လာမဲ့နှစ်မှာ အကူအညီလိုအပ်သူ နှစ်သန်းခန့်ထပ်တိုးလာနိုင်ကြောင်း UNOCHA ပြော

RFA Burmese
2024.12.18
လာမဲ့နှစ်မှာ အကူအညီလိုအပ်သူ နှစ်သန်းခန့်ထပ်တိုးလာနိုင်ကြောင်း UNOCHA ပြော ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် ဒေသခံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Kwe Ka Lu

၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီလိုအပ်သူ သန်းနှစ်ဆယ်နီးပါး ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန် ပါတယ်။

အခုနှစ်မှာ အကူအညီလိုအပ်သူ ၁၈ သန်းအထိ တိုးလာကြောင်း UNOCHA က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး လာမဲ့နှစ်မှာ သန်းနှစ်ဆယ်နီးပါး (၁၉ ဒသမ ၉ သန်း) ရှိလာနိုင်တယ်လို့ အခု ထပ်မံ ထုတ်ပြန်တာကြောင့် နှစ်သန်းခန့် တိုးလာနိုင်တဲ့အခြေအနေပါ။

"ဆင်းရဲမွဲတေမှုကြုံနေရတဲ့ လူဦးရေဟာ တိုင်းပြည်တစ်ဝက်လောက်တောင် ဖြစ်နေပြီဆိုတဲ့ဟာမျိုးတွေလေ။ ဆိုတော့ ဒါတွေက ပြောမယ်ဆိုလို့ရှိရင် ပစ်ထားမရဘူးပေါ့နော်"

ဒါဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ မကြုံစဖူးတိုးလာတာလို့လည်း UNOCHA က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ အဓိကအကြောင်းက စစ်မှုထမ်းဥပဒေ ကြောင့်လို့ RFA ကို ပြောပါတယ်။

“ပထမအချက်အနေနဲ့ပေါ့နော် အဓိကအကြောင်းအရင်းကတော့ အကြမ်းဖက်စစ်ကောင်စီက သူ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို အရှိန်မြှင့်လုပ်နေတာကြောင့်ပဲဆိုတာတော့ ဒါအဓိကအချက်ပါပဲ။ ဒုတိယအချက်ကတော့ အခုလက်ရှိကာလမှာ ဖြစ်ပွားခဲ့တာပေါ့နော်။ သဘာ၀ဘေးပေါ့။ ဒါလည်းပါတာပေါ့။ နောက်တစ်ချက်ကတော့လည်း တော်တော်လေးတော့ အရေးကြီးတယ်။ ခုထက်ထိလည်း ဆက်တိုက်ဖြစ်နေတဲ့ အချက်ကတော့ ဘာလဲဆိုတော့ သူ (စစ်ကောင်စီ)က အဓမ္မစစ်မှုထမ်းဥပဒေကို ဆက်တိုက်ကျင့်သုံးပြီးတော့ မရရအောင် လူတွေစုနေတယ်ပေါ့နော်။ ပြည်သူတွေက နေအိမ်မှာ မနေရဲဘဲနဲ့ နေရပ်စွန့်ခွာရတဲ့သူတွေ ရှိလာတယ်။ ဒါကြောင့် ကိစ္စတွေကြောင့် နေရပ်စွန့်ခွာရတဲ့သူတွေများလာပြီးတော့ ဒုက္ခသည်ဦးရေ များလာတယ်”

UNOCHA ကလည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပြင်းထန်လာတဲ့တိုက်ပွဲတွေ၊ သဘာဝဘေးနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပိုများလာတာလို့ ဖော်ပြထားပါတယ်။

ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး (၂) ကိုဗညားကတော့ ပဋိပက္ခဖြစ်တဲ့အချိန် ကြာမြင့်လာတာက လူသားချင်းစာနာမှုအကူအညီ လိုအပ်သူအရေအတွက်ကို တိုးလာစေတယ်လို့ ပြောပါတယ်။

“စစ်ရေးအရလည်း ဖြစ်တယ်။ ဒီဘက်စီးပွားရေးခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် လူထုတွေက နှစ်နှစ်၊ သုံးနှစ် အခုဆိုရင် လေးနှစ်ထဲ ဝင်လာတဲ့အတွက်ကြောင့်မို့ ရှိရင်းစွဲ ယခင်တုန်းက သူတို့စုထားတာတွေ ဆောင်းထားတာတွေ သူတို့ မျှဝေတဲ့ဟာတွေက အကျပ်အတည်းတွေ ပိုကြုံလာရတယ်။ ဟိုပြောရရင်တော့ ရှိတာလေးနဲ့စားတာ ကုန်သွားပြီပေါ့နော်။ ကုန်သွားတော့ ဘာမှမရှိတော့ ပြန်တောင်းစားရတဲ့ဘ၀ မဟုတ်ရင်လည်း နိုင်ငံတကာရဲ့အကူအညီကို ပြန်မှီခိုရတဲ့ဘဝကို ရောက်သွားတော့ လူသားချင်းစာနာထောက်ထားမှု ကိန်းဂဏန်းတွေက ပိုတိုးလာခြင်း ဖြစ်ပါတယ်”

