လူကုန်ကူးခံရသူတွေ ဒုက္ခမျိုးစုံကြုံနေရ

လူကုန်ကူးခံရသူတွေဟာ သူတို့လာရာ လမ်းတစ်လျှောက်မှာ စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ်တွေနဲ့ ရာဇဝတ်ဂိုဏ်းဂဏတွေရဲ့ ဖိနှိပ်အမြတ်ထုတ်မှု အမျိုးမျိုး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။ AFP

မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေကို လူကုန်ကူးတဲ့ ပွဲစားတွေကနေတစ်ဆင့် တရားမဝင်ရောက်လာကြတဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၈၀၀ ရဲ့ အတွေ့အကြုံတွေကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး UNODC က လေ့လာသုတေသနပြုပြီး မတ်လ ၂၆ ရက်နေ့က အစီအရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဒီ ၄၈၀၀ ထဲမှာ ၂၂၀၀ ကျော်က ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံကထွက်လာသူတွေက အများစုဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ ဆိုမာလီယာနဲ့ ဗီယက်နမ် စတဲ့နိုင်ငံတွေက ဖြစ်ပါတယ်။

လူကုန်ကူးခံရသူတွေဟာ သူတို့လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ်တွေနဲ့ ရာဇဝတ်ဂိုဏ်းဂဏတွေရဲ့ ဖိနှိပ်အမြတ်ထုတ်မှု အမျိုးမျိုး ကြုံခဲ့ရပြီး၊ ရဲနဲ့စစ်သားတွေဟာ သူတို့ကို ရိုက်နှက်နှိပ်စက်တာ၊ ခြိမ်းခြောက်ငွေညှစ်တာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေ အပြင် သတ်ဖြတ်မှုအချို့ပါ ကြုံတွေ့ခဲ့ရတယ်လို့ ပြောတဲ့အကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။

လူကုန်ကူးခံရသူတွေထဲက အမျိုးသမီး ၁၁ ရာခိုင်နှုန်းနဲ့ အမျိုးသားခြောက်ရာခိုင်နှုန်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခံခဲ့ရပြီး အမျိုးသားကိုးရာခိုင်နှုန်းနဲ့ အမျိုးသမီးခြောက်ရာခိုင်နှုန်းက တစ်စုံတစ်ယောက်ကို သတ်ဖြတ်တာ၊ မျက်မြင်ကြုံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီအစီရင်ခံစာထဲမှာပါတဲ့ လူကုန်ကူးခံရသူ အားလုံးရဲ့ သုံးပုံနှစ်ပုံက သူတို့ဟာ လူပွဲစားတွေကို ဖုန်း၊ လူကိုယ်တိုင်နဲ့ ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ချိတ်ဆက်မိခဲ့တာ ဖြစ်ပြီး၊ ပျမ်းမျှ အမေရိကန် ဒေါ်လာ ၂၃၈၀ လောက်နဲ့ ညီမျှတဲ့ ငွေကြေးကို ပွဲခပေးခဲ့ရတယ်လို့ ဆိုပါတယ်။

UNODC ကနေ အစီရင်ခံစာထုတ်ပြန်လိုက်တဲ့နောက်၊ အလားတူ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာအချို့ရဲ့ အတွေ့အကြုံတွေကို သိရဖို့ RFA ရဲ့ ညီနောင် သတင်းဌာန BenarNews ကနေ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် ကိုင်းသောင်ကျေးရွာနှင့် လေးမိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည် ၇၂ ဦးအား တွေ့ရစဉ်။ (Photo : kyaw Swar / Telegram)

ဒီအထဲမှာ ရှိုဘီယာ ဟူဆိန် လို့ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇား ကမ်းခြေကနေ ထွက်ခွာလာပြီး ပင်လယ်ထဲမှာ ၄၆ ရက်ကြာ မျောပါနေခဲ့တဲ့နောက် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ ပြန်ပေးဆွဲတာတွေ၊ ခြိမ်းခြောက်ငွေညှစ်တာတွေ အမြဲလိုလို ဖြစ်နေတဲ့အတွက်၊ သူ့မိဘတွေက လူပွဲစားတွေကို ငွေပေးပြီး အင်ဒိုနီးရှားနိုင်ငံကို သွားဖို့ လွှတ်လိုက်တာလို့ ဆိုပါတယ်။ အခုတော့ သူ အာချေးပြည်နယ်မှာ ရောက်နေတာ လေးလလောက်ရှိနေပေမဲ့ စားတာနဲ့ အိပ်တာအပြင် ဘာမှ လုပ်လို့မရတဲ့အတွက် ဒုက္ခသည်စခန်းထဲက အခြေအနေနဲ့ သိပ်မထူးဘူးလို့ ပြောပါတယ်။

