ညီနောင်သုံးဖွဲ့စစ်ဆင်ရေးကို တရုတ်ထောက်ခံမှုရှိကြောင်း USIP သုံးသပ်
2023.11.07

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က စတင်လိုက်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ “၁ဝ၂၇ စစ်ဆင်ရေး” ဟာ တရုတ်နိုင်ငံရဲ့ တရားမဝင်အားပေးထောက်ခံမှုနဲ့ စတင်ခဲ့တာဖြစ်နိုင်ပြီး အာဏာသိမ်းစစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်မပေးနိုင်တာ သေချာသွားတဲ့နောက် တရုတ်ရဲ့သဘောထားပြောင်းလဲသွားတာလို့ တရုတ်-မြန်မာ ဆက်ဆံရေးအကြောင်း အဓိကထားလေ့လာနေတဲ့ အမေရိကန်အစိုးရရဲ့ငြိမ်းချမ်းရေးဌာန USIP က မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဂျေဆန် တာဝါက သုံးသပ်ပါတယ်။
“ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာစစ်တပ်ဟာ ထင်ထားတာထက် ဘယ်လောက်တောင် စစ်အင်အားလျော့နည်းနေပြီး စိတ်ဓာတ်ရေးရာအရ ကျဆင်းနေသလဲဆိုတာလဲ ပေါ်လွင်သွားပါတယ်။"
မြန်မာပြည်သူ တစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း ထည့်သွင်းထားတဲ့၊ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ ‘အသံတိတ်’ ထောက်ခံမှုကို ရယူပြီးဆောင်ရွက်ခဲ့တဲ့အတွက် လျင်လျင်မြန်မြန် အောင်မြင်မှုရခဲ့တာလို့ ဂျေဆန် တာဝါက ပြောပါတယ်။
“ညီနောင်မဟာမိတ်အဖွဲ့တွေဟာ စစ်ဆင်ရေးစတင်ကြောင်း ထုတ်ပြန်ကြေညာပြီး ၂၄ နာရီအတွင်း ချင်းရွှေဟော်လို မြို့တွေကို သိမ်းယူနိုင်ခဲ့တာ ထူးခြားချက်ဖြစ်ပါတယ်။ ဒီလို လျင်လျင်မြန်မြန် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ အနည်းဆုံးတစ်လလောက် ဒါမှမဟုတ် ဒီထက်ကြာကြာ ကြိုတင်ပြင်ဆင်စေ့စပ်ညှိနှိုင်းပြီးမှ အချိန်ကိုက်ထိုးစစ်ဆင်ခဲ့တဲ့တာကြောင့်လို့ ထင်ပါတယ်။ ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ စစ်ဆင်ရေးစတင်နိုင်ဖို့ တရုတ်နိုင်ငံဘက်က ‘အသံတိတ်’ အားပေးထောက်ခံမှုရဖို့ လိုအပ်ပါလိမ့်မယ်။ ဒီစစ်ဆင်ရေးမှာ အဲဒီလိုအားပေးထောက်ခံမှု ရပြီးမှလုပ်ခဲ့တာလို့ ကျွန်တော်ယုံကြည်ပါတယ်။ ၁ဝ၂၇ စစ်ဆင်ရေးအတွင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့လေးလလောက်အတွင်းမှာ တရုတ်အစိုးရက မြန်မာစစ်တပ်ကို လုပ်ပေးဖို့ တောင်းဆိုနေခဲ့တဲ့ လုပ်ရပ်တွေ ဖြစ်နေတာတွေ့နိုင်ပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့နဲ့ မဟာမိတ် PDF အဖွဲ့တွေဟာ သူတို့ သိမ်းယူနိုင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ရှာဖွေပြီး ဝင်ရောက်သိမ်းဆည်းတာတွေ၊ ချုပ်နှောင်ခံထားရသူတွေကို ပြန်လွှတ်ပေးတာတွေကို အရင်ဆုံးလုပ်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုလုပ်ပေးဖို့က သူတို့ ပထမဆုံးဦးစားပေးလုပ်ငန်း ဖြစ်ပုံရပါတယ်။ အခုဆိုရင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ဖမ်းဆီးခံထားရတဲ့သူ နှစ်ထောင်ထက်မနည်း လွတ်မြောက်လာပါတယ်။ တရုတ်အစိုးရဟာ စစ်ကောင်စီကို အားကိုးလို့မရတာ သေချာသွားတဲ့နောက် အခြားနည်းလမ်းအနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို အားကိုးလာတာဖြစ်ပါတယ်”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တရုတ်အစိုးရဟာ မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လက်တွေ့ကျတဲ့ မူဝါဒကို ကျင့်သုံးတဲ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို နေရာပေးဆက်ဆံခဲ့တဲ့အကြောင်း၊ ပြီးခဲ့တဲ့ မေလလောက်အထိ တရုတ်အစိုးရဟာ စစ်ကောင်စီကို တရားဝင်ဖြစ်မှုပေးရာရောက်တဲ့ လုပ်ရပ်အချို့ ရှိခဲ့တဲ့အကြောင်း၊ အဲဒီနောက်မှာ တရုတ်အစိုးရရဲ့ BRI စီမံကိန်း ဆယ်နှစ်ပြည့်ညီလာခံကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ကြားတော့ဘဲ မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေးကို ပြန်ပြီးအဆင့်နှိမ့်နေတာ တွေ့ရတဲ့အကြောင်း၊ နောက်ပိုင်းမှာ တရုတ်နိုင်ငံဘက်ကနေ UWSA ဝ တပ်ဖွဲ့ ခေါင်းဆောင်အချို့ကို ဖမ်းဝရမ်းထုတ်ခဲ့တာဟာ စစ်ကောင်စီဘက်က တရုတ်နယ်စပ်က ရာဇဝတ်ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းပေးဖို့ ဘယ်လောက်ထိလိုလားသလဲဆိုတာ ပြသတာ ဖြစ်တဲ့အကြောင်း ဒါပေမဲ့လည်း တရုတ်-မြန်မာနယ်စပ်က မြန်မာစစ်တပ်ရဲ့မဟာမိတ် ကိုးကန့်နယ်ခြားစောင့်တပ်ဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ ငွေလိမ်လုပ်ငန်းတွေကနေ အဓိကဝင်ငွေရနေပြီး မြန်မာစစ်တပ်ကလည်း ဒီလုပ်ငန်းတွေကနေ အကျိုးအမြတ် ရနေတဲ့အတွက် ဒီလုပ်ငန်းတွေကို နှိမ်နှင်းပေးဖို့ဆောင်ရွက်တာ မရှိတဲ့အကြောင်း၊ နောက်ဆုံးမှာတော့ တရုတ်အစိုးရဟာ မြန်မာစစ်ကောင်စီကို လုံးဝ အားထားလို့ မရတာကို နားလည်သဘောပေါက်သွားတာဖြစ်တယ်လို့ ဂျေဆန် တာဝါက သုံးသပ်ပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့ကလည်း မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် တရုတ်နိုင်ငံသားတစ်ဦး ထိခိုက်ရတာအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ပြောကြားရာမှာ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လိုအပ်တာအားလုံး လုပ်သွားမယ်လို့ ထည့်ပြောသွားပါတယ်။
“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာတာနဲ့ တရုတ်နိုင်ငံသားတစ်ဦး ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်ရပ်တွေအတွက်လည်း မကျေမနပ်ဖြစ်ရကြောင်း ပြောလိုပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီကို ကန့်ကွက်ကြောင်း ပြောထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေမှာ ချက်ချင်း အပစ်ရပ်ကြဖို့ တရုတ်နိုင်ငံအနေနဲ့ ထပ်ပြီးတောင်းဆိုပါတယ်။ တရုတ်နိုင်ငံနယ်စပ်အနီးမှာ ရှိတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်ပျက်စီးစေမဲ့ လုပ်ရပ်တွေ ထပ်မဖြစ်အောင် လုပ်လို့ရတဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးဖို့ တောင်းဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ လုပ်ငန်းအားလုံး လုပ်သွားပါမယ်။”
