စစ်ကိုင်းတိုင်းမှာ ဘီလူးစစ်ကြောင်းဆက်ရှိနေ
2023.11.09

စစ်ကိုင်းတိုင်းထဲက ရွာတွေကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ပြီးတဲ့အခါ ဒေသခံ အရပ်သားတွေနဲ့ PDF တွေကို ခေါင်းနဲ့ ခြေလက်အင်္ဂါတွေဖြတ်ပြီး သတ်တဲ့ဖြစ်ရပ်တွေ တစ်နှစ်ကျော်ကြာတဲ့အထိ ဆက်ရှိနေပါတယ်။
ဒီပဲယင်း၊ ရေဦး၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်မှာ လူတွေကိုသတ်ဖြတ်ပြီးတဲ့ အခါ “ဘီလူးစစ်ကြောင်း” “ကျားဘီလူးစစ်ကြောင်း” ဆိုတဲ့နာမည်တွေကို အိမ်နံရံတွေ၊ ရွာခြံစည်းရိုးတွေမှာ ရေးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ရင်းနဲ့ သူတို့ ပြန်အထွက်မှာပဲ တံခါးဘောင်မှာ ဘီလူးစစ်ကြောင်းဆိုပြီး ရေးသွားတာရှိတယ်"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ၃၀ ရက်နေ့ ကြားမှာ ဒီပဲယင်းမြို့နယ်ထဲမှာ အဲဒီလို လုပ်ရပ်တွေ တွေ့ရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ဒီပဲယင်းညီနောင်များအဖွဲ့ရဲ့ တာဝန်ခံ ကိုကြီးဖြိုးက RFA ကို ပြောပါတယ်။
“ဒီပဲယင်းနယ်မှာ စစ်ကြောင်းထိုးတယ်။ (အောက်တိုဘာလ) ၂၁ ရက်နေ့မှာ ဝဘာကို မီးရှို့တယ်။ မီးရှို့ရင်းနဲ့ သူတို့ ပြန်အထွက်မှာပဲ တံခါးဘောင်မှာ ဘီလူးစစ်ကြောင်းဆိုပြီး ရေးသွားတာရှိတယ်။ ဒီပဲယင်းနယ်မှာ ဆက်တိုက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွေ ရှိခဲ့တယ်ပေါ့ဗျာ။ ဒီသတ်ဖြတ်ခံရတဲ့အထဲမှာ သေနတ်နဲ့ ပစ်သတ်ခံရတာက တစ်ဦးပဲပါပြီးတော့ ကျန်တဲ့ခုနှစ်ဦးလုံးကို ခေါင်းဖြတ်သတ်တယ်၊ လက်ဖြတ်သတ်တယ်၊ ခြေဖြတ်သတ်တယ် ဒီလိုအခြေအနေတွေနဲ့ တွေ့ကြုံရတာပေါ့”
သတ်ဖြတ်ခံရသူတွေထဲမှာ ဘုတ်ထန်းရွာက ဦးကြည်ဝင်းကို သေနတ်နဲ့ ပစ်သတ်ထားတာ တွေ့ရတယ်လို့ ပြောပါတယ်။ မင်းတဲကုန်းရွာက အသက် ၆၀ အရွယ် ဦးညိုဝင်း၊ ရှမ်းတောရွာက အသက် ၄၃ နှစ်အရွယ် ဦးကျန်ထွန်းနဲ့ အသက် ၃၉ နှစ်အရွယ် ကိုငြိမ်းမင်းဦး၊ သိမ်ဘာရွာက အသက် ၃၅ နှစ် အရွယ် ကိုအောင်နိုင်၊ အသက် ၃၄ နှစ်အရွယ် ကိုဇော်မျိုးအောင်၊ ကျွန်းတောရွာက ကိုအောင်ဇင်နဲ့ ကိုမင်းမင်း တို့ကတော့ ခေါင်းနဲ့ ခြေတွေလက်တွေ အဖြတ်ခံရပြီး သေဆုံးနေတာ တွေ့ရတယ်လို့ ကိုကြီးဖြိုးက ပြောပါတယ်။
အဲဒီ “ဘီလူးစစ်ကြောင်း” ဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရေဦးမြို့နယ်ကို ဆက်ထွက်သွားခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေဖြစ်တဲ့ အသက် ၆၀ အရွယ် ဦးမောင်မောင်နဲ့ အသက် ၃၅ နှစ်အရွယ် မယဉ်အေး တို့ကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ည ၁၀ နာရီခွဲမှာပဲ မစိုးရိမ်ရွာက PDF အဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ရဲဘော် မှတ်ကြီးနဲ့ အသက် ၂၄ နှစ်အရွယ် ရဲဘော်တူးကြီးတို့ကို အဲဒီစစ်ကြောင်းက ဦးခေါင်းဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်မှာတော့ “ကျားဘီလူး စစ်ကြောင်း” ရှိနေတယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုခန့်က RFA ကို ပြောပါတယ်။