ရှာဟစ် ဒူလာ လို့ခေါ်တဲ့ အသက် ၂၉ နှစ်ရွယ် ရိုဟင်ဂျာလူငယ်ကတော့ လူပွဲစားတွေကို အမေရိကန် ဒေါ်လာ ၄၅၀၀ လောက်နဲ့ ညီတဲ့ ဘင်္ဂလားဒေ့ရှ် တာကာငွေ ငါးသိန်းပေးပြီး မလေးရှားကို လှေနဲ့ ထွက်လာခဲ့တာလို့ ပြောပါတယ်။

အခြား ရိုဟင်ဂျာ ၁၀၀ လောက်နဲ့အတူ ပင်လယ်ထဲမှာ အစားအစာလုံးဝမရှိဘဲ နေခဲ့ရပြီး၊ ကုန်းပေါ်ရောက်တော့မှ ရရာ သစ်သီးသစ်ရွက်တွေစားပြီး မလေးရှားနိုင်ငံထဲကို ကုန်းကြောင်းလျှောက် ဝင်လာခဲ့တာလို့ သူက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ ဒုစရိုက် ဂိုဏ်းတွေက ပြန်ပေးဆွဲ ငွေညှစ်တာတွေအပြင်၊ တဲတွေကိုပါ လိုက်မီးရှို့နေတာကြောင့်၊ သူ့အတွက် အနာဂတ်မရှိလို့ ဖြစ်တဲ့နည်းနဲ့ မလေးရှားကို ထွက်လာခဲ့တာလို့ ပြောပါတယ်။

တက္ကနပ်ဖ် ဒုက္ခသည် စခန်းထဲက ဟာမီလာ ခါတန် ဆိုတဲ့ ရိုဟင်ဂျာမိန်းကလေးရဲ့ အဖြစ်ကတော့၊ မလေးရှားမှာရောက်နေတဲ့ ရိုဟင်ဂျာအမျိုးသား တစ်ဦးနဲ့ လက်ထပ်ဖို့ စေ့စပ်ထားပြီး လူပွဲစားတွေရဲ့ အကူအညီနဲ့ မလေးရှားကိုသွားတဲ့လမ်းမှာ မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့နောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လာခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။ (Photo : AFP)

၂၀၂၂ ခုနှစ်က အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ဟာမီလာဟာ မလေးရှားရောက် ရိုဟင်ဂျာတစ်ဦးနဲ့ လက်ထပ်ဖို့ လူပွဲစားတွေကို ဒေါ်လာ ၇၀၀၀ ကျော်နဲ့ ညီမျှတဲ့ တာကာငွေ ရှစ်သိန်းပေးပြီး မလေးရှားကို ရေလမ်းကနေ ထွက်ခွာခဲ့တာပါ။

ပင်လယ်ထဲမှာ လှေ စက်ပျက်ပြီး မြန်မာရေတပ်က ဖမ်းဆီးခံရတဲ့နောက ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရတာပါ။ သူ့မိသားစုဝင်တွေက သူ့ကို ဘယ်လိုမှ ရှာမရလို့ ပင်လယ်ထဲမှာပဲ သေပြီလို့ ထင်ထားကြတဲ့အကြောင်း ဟာမီလာက BenarNews ကို ပြောပါတယ်။

ဟာမီလာဟာ လွန်ခဲ့တဲ့ သုံးပတ်လောက်ကမှ လူပွဲစားတစ်ယောက်ရဲ့ အကူအညီနဲ့ နတ်မြစ်ကို လှေနဲ့ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် စခန်းကို ပြန်လာခဲ့တယ်လို့ ပြောပါတယ်။

သူနဲ့လက်ထပ်ဖို့ ကတိပြုထားတဲ့ ရိုဟင်ဂျာ အမျိုးသားကတော့ ဒုက္ခသည်စခန်းထဲက အခြားမိန်းကလေးတစ်ယောက်ကို လက်ထပ်လိုက်ပြီး မလေးရှားကို ခေါ်ပြီးနေပြီလို့ ဟာမီလာက ပြောပြခဲ့ပါတယ်။

UNODC ရဲ့ အစီရင်ခံစာမှာပါတဲ့သူအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းက လူကုန်ကူးခံရတဲ့ လမ်းခရီးတစ်လျှောက်မှာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအကြောင်း ကြိုသိမယ်ဆိုရင် ဒီခရီးကို လာဖြစ်မှာမဟုတ်ဘူးလို့ ပြောကြပေမဲ့ ကျန်တဲ့အထဲက ၄၈ ရာခိုင်နှုန်းကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ထွက်လာမှာပဲလို့ ပြောကြတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org