ဝါးခယ်မ သီလှချောင်းရွာလုံးကျွတ် လူငယ်တွေ စစ်မှုထမ်းစာရင်းကောက်ခံရ

RFA Burmese
2024.04.26
ဝါးခယ်မ သီလှချောင်းရွာလုံးကျွတ် လူငယ်တွေ စစ်မှုထမ်းစာရင်းကောက်ခံရ ဝါးခယ်မမြို့နယ်၊ သီလှချောင်းရွာမှ ဒေသခံများအား ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။
MOI

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ သီလှချောင်းရွာမှာ စစ်မှုထမ်းဥပဒေအရ လူငယ် အယောက် ၄၀၀ နီးပါးကို မြို့နယ်က ဆင့်ခေါ်ပြီး စာရင်းကောက်သွားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ပထမအသုတ်ကို မဲစနစ်နဲ့ သုံးယောက်ခေါ်သွားပြီး အခုတစ်ခေါက်မှာတော့ ရွာမှာရှိတဲ့ လူငယ်အားလုံး နီးပါး ခေါ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ သုံးပတ်လေးပတ်လောက် ပထမတစ်ခေါက်က တစ်ရွာ သုံးယောက်စနစ်နဲ့ မဲနှိုက်တယ်။ သုံးယောက် မဲပေါက်တာပေါ့။ အဲဒီသုံးယောက်သွားပြီး ဒီသင်္ကြန်မတိုင်ခင်မှာ နောက်တစ်ကျော့ ပြန်လာတယ်။ ၁၈ နှစ်ကနေ ၃၅ နှစ်ဆိုပြီးအကုန်ခေါ်တာ။ အားလုံးပေါင်း အယောက် ၄၀၀ လောက် ဖြစ်သွားတယ်။ မဖြစ်မနေ အကုန်သွားရတယ်။ လူကိုယ်တိုင်လာမခေါ်ဘဲ မြို့ကနေ စာနဲ့ဆင့်ခေါ်တာ။ နယ်ကနေ လူကြီးမိဘတွေ သားသမီးနဲ့တကွ တက်လာဖို့။ အုပ်ကြီးနဲ့ စာရေးနဲ့ပေါင်းပြီးလုပ်တယ်လို့ ယူဆရတယ်”

သူတို့ရွာမှာ ရွာလုံးကျွတ်လူငယ်တွေကို စာရင်းကောက်ပေမယ့် ကျန်တဲ့ အနီးအနားရွာတွေမှာတော့ မဲစနစ်နဲ့ နှစ်ဦး၊ သုံးဦးလောက်ပဲခေါ်တယ်လို့ ကြားရတဲ့အကြောင်း ပြောပါတယ်။

"အဆင်မပြေဖြစ်တာပေါ့။ ခုသူတို့လုပ်ပုံတွေက ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအဓမ္မသဘောမျိုးလုပ်နေတာ”

ပထမအသုတ်မှာပါသွားတဲ့ လူငယ်သုံးဦးကိုလည်း မိသားစုက တစ်ပတ်လောက်အကြာမှာ အဆက်အသွယ် ရပေမယ့် နောက်ပိုင်းမှာ အဆက်အသွယ်မရတော့ဘူးလို့လည်း ပြောပါတယ်။

စာရင်းကောက်ခံရတဲ့သူတွေထဲမှာ စားဝတ်နေရေးခက်ခဲတဲ့သူတွေပါလို့ မိသားစုအတွက် အဆင်မပြေတာတွေ ဖြစ်လိမ့်မယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပြပါတယ်။

“ကလေးတွေက ငိုတဲ့သူကငို၊ ပြေးတဲ့သူကပြေးပေါ့။ ရွာမှာဒုက္ခရောက်တာပေါ့။ စားဝတ်နေရေးခက်ခဲတဲ့သူတွေပါတယ်။ ရှိတဲ့သူတွေလည်းပါတယ်။ အလုပ်လုပ်ကြတဲ့ကလေးတွေ။ အဆင်မပြေဖြစ်တာပေါ့။ ခုသူတို့လုပ်ပုံတွေက ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအဓမ္မသဘောမျိုးလုပ်နေတာ”

မိဘတွေလည်း သားသမီးတွေအတွက် စိုးရိမ်ပြီး အတော်စိတ်ထိခိုက်နေကြတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။

“မိဘတွေကတော့ ဘယ်သူမှ လက်မခံချင်ကြဘူးပေါ့။ ပထမတော့ ဘယ်သူမှမသွားဘူးဆိုပြီး ပေပြီး နေကြတာ ။ နောက်ပိုင်းမြို့နယ်ကနေ စာနဲ့ဆင့်ခေါ်တော့ နယ်ကမိဘတွေက တောင်သူလယ်သမားတွေ ဆိုတော့ ကြောက်ကြတာပေါ့။ တစ်ခုခုလုပ်မှာစိုးလို့ဆိုပြီး ဇွတ်ထည့်ပေးရတဲ့သဘောပဲ။ တချို့မိဘတွေဆို ငိုကြတယ်။ တက်သွားတဲ့လူတွေရှိတယ်။ တချို့ ထမင်းမစားတော့တဲ့လူတွေ၊ သတိလစ်သွားတဲ့လူတွေတောင် ရှိတယ်”

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်မှာ စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ အရွယ်ရောက်သူ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေကို ၁၃ နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အသက်သွင်းလိုက်ပါတယ်။

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များအား လိုက်လံဝေငှနေသည်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များအား လိုက်လံဝေငှနေသည်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)

အဲဒီအချိန်ကစလို့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို ရရာနည်းနဲ့ ထွက်ခွာနေကြသလို တချို့ကလည်း တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်ခိုလှုံတာတွေ ရှိလာပါတယ်။

လူငယ်တွေဟာ စစ်ကောင်စီအောက်မှာ အမှုထမ်းမယ့်အစား တော်လှန်ရေးအင်အားစုတွေဘက်မှာပဲ သွားရောက်အားဖြည့်ဖို့ ဆန္ဒရှိကြတယ်လို့လည်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ဆီတော့ မပါဘူးလေ။ ပါမယ်ဆိုရင်တော့ ကိုယ့်ဘက်ပဲကိုယ်ပါပြီး တိုင်းပြည်လွတ်မြောက်အောင် လုပ်မှာပေါ့။ သွားပြီး အသေခံရတာမျိုး၊ လူငယ်တွေသွားပြီး အသက်စတေးခံရတာမျိုးတော့ မလုပ်ချင် ကြဘူးလေ။ တစ်တိုင်းပြည်လုံး ကျေနပ်လက်ခံတာမှမဟုတ်ဘဲ။ အဲဒီစိတ်ကတော့ ၉၀ ရာခိုင်နှုန်းရှိကြတယ်”

သီလှချောင်းရွာမှာ အိမ်ထောင်စု ၁၈၀ နီးပါးနဲ့ လူဦးရေ တစ်ထောင်ကျော်ရှိပြီး တောင်သူလယ်သမားနဲ့ လက်လုပ်လက်စားအများစု နေထိုင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။