“စစ်ကောင်စီ စစ်ကြောင်းက အင်အား ၂၀၀ ကျော်လောက်ပါတယ်။ အဲဒါကိုမှ ယင်းမာပင်မြို့နယ်ထဲမှာ နှစ်ကြောင်း ထိုးတာရှိတယ်။ ပုလဲမှာဆိုရင်လည်း နှစ်ကြောင်း ထိုးတာရှိတယ်။ တကယ့်တကယ်က စစ်ကြောင်း တစ်ကြောင်းတည်းပါပဲ။ ဒီစစ်ကြောင်းက တပ်မ ၇၇ စစ်ကြောင်းနဲ့ ပျူစောထီးတွေဖြစ်တယ်လို့ သတင်းရတာပေါ့။ အမှန်အားဖြင့်တော့ ပုလဲမှာ ပျူစောထီးတွေကို သင်တန်းပေးတယ်ပေါ့။ သင်တန်းဆင်း တဲ့ ပျူစောထီးတွေကို သင်တန်းနည်းအရ စစ်ကြောင်းချီပုံစံမျိုး လုပ်တယ်လို့ တွက်ချက်ထားပါတယ်”
အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက်နေ့မှာတော့ ယင်းမာပင်မြို့နယ်က ထန်းတောကုန်းနဲ့ သဲကုန်းရွာကို စစ်ကြောင်းဝင်ပြီး အရပ်သား ငါးယောက်နဲ့ PDF နှစ်ယောက် သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရပ်သားတွေက အသက် ၁၉ နှစ်အရွယ် မောင်သန်းထိုက်အောင်၊ မောင်ခန့်နေနိုင်၊ မောင်သန့်ဇင် ဦး၊ အသက် ၄၇ နှစ် အရွယ် ဦးမောင်လင်း၊ အသက် ၄၂ နှစ်အရွယ် ကိုဇော်သူတို့ဖြစ်ပါတယ်။ PDF တပ်ဖွဲ့ဝင်တွေကတော့ အသက် ၄၀ အရွယ် ကိုမြင့်နိုင်လင်းနဲ့ အသက် ၄၂ နှစ်အရွယ် ကိုဇော်မောင် ဖြစ်ပါတယ်”
ပုလဲမြို့နယ် ညောင်ကုန်းရွာမှာလည်း စက်တင်ဘာလ ၂၆ ရက်က PDF တစ်ယောက်နဲ့ ဒေသခံ နှစ်ယောက်ကို အဲဒီစစ်ကြောင်းက ခေါင်းဖြတ်သတ်ခဲ့ပြီး “ကျားဘီလူးစစ်ကြောင်း” ဆိုတဲ့ နာမည်ကို ရေးထားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီ “ကျားဘီလူးစစ်ကြောင်း” ဟာ တပ်မ ၇၇ လက်အောက်ခံ အမှတ် ၇၀၃ ခြေမြန်တပ်ရင်းနဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ တပ်ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
“ဘီလူးစစ်ကြောင်း” ကတော့ အောင်လံမြို့အခြေစိုက် အမှတ် ၇၁ ခြေလျင်တပ်ရင်းနဲ့ ပျုစောထီး ပါဝင်တဲ့ အင်အား ၁၃၀ လောက်ရှိတဲ့တပ်ဖြစ်တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့နဲ့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီစစ်ကြောင်းမှာ ရေဦးမြို့နယ်မှာ တပ်စွဲထားတဲ့ အမှတ် ၇၀၁ နဲ့ စစ်ကောင်စီတပ်မ ၉၉ လက်အောက်ခံ အမှတ် ၇၀၈ ခြေမြန်တပ်ရင်းတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
အမှတ် ၇၀၈ ခြေမြန်တပ်ရင်းဟာ (ပြန်တမ်းဝင်အမှတ် ကြည်း ၃၇၉၇၄) ဒုတိယ ဗိုလ်မှူးကြီး ထွန်းလင်းအောင် ဦးဆောင်တဲ့တပ်ဖြစ်ပြီး “ဘီလူးစစ်ကြောင်း” နာမည်နဲ့ မြောင်၊ ရေဦး၊ ခင်ဦး၊ မြင်းမူ၊ တန့်ဆည် နဲ့ စစ်ကိုင်းမြို့နယ်တွေမှာ ဖမ်းဆီးသတ်ဖြတ် တာတွေကို ကျုးလွန်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်တဲ့ အကြောင်း RFA ကတင်ပြထားပြီး ဖြစ်ပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်တဲ့ ဗိုလ်ကြီး ကောင်းသူဝင်း ကတော့ ဒီလိုမျိုး သတ်ဖြတ်တာတွေဟာ စစ်ကောင်စီက လူတွေကြားမှာအကြောက်တရား သွပ်သွင်းဖို့ ကြိုးစားနေတာ လို့ သုံးသပ်ပါတယ်။
“အဓိကကတော့ အကြောက်တရား ရိုက်သွင်းလို့ရအောင်။ သူတို့လာရင် စစ်တပ်က လာရင် မကြောက်ဘူးဆိုတဲ့ ပုံစံမျိုးထက်စာရင် ဘယ်လိုပဲကြောက်ကြောက်၊ ရွံပဲကြောက်ကြောက် ကြောက်အောင်ကိုပဲ ဖမ်းဆီးတယ်၊ နှိပ်စက်တယ်။ ဒါ့အပြင် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ပုံစံမျိုးတွေကို လုပ်ပြနေတာဖြစ်ပါတယ်”
