တရုတ် ကုမ္ပဏီမိတ်ဖက် Airbus ကို စစ်ဆေးပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

RFA Burmese
2025.02.05
တရုတ် ကုမ္ပဏီမိတ်ဖက် Airbus ကို စစ်ဆေးပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မန္တလေးတိုင်း၊ မိတ္ထီလာတွင် ပြုလုပ်သည့် ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွင် စစ်ကောင်စီ ဂျက်တိုက်လေယာဥ်များ ပျံသန်းနေသည်ကို တွေ့ရစဉ်။
Myanmar Military

Updated 4:17 PM, Feb 5,2025

ဥရောပအခြေစိုက် Airbus လေကြောင်းကုမ္ပဏီရဲ့ လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးပေးဖို့ နယ်သာလန်အစိုးရကို မြန်မာပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၆၁ ဖွဲ့က ဖေဖော်ဝါရီ ၅ ရက် ဒီနေ့မှာ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

Airbus ဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အဓိက ပံ့ပိုးပေးနေတဲ့ တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီနဲ့ စီးပွားမိတ်ဖက် လုပ်ကိုင်တာကြောင့် အခုလို တောင်းဆိုလိုက်တာလို့ အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတို့ ရှယ်ယာပါဝင်နေတဲ့ Airbus ကုမ္ပဏီဟာ နယ်သာလန်မှာ အခြေစိုက်ထားတာ ဖြစ်ပါတယ်။ Airbus အနေနဲ့ AVIC ကုမ္ပဏီကို ဘဏ္ဍာရေးနဲ့ နည်းပညာ ထောက်ပံ့တာက ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုမှာ သွယ်ဝိုက်ပါဝင်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရှစ်ထောင်ကျော်အထိ ရှိခဲ့ပါတယ်”

ဒါကြောင့် Airbus အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ဝတ္တရားတွေနဲ့အညီ ဆောင်ရွက်ပေးဖို့နဲ့ AVIC နဲ့ စီးပွားရေး ဆက်ဆံမှုကို အဆုံးသတ်ပေးဖို့ နယ်သာလန်နဲ့ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေကို မြန်မာပြည် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ အလုပ်မလုပ်ကြဖို့ အဓိက တောင်းဆိုချင်တာလို့ တောင်းဆိုရာမှာပါဝင်တဲ့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။

“ဒီနိုင်ငံတွေကို ကျွန်တော်တို့က ပြန်ပြီးတော့ မေတ္တာရပ်ခံချင်တာက ဒီလိုစစ်တပ်နဲ့ပတ်သက်နေတဲ့ ဘယ်လိုကုမ္ပဏီမျိုးမဆို အလုပ်မလုပ်ဖို့၊ အရောင်းအဝယ်မလုပ်ဖို့၊ အပေးအယူမလုပ်ဖို့ လုပ်မယ်ဆိုရင်တောင်မှ ဒါကို ချွင်းချက်တစ်ခုအနေနဲ့ထားပြီးတော့ စစ်တပ်နဲ့ ပတ်သက်တဲ့အလုပ်ကို အပေးအယူမလုပ်မိဖို့ ဆိုတဲ့ဟာက တော်တော်လေး အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က မကြာခင် ဒီစစ်ခေါင်းဆောင်ကို ICC ကတောင် တရားစွဲပြီးတော့ ဖမ်းဝရမ်း ထုတ်တော့မဲ့ အနေအထား ရှိတယ်ဆိုတော့ ဒီလိုရာဇဝတ်နိုင်ငံနဲ့ အပေးအယူလုပ်ခြင်းဟာ သူတို့တွေအတွက် အင်မတန်မှ ပြဿနာရှိတာကို သူတို့တွေလည်း မြင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခုလို တောင်းဆိုမှုဟာ ရလဒ်တစ်စုံတစ်ရာထွက်လာဖို့ ခက်ခဲနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“တကယ်တော့ လေကြောင်းတိုက်ခိုက်မှုက မြန်မာလေတပ်ကပဲ တိုက်နေတာလေနော်။ အဲဒီတော့ တရုတ်ပြည်ကကျတော့ ခုနနည်းပညာကူတာတွေ ရှိနိုင်တယ်။ လေယာဥ်ရောင်းတာတွေ ရှိနိုင်တယ်ပေါ့။ အဲဒီလို တွက်ဆလို့ရပါတယ်။ တစ်ချိန်တုန်းကတော့ ဒီလို အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကမ်ပိန်းတွေ၊ တောင်းဆိုမှုတွေ ဒါတစ်စုံတစ်ရာ အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုလက်ရှိအနေအထားပေါ့ဗျာ။ ရလဒ်ပေါ်လာဖို့ ဆိုတာတော့ တော်တော် ခက်ဦးမယ်ထင်တယ်ဗျ”

