ကန်-အာဆီယံ အစည်းအဝေးကြောင့် မြန်မာ့အရေး ပိုကောင်းလာနိုင်

2022.05.17
ကန်-အာဆီယံ အစည်းအဝေးကြောင့် မြန်မာ့အရေး ပိုကောင်းလာနိုင် အမေရိကန်နှင့် အာဆီယံ ခေါင်းဆောင်တွေကို ၂ဝ၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှာ အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့တွင် တွေ့ရစဥ်
AFP Photo

ပြီးခဲ့တဲ့ရက်ပိုင်းက ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အမေရိကန်အစိုးရက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲက မြန်မာအတွက်နေရာကို ထိုင်ခံလွတ်ထားခဲ့ပြီး NUG ကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို သီးသန့်တွေ့ဆုံခဲ့ပါတယ်။ တခြား အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တန်းတူ လုံခြုံရေး အစောင့်အရှောက်လည်း စီမံပေးခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ သူ့ခရီးစဥ်အတွင်း အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီး ရှားမန်း၊ သမ္မတ ဂျိုးဘိုင်ဒင် အမေရိကန်အစိုးရ လူ့အခွင့်အရေးဌာန ညွှန်ကြားရေး မှူးနဲ့အတူ အစိုးရ အကြီးတန်းအရာရှိ တွေ၊ လွှတ်တော်တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဆွေး နွေးခွင့်ရခဲ့တာပါ။

ဒီလုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီကို သံတမန်ရေးနယ်ပယ်မှာ အကြီးအကျယ် ရှုံးနိမ့်စေပြီး မြန်မာပြည်သူတွေအတွက် အကျိုးရှိတဲ့ကိစ္စဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် က ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကနေပြီးတော့ NUG နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ပြီးတော့ အာဆီယံထိပ်သီး အစည်းအဝေး လုပ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ထိပ်တန်းကိုယ်စားလှယ်တွေ၊ အစိုးရအရာရှိ ကြီးတွေ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ပေးတာ တွေက NUG အတွက် အရမ်းကောင်းတဲ့ခြေလှမ်း၊ မြန်မာပြည်သူ လူထုအတွက် အများ ကြီး ကောင်းမွန်တဲ့ရလဒ်၊ အဲ့ဒါက အထီးကျန်နေတဲ့ စစ်ကောင်စီကို ပိုပြီးအထီးကျန်စေ တယ်။ သံတမန်ရေးရာမှာ အရှုံးကြီးရှုံးသွားတယ်။ အရှက်တကွဲဖြစ်တာပေါ့

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ NUG နဲ့ အခုလို တွေ့ဆုံဆွေးနွေးတာတွေကို ကန့်ကွက်လိုက်ပြီး စစ်ကောင်စီက အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာထားတဲ့ NUG ကို လက်ခံတွေ့ဆုံတာဟာ သူတို့ရဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေတယ်လို့ မေလ ၁၄ ရက်နေ့က ကြေညာ ချက်ထုတ်ပြန်ထားပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေအနေနဲ့ NUG ကို ထိတွေ့ဆက်ဆံတာမျိုး ထပ်မလုပ် ဖို့လည်း စစ်ကောင်စီက သတိပေးလိုက်ပါတယ်။

အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေရဲ့ လုပ်ရပ်ကြောင့်  မကြာခင် လာရောက်မယ့် အာဆီယံအထူးသံ ပရက်ဆော့ခွန်းရဲ့ ခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ တာမျိုး ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ခန့်မှန်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါရစေဆိုတဲ့ တောင်းဆိုချက်ကို အစဉ်တစိုက် ငြင်းပယ်ခဲ့ရာကနေ နောက်ဆုံးမှာ တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့က ဖြစ်လာ နိုင်ပါတယ်လို့ ပြောဆိုထားတာရှိတယ်။ ရှိတဲ့အတွက်ကြောင့် အခုလို NUG နိုင်ငံခြား ရေးဝန်ကြီးကို အလွတ်သဘော ဆက်ဆံတာကနေပြီးတော့ ဖိအားသဘောဖြစ်လာပြီး ဒီဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ဖို့က ဖြစ်လာနိုင် ပါတယ်