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း ပဋိပက္ခပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ်တွေနဲ့ မိသားစုတွေဟာ အသက်ကယ်အကူအညီနဲ့ အရေးပေါ်ဝန်ဆောင်မှု ရဖို့လိုနေကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂ဝ၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရသည့် ကယားပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမြင်ကွင်း။ (ဓာတ်ပုံ -  ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
၂ဝ၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့ရသည့် ကယားပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမြင်ကွင်း။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူ မဖူးပွင့်ဝေက ပဋိပက္ခဖြစ်နေတဲ့ကာလအတွင်း ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးလာတယ်လို့ RFA ကို ပြောပါတယ်။

“ပဋိပက္ခကာလကလည်း အရမ်းနှစ်ကြာလာပြီပေါ့နော်။ လေးနှစ်ပြည့်လို့ ငါးနှစ်ထဲရောက်တော့မဲ့ အနေအထားမျိုးမှာ စစ်ရဲ့ပဋိပက္ခပေါ့နော် အဲဒီရဲ့ အကျိုးဆက်တွေက အရမ်းသက်ရောက်တယ်ပေါ့နော်။ ကုန်ဈေးနှုန်း မြင့်တက်မှုတွေရော၊ အလုပ်အကိုင်ရှားပါးလာတာရော၊ နောက်တစ်ခုအနေနဲ့ စစ်မက်ကာလအတွင်းမှာ စစ်ရှောင်သူများလာတာပေါ့။ အဲဒီနေရာမှာ ကလေးတွေအနေနဲ့ ပညာသင်ခွင့် ဆက်လက်ဆုံးရှုံးနေတဲ့ဟာသည် တိုင်းပြည်အတွက် ကောင်းတဲ့ရလဒ်တစ်ခုတော့ မဟုတ်ဘူးပေါ့နော်။ အခုချိန်ထိလည်း ကျွန်တော်တို့တွေက အဲဒါနဲ့ပတ်သက်ပြီး ရာနှုန်းပြည့် ထောက်ပံ့ကူညီပေးနိုင်ခြင်း မရှိသေးပါဘူး”

UNOCHA ရဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။


ဆက်နွှယ်သောသတင်းများ

နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းခွဲနီးပါး စားနပ်ရိက္ခာနဲ့ အကူအညီတွေ လိုအပ်

ရခိုင်ပြည်နယ်မှာ လူတစ်သန်းခန့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

အငတ်ဘေးကို ဖုံးကွယ်ထားဖို့ အကူအညီပေးရေးအဖွဲ့တွေကို စစ်ကောင်စီ ဖိအားပေးနေ


မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေကို သက်ဆိုင်သူအားလုံး ထည့်တွက်စဉ်းစားဖို့ လိုအပ်နေပြီလို့ သုံးသပ်ပါတယ်။

“အခုက သန်းနှစ်ဆယ်လောက် ခုနလို အကူအညီလိုအပ်မယ်လို့တွက်ရင် ကျွန်တော်တို့လူဦးရေရဲ့ သုံးပုံ တစ်ပုံနီးပါး ဖြစ်နေပြီဗျနော်။ အဲတော့ တချို့အစီရင်ခံစာတွေမှာလည်းရှိပါတယ်။ ကျွန်တော်တို့မှာ ဆင်းရဲမွဲတေမှုကြုံနေရတဲ့ လူဦးရေဟာ တိုင်းပြည်တစ်ဝက်လောက်တောင် ဖြစ်နေပြီဆိုတဲ့ဟာမျိုးတွေလေ။ ဆိုတော့ ဒါတွေက ပြောမယ်ဆိုလို့ရှိရင် ပစ်ထားမရဘူးပေါ့နော်။ ဆုံးဖြတ်ချက် ချတဲ့သူတွေမှာ နှစ်ဖက်စလုံး စစ်ကောင်စီဘက်ရော၊ ဒီဘက် အတိုက်အခံတွေ တော်လှန်ရေးဘက်ရော ခေါင်းထဲထည့်စဉ်းစားစရာ ပြဿနာဖြစ်ပြီလို့ ကျွန်တော် မြင်ပါတယ်”

မြန်မာနိုင်ငံမှာရှိတဲ့ စုစုပေါင်းလူဦးရေ ၅၅ ဒသမ ၈ သန်းထဲက ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှု ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) က အခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

UNOCHA ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်သူ တစ်သန်းကျော်သာရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် နောက်ထပ် ၁၉ သန်းလောက် တိုးလာဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။