ဒု-ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ မိန့်ခွန်းအပေါ် အမြင်
၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ရဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောကြားချက်တွေအပေါ် နိုင်ငံရေးပါတီ ပြောရေးဆိုခွင့် ရှိသူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။
-
2019-03-29 -
-
-
၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Your browser doesn’t support HTML5 audio
၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ရဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောကြားချက်တွေအပေါ် နိုင်ငံရေးပါတီ ပြောရေးဆိုခွင့် ရှိသူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို စုစည်းတင်ပြပေးမှာဖြစ်ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခက စုစည်းတင်ပြထားပါတယ်။
■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့စည်းချိန်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က နေပြည်တော်မှာ တပ်မတော်က ဦးဆောင်ကျင်းပတဲ့ ၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဖွဲ့စည်းပုံပြင်ဆင်တဲ့နေရာမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ဘေးထွက်ဆိုးကျိုး တွေမဖြစ်စေဖို့ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း မိန့်ခွန်းမှာ ပါဝင်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးရဲ့ ၇၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောကြားချက်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့်က အခုလို ပြောပါတယ်။
"ဒီလိုမျိုး လူများညီရင် ဤ ကျွဲဖတ်ပေါ့ဗျာ အဲပုံစံကို ပြောရမယ်ဆိုရင် ဒါဆိုရင်ကျတော်တို့က ပြန်ကောက်ရလိမ့်မယ် ၁၉၉၃ အမျိုးသားညီလာခံ လုပ်တုန်းကကော ဘယ်လိုလုပ်ခဲ့သလဲပေါ့၊ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့တဲ့ ဖြစ်စဉ်ကကော ဘယ်လိုဖြစ်စဉ်လဲပေါ့၊ ဒါမေးခွန်းပြန်ထုတ်စရာရှိတယ် အခုက ခြိမ်းခြောက်တဲ့ ပုံစံလိုမျိုး ဒါမလုပ်ရင် ဒါလုပ်တဲ့အတွက်ကြောင့်မို့လို့ ဘေးထွက်ဆိုးကျိုးတွေ ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာ ခြိမ်းခြောက်သဘောတော့ နည်းနည်းသက်ရောက်တယ်လို့ ကျတော့် တစ်ဦးအနေနဲ့မြင်တယ်"
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းခဲ့တာတွေဟာ ဥပဒေနဲ့ ညီညွတ်မှုရှိကြောင်းနဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့စည်းချိန်မှာ တပ်မတော်က ကန့်ကွက်မှုတွေ မရှိခဲ့ဘူးလို့ ဦးစိုင်းကျော်ညွန့် ပြောပါတယ်။
အစိုးရအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ဆောင်တဲ့နေရာမှာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးဆိုရင် ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေခုရုံးကနေတင်ပြီး ဥပဒေနဲ့မညီညွတ်တဲ့အကြောင်း ဆက်လက်လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
