ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံံံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ


2015.01.17

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ၂ ရက်ကြာကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်း အဝေးအပြီး ဒီနေ့ညနေမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က ကောက်နှုတ်တင်ပြထားပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအပြီးမှာ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပခဲ့တာပါ။

ဒီနှစ်ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးကနေ USDP ပါတီရဲ့ရှေ့လုပ်ငန်းစဉ် ၆ ခုကို ချမှတ်နိုင်ခဲ့ကြောင်း ဦးဌေးဦးက ပြောပါတယ်။

ဦးဌေးဦး။                 ။အဲ့ဒီလုပ်ငန်းစဉ် ၆ ရပ်ကတော့ ၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေး အတွက် ပါတီဝင်အားလုံးက အစွမ်းကုန်ကြိုးပမ်းအားထုတ်ရေး၊ ပါတီရဲ့မူဝါဒလုပ်ငန်းစဉ်များနဲ့ ဦးဆောင်မှုကိုပါတီဝင်များ က လေးစားလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနဲ့ ပါတီဦးဆောင်မှုအတွင်းရှင်သန်ရေး၊ တောင်သူလယ် သမား အလုပ်သမား လူငယ်ဖိုရမ်တွေနဲ့ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲတွေက ရှေ့လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ပါတီဝင်ထုတရပ်လုံးက ပြည်သူ များနဲ့အတူ ပူပေါင်းဆောင်ရွက်ရေး၊ နောက်တစ်ခုကတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတော်နဲ့ နိုင်ငံသား များ အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှု့လျှက်ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်တင်အကောင်အထည်ဖော်ရေး ဆိုပြီးတော့မှ လုပ်ငန်းစဉ်တရပ် ကျနော်တို့ ထည့်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းမှုရရှိရေးနဲ့ နယ်မြေဒေသဖွံ့ဖြိုးရေးတွေကို ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း တတိယအကြိမ် USDP ဗဟိုကော်မတီအစည်းအဝေးက ချမှတ်လိုက်ကြောင်း သိရပါတယ်။

ဒီနှစ်ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးကို USDP ပါတီကိုယ်စားလှယ် ၂၆၅ ဦး တက်ရောက်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့တွင်းက ပြည်ခိုင်ဖြိုးပါတီဝင်တွေ မတည့်ကြောင်းပြောဆိုနေတာတွေဟာ မဟုတ်မှန်ပဲ သဘောထားကွဲလွဲမှုသာဖြစ်ကြောင်းလည်း ဦးဌေးဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဦးဌေးဦး။                 ။လွှတ်တော်ထဲမှာလည်း ကျနော်တို့ပဲ၊ ပါတီထဲမှာလည်း ကျနော်တို့ပဲ သို့သော်လည်းပဲ ပါတီကျတော့ ပါတီတာဝန်ထမ်းဆောင်မှာပဲ၊ ပါတီရဲ့ကိုယ့်မှာ ပါတီရဲ့အခြေခံထားပြီး ကျနော်တို့ ဆောင်ရွက်မယ်၊ လွှတ်တော်ထဲကျတော့လည်း လွှတ်တော်တာဝန်ထမ်းဆောင်ရမယ်လေ၊ သူလွှတ်တော်ရဲ့လုပ်ငန်းတွေနဲ့  သူတာဝန်ထမ်းဆောင်ရမယ်၊ အစိုးရဘက်ကလည်း အုပ်ချုပ်ရေးမြင်တဲ့သူပြောမှာပေါ့၊ အဲ့အချိန်တွေကျရင် အမြင်တွေမတူတဲ့အချိန်တွေကတော့ ရန်ဖြစ်နေတယ်လို့ ပြောတာဖြစ်လိမ့်မယ်၊ ကျနော်တို့ရန်မဖြစ်ဘူး၊ ကျနော်တိုပနဲ့ အတွေးအခေါ်အယူအဆတွေ မတူနိုင်ဘူး၊ သို့သော်လည်းပဲ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာတူတယ်၊ အတွေးအခေါ်အယူအဆမတူနိုင်ဘူး၊ လုပ်နည်းလုပ်ဟန်မတူနိုင်ဘူး၊ နောက်ကြောင်းမတူနိုင်ဘူး ဒါကျိန်းသေတယ်၊ ကျနော်တို့အချင်းချင်း လူတွေကမတည့်ဘူးလို့ပြောတဲ့ ဥစ္စာတွေဖြစ်နိုင်ပါ့မလား။

ဒါ့အပြင် ပြည်ထောင်စု လွှတ်တေ်ာက တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်လို့ လည်း ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ကို အဓိကလိုလားကြောင်း ဦးဌေးဦးက ပြန်လည်ဖြေကြား ခဲ့ပါတယ်။

ဦးဌေးဦး။                 ။ကျနော်မြင်တာကတော့ ကျနော်တို့ ဥက္ကဌကြီးပြောတဲ့သဘောကတော့ ၆ ပွင့်ဆိုင်မဟုတ် ဘူး ဆွေးနွေးပွဲကိုလိုလားတာ၊ ၆ ပွင့်ပဲဆိုင်ဆိုင်၊ ၃ ပွင့်ပဲဆိုင်ဆိုင်၊ ၄ ပွင့်ပဲဆိုင်ဆိုင်၊ ၁၂ ပွင့်ပဲဆိုင်ဆိုင် ဘယ်လောက်ပဲ ဆိုင်ဆိုင် အဓိကကတော့ ဆွေးနွေးနိုင်တယ်ဆိုလို့ရှိရင် အဖြေမှန်ရနိုင်တယ်လို့ ဆိုလိုတဲ့သဘောရှိတယ်၊ သို့သော်လည်း ပဲ အခုခင်ဗျားတို့ပြောနေတဲ့ဥစ္စာတော့ အမည်ဖော်ပြလို့ရနေတဲ့ သဘောဖြစ်နေတာပေါ့နော်၊ သို့သော်လည်းပဲ ဆွေးနွေးမှု ကိုလိုချင်တာပါ၊ တကယ်တမ်းပြောရင်တော့ လွှတ်တော်ထဲမှာတင်ပြတာက ဒီလိုဖြစ်သွားတဲ့အတွက် ဒီလိုလို့ပြောနေတာ ၊ ဆွေးနွေးမှုလိုချင်တယ် ကျနော်တို့ ဥက္ကဌကြီး။

ပြည်ခိုင်ဖြိုးပါတီက တိုင်းဒေသကြီး ၇ ခုမှာ တောင်သူလယ်သမားရေးရာ ဆွေးနွေးပွဲတွေကိုကျင်းပခဲ့ပြီးဖြစ် သလို ပြည်နယ် ၇ ခုမှာလည်း အလားတူ ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပသွားမယ်လို့လည်း ပြောပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။