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့လိုလားချက်အတိုင်း ဆောင်ရွက်တာဖြစ်ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတစ်ခုလုံးအတွက် အရေးကြီးတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်တယ်လို့ ဂျေဆန်တာဝါက သုံးသပ်ပါတယ်။
“ဒီဖြစ်ရပ်တွေအားလုံးကြောင့် တရုတ်နိုင်ငံနဲ့ မြန်မာစစ်ကောင်စီရဲ့ ဆက်ဆံရေးဟာ အနိမ့်ဆုံးအခြေအနေကို ရောက်သွားတာဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုတွေအတွက် ကြီးမားတဲ့အချိုးအကွေ့ ဖြစ်လာပါတယ်။ တရုတ်အစိုးရဘက်က ကြည့်မယ်ဆိုရင် သူတို့အတွက် စစ်ကောင်စီရဲ့တန်ဖိုး ဘယ်လောက်ရှိသလဲဆိုတာ ပြန်ပြီးဆန်းစစ်ဖို့ လိုလာတာ အမှန်ပါပဲ။ မြန်မာနိုင်ငံ အနှံ့မှာ သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်။ တရုတ်-မြန်မာ နယ်စပ်လုံခြုံရေးအတွက်လည်း ပိုဆိုးအောင် လုပ်နေပါတယ်။ နယ်စပ် ဖြတ်ကျော် မှုခင်းတွေကိုလည်း မနှိမ်နှင်းနိုင်ဘူး။ အခုဆိုရင် စစ်ကောင်စီမှာ တရုတ်နိုင်ငံနဲ့ဆက်ဆံရာမှာ အပေးအယူလုပ်စရာ မရှိသလောက် ဖြစ်နေပါတယ်။ ဒီ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာစစ်တပ်ဟာ ထင်ထားတာထက် ဘယ်လောက်တောင် စစ်အင်အားလျော့နည်းနေပြီး စိတ်ဓာတ်ရေးရာအရ ကျဆင်းနေသလဲဆိုတာလဲ ပေါ်လွင်သွားပါတယ်။ စစ်မြေပြင်ကို လွှတ်လိုက်တဲ့ တပ်ရင်းအချို့ဟာဆိုရင် ချက်ချင်းပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဆီမှာ လက်နက်ချခဲ့ပါတယ်။ ဒါကြောင့်လည်း ညီနောင်မဟာမိတ် အဖွဲ့တွေဟာ လွယ်လွယ်ကူကူနဲ့ စစ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တာပါ”
ဆက်လက်ပြီး စစ်ကောင်စီဟာ အခုပုံအတိုင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဆီကို စစ်စခန်းတွေ ထပ်ပြီး ဆုံးရှုံးနေမယ်ဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးရနိုင်တဲ့ အကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနဲ့ တရားမဝင် လုပ်ငန်းတွေကရတဲ့ ဝင်ငွေတွေပါ ထပ်ပြီးဆုံးရှုံးတဲ့နောက် အခြား ပြည်နယ်နဲ့တိုင်းတွေမှာလည်း အလားတူ စည်းချက်ညီညီ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အချိန်ကိုက်လုပ်လာမယ်ဆိုရင် စစ်ကောင်စီတစ်ခုလုံး ပြိုလဲသွားတဲ့အထိ ဖြစ်လာနိုင်တယ်လို့ ဂျေဆန်တာဝါက သုံးသပ်ပြောကြားခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ နိုဝင်ဘာလ ၅ ရက်အထိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ (ကြူကုတ်) ပန်ဆိုင်းမြို့တွေအပြင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၁ဝ ကျော်နဲ့ သံချပ်ကာကား ခြောက်စီးကို သိမ်းယူနိုင်ခဲ့တယ်လို့ ကြေညာထားပြီး၊ နိုဝင်ဘာ ၆ရက်နဲ့ ၇ ရက်တွေမှာတော့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နဲ့ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးအဖွဲ့တွေက ပြောထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကို တန်ပြန်ချေမှုန်းသွားမယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့က အစည်းအဝေးမှာ ပြောထားပါတယ်။