NDAA ဥပဒေကြမ်းကို ကန်အထက်လွှတ်တော်အတည်ပြုမှု ကျွမ်းကျင်သူတွေ ထောက်ခံကြိုဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (Acting President Duwa Lashi La)

မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အကောင်အထည်ဖော်သွားမယ့် ဆောင်ရွက်ချက်တွေ ပါဝင်တဲ့ BURMA Act ဥပဒေကြမ်းကို အမေရိကန်အစိုးရရဲ့ ၂ဝ၂၃ ခုနှစ် အမျိုးသားကာကွယ်ရေးဆိုင်ရာဥပဒေ (NDAA) ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၅ရက်နေ့မှာ အမေရိကန် အထက်လွှတ်တော်ကနေ အတည်ပြုပြဌာန်းပေးလိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ကလည်း ပြီးခဲ့တဲ့အပတ်ကတင် အတည်ပြုပေးခဲ့တာဖြစ်ပြီး ဒီဥပဒေကြမ်းကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြုပြီးတဲ့အချိန်မှာ ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ဒီBurma Act ဥပဒေပါဝင်တဲ့ NDAA ဥပဒေကြမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာ့ဒီမိုကရေစီအရေးအင်အားစုတွေက ထောက်ခံကြိုဆိုကြောင်း NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလ ၁၆ရက်နေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်က ဒီဥပဒေကြမ်းကို အမြန်ဆုံးလက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြုပေးဖို့ကိုလည်း စောင့်မျှော်နေပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုအတည်ပြုလိုက်တဲ့ NDAA ဥပဒေကြမ်းဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအတွက် ထိရောက်မှုရှိကြောင်း အမေရိကန်အစိုးရရဲ့ ငြိမ်းချမ်းရေး အင်စတီကျု USIP က မြန်မာ့အရေး လေ့လာသုံးသပ်သူ Billy Ford က သုံးသပ်ပါတယ်။

“NDAA ထဲမှာ ပါတဲ့ Burma Act ဥပဒေဟာ မူရင်း Burma Act ဥပဒေကြမ်းထက် အားလျော့ပေမယ့် ထိရောက်မှု ရှိပါတယ်။ ပထမဆုံးအနေနဲ့ ဒီဥပဒေကြောင့် အမေရိကန် အစိုးရ ခေါင်းဆောင်ပိုင်းအနေနဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေကို အပြစ်ပေး အရေးယူဖို့နဲ့ တော်လှန်ရေး အင်အားစုတွေကို အားပေးထောက်ခံဖို့ တွန်းအားဖြစ်စေပါတယ်။ ဒုတိယ အနေနဲ့ မြန်မာနိုင်ငံက တော်လှန်ရေး အင်အားစုတွေကို အားပေးထောက်ခံတဲ့နေရာမှာ အမေရိကန်အစိုးရက အရင်က တစ်ခါမှ မလုပ်ဖူးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ PDF အဖွဲ့တွေကို ထောက်ပံ့ကူညီဖို့ ထည့်သွင်းထားတာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု လှမ်းလိုက်တာဖြစ်ပါတယ်။ တတိယ အနေနဲ့ကတော့ ဒီဥပဒေဟာ အမေရိကန် အစိုးရပိုင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ခိုင်မာပြီး တည်ငြိမ်တဲ့မူဝါဒ ဖြစ်လာဖို့ အုတ်မြစ်ချပေးလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေအရဆိုရင် လက်ရှိ ဂျိုးဘိုင်ဒင် အစိုးရနောက်ပိုင်း အစိုးရအသစ်တွေ တက်လာရင်လည်း မြန်မာ့အရေးနဲ့ ပတ်သက်ရင် အမေရိကန်ရဲ့ ရပ်တည်ချက် မပြောင်းလဲဘဲ ရှိနေမှာ ဖြစ်ပါတယ်။ ဒီလို မူဝါဒ တည်ငြိမ်မှုရှိဖို့ အရမ်းကိုအရေးကြီပါတယ်။”

293671628_341920968140305_3950176511445798930_n.jpg
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (Photo: Ministry of Defence-NUG)