အစိုးရနဲ့ လွှတ်တော်ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်မှုတွေ လုပ်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ဆောင်ချိန်မှာ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာမယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုကိုသွားလို့မရအောင် ပြောသလို ဖြစ်နေကြောင်း ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
"ဖယ်ဒရယ်ပေါ့ဗျာ အဲလိုမျိုးပြည်ထောင်စုကို တကယ်တည်ဆောက်ချင်သလား၊ တည်ဆောက်ချင်တယ်ဆိုရင် အဲဒီအကြောင်းအထောက်အပံ့ဖြစ်နိုင်မယ့် ဒီမိုကရေစီနိုင်ငံကို ရောက်မယ့် ဖက်ဒရယ်နိုင်ငံကိုရောက်မယ့် ပုံသဏ္ဍန်တွေကို ပြုရပြင်ရမယ်ပေါ့ဗျာ၊ အခုမြင်နေရတာက ဘာလဲဆိုတော့ ဒီ ၂၀၀၈ ကြီး လုံးဝမထိနဲ့ ဘာမှမလုပ်နဲ့ပေါ့၊ ဒါကိုထိမယ်ဆိုရင် ဒါဟာအချုပ်အခြာ အာဏာဖြစ်တယ်တို့ ဒါမှမဟုတ်ရင် တစ်ခုခု အကျိုးဆက်တွေပေါ်မယ်လို့ဆိုတဲ့ ပုံစံပြောနေတာကိုက ကျတော်တို့သွားချင်တဲ့ ဒီနိုင်ငံမှာရှိတဲ့ ပြည်သူတစ်ရပ်လုံး သွားချင်တဲ့ ပြည်ထောင်စု ဆိုတဲ့ဟာကို သွားလို့မရအောင် ပြောနေသလိုလို ဖြစ်နေတဲ့သဘောလို့တော့ သုံးသပ်လို့ရတာပေါ့ဗျာ"
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မြေပြင်မှာ အင်အားစုနှစ်စုလိုဖြစ်နေတာတွေ ရှိတဲ့အတွက် ဆန့်ကျင်ဘက် အသွင်ဆောင်မယ်ဆိုရင် ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့အကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
"လက်တွေ့မြေပြင်မှာက မြို့တွေရွာတွေမှာလည်း ပြင်ဆင်ရေးထောက်ခံတဲ့သူနဲ့ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ဒါ ဥပဒေအတိုင်းလုပ်ဖို့ဆိုပြီးတော့ မထောက်ခံတာတော့ မဟုတ်ဘူးပေါ့ဗျာ၊ ဥပဒေအတိုင်းလုပ်ဖို့ ဆိုပြီးတော့ ဆန္ဒပြနေတဲ့လူတွေနဲ့ ဒါတွေဖြစ်နေတာ ရှိတယ်ဗျ၊ အင်းအားစု နှစ်စုလိုဖြစ်နေတာ ရှိတယ်ပေါ့၊ ဆန့်ကျင်ဘက် အသွင်ဆောင်နေတာဖြစ်တယ်၊ ဒါတွေကို ဆက်ပြီးတော့သာ လုပ်နေမယ်ဆိုရင် ဒါတွေကလည်း ဆန့်ကျင်ဘက်အသွင် ဆောင်လာမယ်၊ ပဋိပက္ခတွေဖြစ်ပွားနိုင်တဲ့အတွက် ဘေးထွက်ဆိုးကျိုးဆိုတာ အဲဒါတွေကို ဆိုလိုခြင်းဖြစ်ပါတယ်"
နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက တပ်မတော်ဟာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တွန့်ဆုတ်နေတယ်လို့ ပြောပါတယ်။
"ကျတော်ထင်တယ် တချို့ဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးတို့ဘာတို့က ဆုံးဖြတ်ပေးလိုက်ရင် ပိုပြီးတော့ ရှင်းသွားမယ်ထင်တယ်၊ ဥပဒေနဲ့ ညီမညီဆိုတာ နောက်တစ်ခုကတော့ တပ်မတော် အနေနဲ့က အခြေခံဥပဒေ ပြင်ဆင်ရေးကို အတန်ကယ်လက်တွန့်နေတယ် ထင်ပါတယ်၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ရင် နည်းနည်းအကဲဆတ်တဲ့ အခြေအနေဖြစ်နေတယ်လို့ ထင်ပါတယ်"
ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောကြားတဲ့ မိန့်ခွန်းအပေါ် အခုလို သုံးသပ်ထားပါတယ်။