ISP-Myanmar ရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ လေးနှစ်အတွင်း နိုင်ငံအနှံ့က မြို့နယ်ပေါင်း ၁၆၂ ခုထက်မနည်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရှစ်ထောင်ကျော်အထိ ရှိခဲ့ပါတယ်။

ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်အဆောက်အအုံများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်အဆောက်အအုံများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

အခုလို လေကြောင်းတိုက်ခိုက်မှုမှာ ရှမ်းပြည်နယ်က အကြိမ်ရေ ၁၇၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက အကြိမ်ရေ ၁၃၀၀ နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ လေကြောင်း မကြာခဏ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ နေရပ်ပြန်ဖို့တောင် စိုးရိမ်နေကြတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာတွေ ဘာတွေမှာ ပြန်ကို လုံးဝမနေရဲဘူး။ ဘာလို့ဆို ဒီလေကြောင်းရန်ကိုပဲ ကြောက်ရတာကို။ တည်နေရာတွေကို သေသေချာချာပစ်တာ မဟုတ်ဘူး။ ပြည်သူရော၊ အရပ်သားရော သူတို့မကွဲမပြားနဲ့ လုပ်ရပ်တွေရှိတဲ့အတွက် အဲဒါတွေ လန့်ပြီးတော့ ပြန်မနေရဲတာတွေပေါ့။ အဖွဲ့အစည်း ရှိနေလားဆိုတော့ ဟိုဘက်လည်း မရှိဘူး။ ဒီဘက်လည်း မရှိဘူး။ ဒါပေမဲ့ မရှိတဲ့ဟာကို ဘာကြောင့်မနေရဲလဲဆိုတော့ ဒီလေကြောင်းက မကြာခဏ ဆိုသလိုမျိုးပေါ့နော်။ အဲဒီ လာလာကြဲနေတဲ့အခါ အဲဒါလေးတွေ စိုးရိမ်ရတာပေါ့”

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်တင်မဟုတ်ဘဲ အရပ်သားတွေကိုလည်း လေကြောင်းကနေ အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် နိုင်ငံတကာက အရေးယူပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုနေကြတာပါ။


ဆက်နွှယ်သောသတင်းများ

မြန်မာစစ်တပ်ကိုပံ့ပိုးနေတဲ့ တရုတ်လေယာဉ်ကုမ္ပဏီကို ဖိအားပေးရေး Burma Campaign UK တောင်းဆို

စစ်ရာဇဝတ်မှုတွေမှာရင်းနှီးမြှုပ်နှံမှု အဆုံးသတ်ဖို့ Airbus ကို အဖွဲ့ ၃၀၀ ကျော်တောင်းဆို

လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေး တရုတ် အရေးယူမှုလိုအပ်


AVIC ကုမ္ပဏီနဲ့ စီးပွားမိတ်ဖက် လုပ်ကိုင်နေတဲ့ Airbus ကို ဖိအားပေးဖို့အတွက် ပြည်ပ တော်လှန်ရေး အင်အားစုတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ နေ့ကလည်း Airbus ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ထံ အိတ်ဖွင့်ပေးစာ ပို့ခဲ့ပါသေးတယ်။

အလားတူ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၁ နေ့ကလည်း ပြင်သစ်၊ ဂျာမဏီ၊ စပိန်အစိုးရတွေဆီကို အိတ်ဖွင့်စာပေး ပို့ခဲ့သလို ဒီနေ့မှာလည်း နယ်သာလန်အစိုးရထံ အိတ်ဖွင့်ပေးစာပို့ပြီး ထပ်မံတောင်းဆိုခဲ့တာပါ။

ဒီလိုတောင်းဆိုမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာ သံရုံးအနေနဲ့ ဒီအိတ်ဖွင့်စာကို လက်ခံရရှိတာ မရှိသေးတဲ့အတွက် စာလက်ခံရရှိပြီးမှ တုံ့ပြန်နိုင်မှာဖြစ်ကြောင်း ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။

အလားတူ Airbus ကုမ္ပဏီကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဒီနေ့ညနေ ငါးနာရီအထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

(မှတ်ချက် - ဤဆောင်းပါးတွင် မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်း၊ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းနှင့် ဆီဆိုင်ဒေသခံတစ်ဦးတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။