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Phil Robertson ကတော့ အမေရိကန်နိုင်ငံက Burma Act ဥပဒေကြမ်းပါဝင်တဲ့ NDAA အက်ဥပဒေကို အတည်ပြုလိုက်တာဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာရုံစိုက်ဆောင်ရွက်တော့မယ့်လက္ခဏာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အမေရိကန်အစိုးရရဲ့ NDAA အက်ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ Burma Act ကို ထည့်သွင်းထားတာဟာ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာရုံစိုက် ဆောင်ရွက်မယ့် အပြုသဘောဆောင်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေထဲက အကြောင်းအရာတွေကတော့ အမေရိကန်အစိုးရက မြန်မာ့အရေးအတွက် လုပ်ထားပြီးသား ဆောင်ရွက်ချက်တွေအပြင် အသစ်ထပ် မပါပါဘူး။ အားသာချက်တစ်ခုကတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို မျက်ခြေမပြတ်အောင် အသိပေးထုတ်ပြန်ပြီး၊ နိုင်ငံခြားရေးဌာနရဲ့ ဗျူရိုကရေစီ ယန္တရားထဲမှာ ကြန့်ကြာနေတာမျိုး မဖြစ်အောင် လုပ်ပေးမယ့် အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ဖို့ ပါဝင်လာတာဖြစ်ပါတယ်။ “

အမေရိကန်အထက်လွှတ်တော်ကနေ NDAA ကိုအတည်ပြုလိုက်တဲ့အပေါ် အာဏာသိမ်းစစ်ကောင်စီရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ RFA က စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားချက် မရှိခဲ့ပါဘူး။

2021-03-03T110000Z_56876311_RC2N3M9H5N2N_RTRMADP_3_MYANMAR-POLITICS-INDIA.JPG
Myanmar citizens living in India hold placards during a protest against the military coup in Myanmar, in New Delhi စစ်တပ်အာဏာသိမ်းမှုကို ၂ဝ၂၁ ခုနှစ် မတ်လ ၃ရက်နေ့တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာနိုင်ငံသားများ ဆန့်ကျင်ဆန္ဒပြနေစဉ်။ (Photo: Reuters) (DANISH SIDDIQUI/REUTERS)

စစ်တပ်အရာရှိဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အမေရိကန်ရဲ့ ဥပဒေသစ်ဟာ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတာကို ထပ်ပြီး မီးထိုးပေးတဲ့သဘော ဖြစ်တယ်လို့ ပြောပါတယ်။

"မြန်မာပြည်မှာ မတည်မငြိမ်ဖြစ်နေတဲ့ကိစ္စကို ထပ်ပြီးတော့ မီးထိုးပေးနေတဲ့ သဘောပဲ။ အဲဒီတော့ ကျွန်တော်တို့က မေးစရာမေးခွန်း တစ်ခုရှိလာတယ်။ နိုင်ငံရေးအရ ဘယ်လိုပဲလုပ်တယ်ပြောပြော လက်ရှိ PDF တွေနဲ့ သူတို့ကြားထဲမှာဖြစ်နေတဲ့ ရက်ရက်စက်စက်လုပ်နေတာတွေကို သူတို့က ထပ်ပြီးအားပေးထောက်ခံသွားမလားဆိုတဲ့ မေးခွန်းရှိတယ်။ အဲဒါကိုတော့ သူတို့ဖြေဖို့ ကြိုးစားသွားရမှာပေါ့။ သေချာတာကတော့ မြန်မာပြည်အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေလို့မရအောင် လုပ်လိုက်တဲ့ အဓိကအချက်ပါပဲ"

အမေရိကန်အစိုးရရဲ့ Burma Act ဥပဒေဟာ အာဏာရှင်လက်အောက်မှာ ရုန်းကန် တိုက်ပွဲဝင်နေရတဲ့ မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ မျှော်လင့်ချက်နဲ့ အကူအညီအထောက်အပံ့တွေ ရရှိစေမှာ ဖြစ်တဲ့အတွက် ဒီဥပဒေ အတည်ပြုနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတဲ့ အမေရိကန်ရောက် မြန်မာတွေ၊ ပါဝင်ကူညီသူ အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်လွှတ်တော်ကို ကျေးဇူးတင်တဲ့အကြောင်း ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။