"နိုင်ငံမှာပါဗျ ဥပဒေနဲ့အညီရပ်တည်ချင်တဲ့ အဖွဲ့အစည်းရှိသလို ဥပဒေနဲ့မညီသော ရပ်တည်မှုမျိုး အဖွဲ့အစည်းမျိုးတွေ ဒါရှိကောင်းရှိနိုင်တာပေါ့နော်၊ ဒီလိုဟာမျိုးမှာ ဥပဒေနဲ့အညီရပ်တည်လိုသော သူများကနေပြီးတော့ ဥပဒေနဲ့ မညီစွာဆောင်ရွက်နေမှုတွေ ဘယ်လိုအဖွဲ့အစည်းမျိုးကပဲ လုပ်လုပ် မခံမရပ်နိုင် ဖြစ်လာမှာကို သူစိုးရိမ်တဲ့အတွက် သူအခုလို ပြောကြားသလားလို့ ကျတော်တို့ ဒီလိုပဲ ကျတော်တို့ ခပ်ပါးပါး မှတ်ချက်ပဲ ပေးလို့ရပါတယ်"
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေနဲ့ ညီညွတ်မယ်ဆိုရင် ကန့်ကွက်စရာမရှိတဲ့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အတူတူ ဖြစ်တယ်လို့ ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ ကန့်ကွက်မှုတွေ၊ ပြောဆိုနေတာတွေဟာ အကျိုးစီးပွား ထိခိုက်မှာ စိုးတဲ့အတွက်ကြောင့် ပြောနေတာဖြစ်တယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
"သူတို့က အကျိုးစီးပွားထိခိုက်မှာစိုးးလို့ပဲ ကျတော်တို့ ဒီလိုပြောနေတယ်လို့ပဲ မြင်ပါတယ်ခင်ဗျ၊ ကျတော်တို့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အားလုံးသဘောတူညီမှုနဲ့ ပြင်ဆင်မယ်၊ လွှတ်တော်လမ်းကြောင်းအတိုင်း လုပ်ထုံးလုပ်နည်းတွေ အတိုင်းသွားမယ်လို့ ကျတော်တို့ ပြောထားတာပါ၊ သူတို့အစိုးရိမ်လွန်ကဲတာလည်း ဖြစ်နိုင်ပါတယ်၊ ယခင်အစိုးရလက်ထက်ကလည်း ဒီလိုပဲ ကော်မတီတစ်ခု ဖွဲ့ခဲ့ဖူးပါတယ်၊ နာမည်လေးကွဲလွဲတာပဲ ရှိတာပဲ၊ တပ်မတော်သား ကိုယ်စားလှယ်က ပါဝင်ခဲ့ပါတယ်၊ အခု ဒီတစ်ခေါက်ကျမှ ဒီလုပ်ထုံးလုပ်နည်းနဲ့ မညီဘူးပြောတဲ့အတွက် ဒီဟာတော့ ကျတော်တို့ အစဉ်အလာအရ မှန်ကန်ပါတယ်လို့ ကျတော်တို့ ပြောခြင်းပဲဖြစ်ပါတယ်"
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကန့်ကွက်မှုတွေရှိနေပြီး မြေမြင်မှာလည်း ပြင်ဆင်ရေး ထောက်ခံသူတွေနဲ့ ပြင်ဆင်ရေးကို ဥပဒေအတိုင်း လုပ်ဆောင်ဖို့ ဆန္ဒထုတ်ဖော်သူတွေလည်း ရှိနေပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရကြား ပဋိပက္ခဖြစ်သွားနိုင်မလားလို့ RFA သတင်းထောက်ရဲ့ မေးမြန်းမှုကို နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက အခုလို ပြောပါတယ်။
"လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ လွှတ်တော်တွင်းက ပြောရေးဆိုခွင့် ရှိတဲ့သူတွေ ဦးအောင်ကြည်ညွန့်တို့ ဘာတို့မေးတာပိုသင့်တော်မယ်၊ ကျတော်တို့ကတော့ အစိုးရအနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရှိပါတယ်၊ ဆက်ဆံရေးလည်း အထူးကောင်းပါတယ်၊ ဒီပေါ်မှာတော့ ကျတော်တို့ အထူးတလည် ရှင်းလင်းစရာမရှိဘူးလို့ ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်းက လုပ်တဲ့အတွက် လွှတ်တော်က ပြောခွင့်ရှိတဲ့လူတွေ ဖြေတာက ပိုကောင်းပါမယ်"
ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး ပြောခဲ့တာပါ။
ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ လူအများညီလို့ ဆောင်ရွက်တာဟာ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်တယ်လို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သတိပေးပြောဆိုထားတာ ဖြစ်ပါတယ်။