“ဘီလူးစစ်ကြောင်း” နဲ့ “ကျားဘီလူးစစ်ကြောင်း” တွေကို ကွန်မန်ဒိုပုံစံမျိုးနဲ့ စစ်ဆင်ရေးလုပ်ခိုင်းထားတာလည်း ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
အခုလို စစ်ကောင်စီတပ်တွေက အရပ်သားတွေ၊ PDF တွေကို ဖမ်းမိတဲ့အခါ တရားရုံး မပို့ဘဲ၊ အဆုံးစီရင်နေတယ်လို့ ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျုဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တဲ့အခါမှာတော့ အဲဒီဖြစ်ရပ်တွေ ကို စစ်တပ်ကလုပ်တယ်ဆိုတာ သက်သေပြစရာမရှိဘူးလို့ ပြောပါတယ်။
“အဲဒီလိုဖြစ်တယ်ဆိုတာ ဘယ်လောက် သက်သေရှိသလဲ၊ ဘယ်လောက် သက်သေ ခိုင်မာလဲ၊ အဲဒါတွေ ဘယ်လောက်အထိ စုဆောင်းနိုင်မလဲ။ ဒါတွေအပေါ် မူတည်ပြီးမှ အဖြေထုတ်လို့ရမှာကိုး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားတဲ့သတင်းတွေက အများကြီးဖြစ်နေပြီး ကျွန်တော်တို့မှာက On ground (မြေပြင်) မှာက သက်သေ ပြစရာမရှိတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ခက်တယ်ဗျ”
ဒါတွေကို ကျူးလွန်တာတွေရှိခဲ့ရင် နီးစပ်ရာတပ်တွေကတစ်ဆင့် တိုင်ကြားနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့လည်း ဘီလူးစစ်ကြောင်းက အဖွဲ့ဝင်တွေထဲမှာ စစ်ကောင်စီတပ် ဝတ်စုံအပြည့် ဝတ်တဲ့သူနည်းပြီး၊ ဘောင်းဘီတိုနဲ့ စစ်ဝတ်စုံတစ်ပိုင်းတစ်စ ဝတ်ထားတဲ့သူတွေ၊ ပျူးစောထီးလို့ခေါ်တဲ့ စစ်တပ်က သင်တန်းပေးထားတဲ့ အရပ်သားတွေ ပါနေတာကို တွေ့ရတယ်လို့ “ကျားဘီလူးစစ်ကြောင်း” နဲ့ တိုက်ခိုက်ဖူးတဲ့ ဗမာပြည်လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲ့ ပြောခွင့်ရ ရဲဘော်ဂျွန်က RFA ကို ပြောပါတယ်။
မြောင်မြို့နယ်က PDF ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်ဆင်ရိုင်းကို ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ “ဘီလူးစစ်ကြောင်း” က ခေါင်းဖြတ်ပြီး ပုခုံးပေါ် တင်သယ်သွားတဲ့ ဗီဒီယိုဖိုင်ကိုလည်း မြောင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) က ဒရုန်းနဲ့ ရိုက်ထားတဲ့ သက်သေတွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေဟာ War Crime ဆိုတဲ့ စစ်ရာဇဝတ်မှု၊ Crime against Humanity ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှု မြောက်တယ်လို့ မြန်မာ့အမျိုးသမီးများ အဖွဲ့ချုပ် (WLB) တွဲဖက်အထွေထွေအတွင်းရေးမှူး - ၁ မနန်းမို့မို့က ဝေဖန်ပါတယ်။
အခုလို စစ်ကောင်စီတပ်တွေက “ဘီလူးစစ်ကြောင်း” အဖြစ်နဲ့ လှုပ်ရှားနေတာဟာ ၂၀၂၂ ခုနှစ်ကတည်းက စတင်ခဲ့ပြီး၊ အခု တစ်နှစ်ကျော်ကြာလာတဲ့အထိ ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့တွေကို အရေးယူတာ မရှိသေးပါဘူး။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံတပ်တွေကြောင့် သေဆုံးခဲ့ရသူပေါင်း ၄၁၇၆ ဦး ရှိနေပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးပါတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။