အမေရိကန်က မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၃၆ သန်းသုံးဖို့ အတည်ပြု

ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ)
2022.03.14
အမေရိကန်က မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၃၆ သန်းသုံးဖို့ အတည်ပြု ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းရှိ စစ်ဘေးဒုက္ခသည်များ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေတာကို ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

အမေရိကန် အထက်လွှတ်တော်မှာ Consolidated appropriation act of 2022 ခေါင်းစဉ်နဲ့ တင်သွင်းဆွေးနွေးခဲ့တဲ့ဥပဒေကြမ်းမှာ ၂၀၂၂ ခုနှစ်အတွက် အမေရိကန်အစိုးရ အသုံးစရိတ်အဖြစ် ဒေါ်လာ၁.၅ ထရီလီယံ သုံးစွဲသွားဖို့ မတ်လ ၁၁ ရက်နေ့က အတည်ပြု လိုက်ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၃၆ သန်း ပေးအပ် သွားမယ့် အစီအစဉ်တွေပါဝင်ပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ ၂၀၂၂ ခုနှစ် အစိုးရအသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းမှာ မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာမှုအကူအညီတွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့ ကြိုးပမ်း အားထုတ်နေတဲ့ အဖွဲ့အစည်းတွေအတွက် ပေးအပ်သွားမယ်လို့ အဓိကဖော်ပြထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေအတွက် အထောက်အပံ့ မဖြစ်စေဖို့အတွက်လည်း ပါရှိတဲ့အကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Campaign for New Myanmar အဖွဲ့က Michael Haack က ပြောပါတယ်။

“ပြီးခဲ့တဲ့အပတ်က အမေရိကန် အစိုးရအသုံးစရိတ် ဒေါ်လာ ၁.၅ ထရီလီယံ ချပေး လိုက်တဲ့ အထဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံခြားရေးရာ လုပ်ငန်းစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၃၆ သန်း သုံးစွဲဖို့ သတ်မှတ် ပေးလိုက်တာဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံမှာကြုံနေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ထိုင်းနိုင်ငံကနေတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးအပ်ရာမှာ သုံးစွဲမယ့်အကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကလုပ်နေတဲ့ လုပ်ငန်း အချို့အတွက် အသုံးပြုသွားမယ်လို့ ဖော်ပြထားတယ်။ အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေအတွက်လည်း အသုံးပြုမယ်လို့ ပါပါတယ်။ ဒါပေမဲ့ ဒီရန်ပုံငွေတွေကို လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ အစိတ်အပိုင်းတွေဆီကိုတော့ ပေးအပ်မှာ မဟုတ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်”

အမေရိကန်နိုင်ငံဟာ အခုအတည်ပြုလိုက်တဲ့ အစိုးရအသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းထဲမှာ ဖော်ပြထားတဲ့ NUG CRPH စတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု ရှိထားပြီးဖြစ်သလို အရင်ကတည်းက လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်နေတာလည်း ရှိပြီးဖြစ်တဲ့ အကြောင်း၊ ဒီ ဥပဒေကြမ်းအရ အရင်ပေးနေတဲ့ အကူအညီတွေကို ဆက်လက်ပေးအပ် နိုင်မှာဖြစ်သလို၊ ကူမယ့်ပမာဏလည်း တိုးလာမယ်လို့ Michael Haack က ပြောပါတယ်။

မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေထဲမှာ ဘယ်အဖွဲ့အတွက် ရန်ပုံငွေ ဘယ်လောက်ရမယ်၊ ဘယ်အချိန်မှာ စတင်ရရှိမယ်ဆိုတဲ့ အသေးစိတ် အချက်အလက် တွေတော့ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်လိုက်တဲ့ ဥပဒေကြမ်းထဲမှာ မပါရှိသေးပါဘူး။ ဒီအတွက်၊ အမေရိကန် လွှတ်တော်နှစ်ရပ်မှာ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍတွေအလိုက် ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ တိုင်ပင်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေနဲ့ ပြည်ပရောက် မြန်မာတွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုဖို့ အမေရိကန် အစိုးရကို တိုက်တွန်းနေတာနဲ့ ပတ်သက်ပြီး အကောင်အထည် မပေါ်သေးပေမယ့်၊ အခုလို တရားဝင် အစိုးရအသုံးစရိတ်ချပေးလိုက်တဲ့အထဲမှာ NUG အတွက် ထည့်သွင်းလာတာဟာ ကြီးမားတဲ့ တိုးတက်မှုတစ်ခုဖြစ်တယ်လို့ Michael Haack က သုံးသပ်ပါတယ်။

“အခုလို ရန်ပုံငွေ ချထားပေးလိုက်တာဟာ အရေးကြီးတဲ့ တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ ဒီဥပဒေ ကြမ်းထဲမှာ NUG အတွက် အမေရိကန်အစိုးရ အသုံးစရိတ်ထဲကနေ ရန်ပုံငွေ ပေးဖို့ ဆုံးဖြတ်ထားတာကို ကြည့်ရင် အမေရိကန်အစိုးရက NUG အပေါ် အလေးအနက် ထားကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် လွှတ်တော်မှာ ဆက်ပြီး ဆွေးနွေးနေတဲ့ Burma Bill ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့အတွက်လည်း ဆက်ပြီး ကြိုးစားသွားဖို့လိုပါတယ်။ ”

Campaign for New Myanmar အဖွဲ့ဟာ NUG ကို တရားဝင် အစိုးရအဖြစ်သတ်မှတ်ဖို့၊ စစ်ကောင်စီခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ချထားဖို့နဲ့ မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာမှုအကူအညီတွေ တိုးပေးဖို့ အချက်တွေပါဝင်တဲ့ Burma Bill ဥပဒေကို အမေရိကန် လွှတ်တော်ကနေ တရားဝင်အတည်ပြုပြဋ္ဌာန်းဖို့အတွက် ပြည်နယ်တွေက လွှတ်တော်အမတ်တွေကို ဆက်သွယ်ပြီး၊ တိုက်တွန်းပြောဆိုကြဖို့ အမေရိကန် နိုင်ငံမှာနေထိုင်တဲ့ မြန်မာတွေကို စည်းရုံးလှုံ့ဆော်နေပါတယ်။

အခုလို၂၀၂၂ ခုနှစ်အတွက် အစိုးရ အသုံးစရိတ်ကို မတ်လရောက်မှသာ အတည်ပြုနိုင်တာ ဖြစ်တဲ့အတွက် ဒီရန်ပုံငွေတွေ လက်ခံရရှိမယ့် အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုပုံစံနဲ့ အသုံးပြုသွားမယ်ဆိုတာကို အချိန်တိုအတွင်းမှာ အမြန်ဆုံးအစီအစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော်ကြဖို့ လိုလိမ့်မယ်လို့လည်း Michael Haack က သုံးသပ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။