ဒီလိုအခြေအနေမျိုးမှာတောင် စစ်ကောင်စီဘက်က ဆက်လက်ခေါင်းမာပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်မပေးဘူးဆိုရင်တော့ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံးက NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုလုပ်လာနိုင်တယ်လို့လည်း ဦးရဲထွန်း က ခန့်မှန်းပါတယ်။

"စစ်ကောင်စီကို ပိုပြီးအထီးကျန်စေတယ်။ သံတမန်ရေးရာမှာ အရှုံးကြီးရှုံးသွားတယ်"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အာဆီယံအထူးသံရဲ့ ခရီးစဥ်အတွင်း ငြိမ်းချမ်းရေး ကိစ္စကိုပဲ အဓိကထားလုပ်ဆောင်မယ်လို့  ပြောပါတယ်။

ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးပဲ ဦးစားပေးဆောင် ရွက်သွားမှာ ဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်သာ မြန်မာနိုင်ငံရဲ့ နှစ်ရှည်လ များ ကြာမြင့်ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းစေမှာဖြစ်တဲ့အတွက် ကြောင့်မို့ ကျနော်တို့ မြန်မြန်အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်သွားမယ်၊ ဒီတစ်ပတ်လာတဲ့အချိန်မှာ ကျနော်တို့တွေ့ဆုံနိုင်ဖို့လည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းဟာ ဒီလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို သွား ရောက်မယ့်အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီတစ်ကြိမ် အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့ တွေ့ခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က လည်း မေလ ၃ ရက်နေ့က စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှာ တွေ့ဆုံစဉ်။  (Photo: Wendy R. Sherman/Twitter)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှာ တွေ့ဆုံစဉ်။ (Photo: Wendy R. Sherman/Twitter)

အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေကတစ်ဆင့် စစ်ကောင်စီ တစ်ဖက်တည်းကို ထိတွေ့ဆက်ဆံတာမျိုး မဟုတ်ဘဲ NUG ကိုပါ ထိတွေ့ဆက်ဆံတာမျိုးတွေ စတင်လာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

လူ့ကရုဏာတရားအရ ကုလသမဂ္ဂကပေးမယ့် အကူအညီတွေကို ဖြန့်ဝေတဲ့အခါ စစ်ကောင်စီနဲ့လည်း တစ်စုံ တစ်ရာဆက်ဆံ၊ နောက် NUG တို့နဲ့ ဆက်ဆံပြီးတော့ နိုင်ငံရေးအရဆွေးနွေးတာ မဟုတ်ဘဲနဲ့ လူမှုရေးအရ အဲ့လို စလုပ်တာမျိုး ရှိကောင်း ရှိနိုင်တယ်။ အဲ့ဒီလမ်းကလေးတွေတော့ ပွင့်လာကောင်း ပွင့်လာနိုင်တယ်လို့ ထင်ပါ တယ်

မကြာခင် လက်တွေ့အကောင်အထည်ဖော်မယ့် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စမှာ အာဆီယံဟာ စစ်ကောင်စီ တစ်ဖက်တည်းတင်မကဘဲ NUG နဲ့ပါ ပူးပေါင်းဆောင် ရွက်ဖို့ လိုအပ်တာကို အမေရိကန်နဲ့ အာဆီယံ နှစ်ဖက်စလုံးကလည်း လက်ခံထားတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အမေရိကန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံ ချိန်မှာ ပြောခဲ့ပါတယ်။

အမေရိကန်- အာဆီယံ အထူးအစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်မှာတော့ မြန်မာ နိုင်ငံမှာ အကြမ်းဖက်မှု တွေ ရပ်တန့်ဖို့၊ အာဆီယံသဘောတူညီချက်တွေကို လိုက်နာ အကောင်အထည်ဖော်ဖို့ ၊ နိုင်ငံရေးအကျဉ်းသား တွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့ အပြည့်အဝ ‌တွေ့ဆုံနိုင်ဖို့ ဆိုတဲ့အချက်တွေကို တောင်းဆို ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။