော်ဝါရီက လောင်စာဈေးနဲ့ယှဉ်ရင် ခု နှစ်ဆမက ၁၃၃ % တက်သွားတယ် လို့လည်း WFP ကပြောပါတယ်။

Covid-19 ကပ်ရောဂါကြောင့် ကူကယ်ရာမဲ့ မိသားစုတွေ ငွေရေးကြေးရေး ပြဿနာ အကျပ်ဆိုက်နေတုန်း စစ်အာဏာ သိမ်းလိုက်တဲ့အတွက် အခက်အခဲ ပိုကြုံရပါတယ်။

အထူးသဖြင့် ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲလို့ ကမောက်ကမဖြစ်သွားတဲ့ ကမ္ဘာ့လောင်စာ ဖြန့်ဖြူးရေးစနစ် ဂယက်က မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်ပြီး လူတန်းစား အလွှာတိုင်း ကုန်ဈေးနှုန်း တက်တဲ့ဒဏ် ခံရပါတယ်။

ပြည်တွင်းရောင်းအား ပြတ်လပ်တဲ့အခါ အရန်သိုလှောင်ထားတဲ့ ရိက္ခာသုံးဖို့ စီစဉ်တာ တောင် လိုအားနဲ့ ဝယ်အားမမျှရင် ပြည်ပက တင်သွင်းတဲ့ စနစ်မျိုးနဲ့ အုပ်ချုပ်ရေး နိုင်နင်းတဲ့ နိုင်ငံတွေမှာပါ ကုန်ဈေးနှုန်းတက်နေပါတယ်။

အုပ်ချုပ်ရေး၊ တိုက်ခိုက်ရေးနဲ့ စည်းရုံးရေးစွမ်းရည်တွေ ပြည့်စုံတယ်လို့ ကြွေးကြော်တဲ့ မြန်မာစစ်တပ်ဟာ လက်နက်အပြည့်အစုံရှိတာမို့ တိုက်ခိုက်နေပေမယ့် ရန်ကုန်လို မြို့ကြီးမှာတောင် အရံအတားတွေ ယူနေရတာကို နိုင်ငံရေးသုံးသပ်သူ စိုင်းထွန်းအောင်လွင် က ထောက်ပြပါတယ်။

လူထုနဲ့ ထိပ်တိုက်တွေ့တဲ့ စစ်ကောင်စီဟာ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ် တွေနဲ့ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ အင်နဲ့အားနဲ့ တိုက်ခိုက်ပါတယ်။ ပြည်သူ့ဘက် ကူးပြောင်းလာတဲ့ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ အင်းမ အခြေစိုက် အမှတ် ၈၀ ခြေလျင်တပ်ရင်းက CDM ဗိုလ်ကြီးအောင်မျိုးထက်က ကယားပြည်နယ် မိုးဗြဲမှာ သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာကို ပြောပြတာပါ။

"မိုးဗြဲမြို့ဟာ မီးတွေလောင်ပြီးတော့ သရဲကားထဲမှာ တွေ့ခဲ့ရတဲ့ ပုံစံကြီးလိုဖြစ်နေတယ်။ ကြောက်လန့်စရာကြီးပေါ့နော်၊ ထိတ်လန့် ကြောက်လန့်စရာကြီး၊ ဒီလို ဖြစ်လာ လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ မြန်မာပြည်ကြီးမှာ၊ တကယ်ငြိမ်းချမ်းတဲ့နေရာမှာ ဒီလို ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး"

မျှော်လင့်မထားတဲ့ စစ်ဖြစ်တဲ့အခါ ကိုယ့်အိမ် ကိုယ်ယာမှာ လုပ်ကိုင်နေထိုင်နေသူတွေ အသက်ဘေးက လွတ်ရာပြေးရ၊ စစ်ကြောင့် မွေးမြူရေး တိရစ္ဆာန်တွေ သေကျေရ၊ စိုက်ခင်းတွေ ပျက်ရပါတယ်။ စစ်ကြောင့် လမ်း၊ တံတားတွေပျက်စီးရ၊ သယ်ယူပို့ဆောင်ရေး ကွန်ရက်ပျက်စီးရ၊ ဈေးကွက်တွေ ပျက်ရပြီး စားသောက်ကုန်ဈေးနှုန်းတွေ တက်ရပါတယ်။

"မြန်မာပြည်ကြီးမှာ၊ တကယ်ငြိမ်းချမ်းတဲ့နေရာမှာ ဒီလို ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး"

ဒါကြောင့်လည်း စစ်ပွဲတွေ၊ ပဋိပက္ခဟာ လူတွေငတ်မွတ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ဘာလင်အခြေစိုက် The Green Political Foundation ကပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူတွေ အာဟာရဓာတ် ချို့တဲ့ရတဲ့ အကြောင်းရင်းတွေထဲ အကြမ်းဖက် ပဋိပက္ခကလည်း ပါတယ်လို့ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းလို နိုင်ငံချင်း စစ်ခင်းတာထက် ကမ္ဘာမှာ ပြည်တွင်းစစ်နဲ့ ပြည်တွင်း ပဋိပက္ခတွေက ပိုဖြစ်ပွားပြီး ဒီဒဏ်သင့်တဲ့ လူထက်ဝက်က ကျေးလက်ကဖြစ်တယ်လို့ ပြောပါတယ်။ ကျေးလက် လူထုဟာ စိုက်ပျိုးရေး အဓိက အားထားလုပ်ကိုင်ကြတဲ့အတွက် စစ်ဖြစ်တဲ့အခါ သီးနှံထုတ်လုပ်ရေးက စလို့ ဈေးကွက်တင်ပို့ဖို့အထိ ရိက္ခာကွင်းဆက်တွေ ထိခိုက်ရပါတယ်။

ပဋိပက္ခကြောင့် စိုက်ပျိုးရေးလုပ်ငန်း ထိခိုက်ရတာကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ကြက်သွန်တောင်သူ တစ်ယောက် လက်တွေ့ကြုံရတာပါ။

“မနှစ်ကဆိုရင် ကြက်သွန်စိုက်တောင်သူက ဒီပုလဲမြို့နယ်အတွင်းမှာ ဧက သောင်းဂဏန်းကျော်ကျော် ပေါ့နော်။ စိုက်လို့ရတဲ့ဧက အကုန်စိုက်ကြတယ် မနှစ်က ဆိုရင်။ ဒီနှစ်မှာတော့ ကြက်သွန်စိုက်နေကျ ဧကတွေရဲ့ သုံးပုံပုံ တစ်ပုံလောက်ပဲ စိုက်နိုင်တော့တယ်။”

ဒါဟာ ပဋ္ဋိပက္ခနယ်မြေ တစ်နေရာတည်းက ဥပမာဖြစ်ပါတယ်။ လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ လူ ၁၃ ဒသမ ၂ သန်းက စားနပ်ရိက္ခာ မဖူလုံဘဲ လူ ၁၄ ဒသမ ၄ သန်းဟာ လူသားချင်း စာနာမှုအကူအညီ လိုနေတယ်လို့ WFP က ခန့်မှန်းတွက်ချက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။