ကမ္ဘာကြီးက မြန်မာအပေါ် တာဝန်မကျေဖြစ်နေတယ်လို့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ပြော
မစ္စတာ တွမ်အင်ဒရူးက ကုလသမဂ္ဂဟာ သူတင်ပြထားတဲ့ အဆင့် ၇ ဆင့်ကို ယူကရိန်းနိုင်ငံအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် ၄ ရက်ပဲ ကြာခဲ့ပြီး မြန်မာနိုင်ငံအတွက်တော့ ၁၈ လကြာတဲ့အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိတဲ့အကြောင်း နှိုင်းယှဉ်ပြီး ပြောသွားပါတယ်။
- 2022-10-26
-
-
-
အောက်တိုဘာလ ၂၆ ရက်နေ့ မနေ့က ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက မြန်မာနိုင်ငံအခြေအနေကို အစီရင်ခံစာတင်သွင်းရာမှာ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ စာသင်ကျောင်းတစ်ခုကို တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၃ ဦး သေဆုံးသွားတဲ့အကြောင်းနဲ့ ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂီတဖျော်ဖြေပွဲလာတဲ့ ပရိတ်သတ် ၆၀ ဦး သေဆုံးသွားတဲ့ အကြောင်းတွေကို တင်ပြပြီး မြန်မာနိုင်ငံမှာ အခြေအနေတွေ တစ်စထက်တစ်စ ပိုဆိုးလာနေတဲ့အကြောင်း ကမ္ဘာနိုင်ငံ အစိုးရတွေအနေနဲ့အချိန်မီ တုန့်ပြန်ဆောင်ရွက်မှုမရှိရင် နောက်တစ်ကြိမ် အစီရင်ခံစာတင်သွင်းတဲ့ အချိန်မှာ ပိုဆိုးတဲ့သတင်းတွေ ကြားရလိမ့်မယ်လို့ ပြောသွားပါတယ်။
အခုအချိန်မှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်တာဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စရိုက်လက္ခဏာ ဖြစ်လာနေတဲ့အကြောင်းနဲ့ တစ်ချိန်တည်းမှာ လူ့အခွင့်အရေးစောင့်ကြည့်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တာနဲ့ လူသားချင်းစာနာမှု အကူအညီမှုပေးရေး တာဝန်တွေကို ထမ်းဆောင်နေကြတာအတွက်လည်း မြန်မာနိုင်ငံရဲ့ သူရဲကောင်းများအဖြစ် ချီးကျူးပြောဆိုသွားပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက မစ္စတာ တွမ် အင်ဒရူးရဲ့ အစီရင်ခံစာဟာ မြေပြင်က အခြေအနေမှန်တွေကို ထင်ဟပ်ပြသနေတဲ့အတွက် ထောက်ခံကြောင်း ပြောပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်ကောင်စီကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုကြောင်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအနေနဲ့ မြန်မာ့အရေးအတွက် အရေးပေါ် အစည်းအဝေးထိုင်ပြီး၊ စစ်ကောင်စီကို လက်နက်၊ ငွေကြေး၊ တရားဝင် ဖြစ်မှုတွေ မရတော့အောင် ဘယ်လိုအာရုံ စူးစိုက်ပြီး ဝိုင်းဝန်းလုပ်ဆောင်ကြမလဲဆိုတာ ဆွေးနွေးကြဖို့လည်း တိုက်တွန်းသွားပါတယ်။
အဲဒီနောက် ဆက်ပြီး ပြုလုပ်တဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ တစ်စထက်တစ်စ ပိုဆိုးလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေကို ထောက်ပြပြီး နိုင်ငံတကာက ဒီလို အခြေအနေတွေအပေါ် တုန့်ပြန်မှုက အပြောင်းအလဲမရှိတာကို မြန်မာပြည်သူတွေအနေနဲ့ နားလည်ရခက်ခဲနေတဲ့အကြောင်း ပြောသွားပါတယ်။
“စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ပြောင်းလဲဖို့ဆိုရင် နိုင်ငံတကာရဲ့ တုန့်ပြန်ပုံကလဲ ပြောင်းလဲဖို့ လိုပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ဘာလို့အပြောင်းအလဲ မဖြစ်သေးတာလဲဆိုတာ နားလည်ဖို့ ခက်နေပါတယ်။”
မစ္စတာ တွမ်အင်ဒရူးက အခုအချိန်မှာ မြန်မာနိုင်ငံကို စွန့်ခွာပြီးထွက်ပြေးနေရတဲ့ မြန်မာပြည်သူတွေကို မြန်မာနိုင်ငံကို ပြန်ပို့နေတာလည်း မဖြစ်သင့်တဲ့အကြောင်း မလေးရှားနိုင်ငံကို နာမည်တပ်ပြီး ပြောဆိုသွားပါတယ်။
“အသက်မသေဖို့ မြန်မာနိုင်ငံကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဘယ်သူ့ကိုမှ ဘေးအန္တရယ်ထဲကို ပြန်မပို့သင့်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ အဲဒီလို ပြန်ပို့ခံနေရပါတယ်။ ကျွန်တော့်အနေနဲ့ အနည်းဆုံး မြန်မာနိုင်ငံသား ၁၀၀ လောက်ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တဲ့ မလေးရှားနိုင်ငံကို အဓိကထားပြီး ပြောချင်ပါတယ်။ ဒီလို ပြန်ပို့ခဲ့တဲ့အထဲမှာ စစ်တပ်ကို စွန့်ခွာထွက်ပြေးလာတဲ့ တပ်မတော်သားတွေလည်း ပါဝင်ပါတယ်။ ကျွန်တော့်အထင် ပြောရရင် ဒီတပ်မတော်သားဟောင်းတွေဟာ ပြန်ပို့ခံရပြီးတဲ့နောက် နှိပ်စက်ညှင်းပန်းခံရပြီး ကွပ်မျက်ခံရလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ထိတ်လန့်စရာကောင်းပြီး ဘယ်လိုမှ လက်ခံနိုင်စရာ မရှိသလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်ပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဟာ လွတ်လပ်မျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ ကြိုးပမ်းနေတဲ့အကြောင်းနဲ့ နိုင်ငံတကာအနေနဲ့လည်း ဒီရွေးကောက်ပွဲကို လက်ခံ အသိအမှတ်ပြုခြင်းအားဖြင့် အခြေအနေပိုဆိုးအောင် မလုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။
“အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဒီမိုကရေစီနိုင်ငံအနေနဲ့ ရွေးကောက်ပွဲအတွက် အကူအညီနဲ့ အကြံညဏ်တွေ ပေးမယ်လို့ ပြောသွားပါတယ်။ နိုင်ငံတကာအနေနဲ့ လာမယ့်နှစ်မှာ စစ်ကောင်စီက ကျင်းပမယ့် လက်ခံနိုင်စရာမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကို တရားဝင်ဖြစ်အောင်လုပ်ပြီး အခြေအနေ ဆိုးသထက်ဆိုးအောင် မလုပ်ကြဖို့ အရေးကြီးပါတယ်။”
မစ္စတာတွမ် အင်ဒရူးက မြန်မာ့အရေးအတွက် ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းပြီး လုပ်ဆောင်ကြဖို့ လိုအပ်မယ့် အဆင့် ၇ ဆင့်ကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြပြီး ဒီလိုအဆင့်တွေကို ယူကရိန်းနိုင်ငံအတွက် မြန်မြန်ဆန်ဆန်နဲ့ တစ်ညီတစ်ညွတ်တည်း ဆောင်ရွက်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံအတွက် နှောင့်နှေးနေရတာကိုလည်း ထောက်ပြပြောဆိုသွားပါတယ်။
“မြန်မာပြည်သူတွေဟာ ယူကရိန်းပြည်သူတွေရဲ့ အခြေအနေနဲ့ အများကြီးတူညီနေပါတယ်။ ဒီအထဲမှာ ယူကရိန်းပြည်သူတွေကို သတ်ဖြတ်ဖို့ အသုံးပြုနေတဲ့ လက်နက်တွေကို မြန်မာပြည်သူတွေကို သတ်ဖြတ်ဖို့ အတွက်လည်း အသုံးပြုနေပါတယ်။ ဒီလက်နက်တွေလာတဲ့ အရင်းအမြစ်ကလည်း အတူတူပါပဲ။ ရုရှားနိုင်ငံကပါ။ ကျွန်တော် ပြောချင်တာကတော့ ယူကရိန်းပြည်သူတွေအတွက် လုပ်ပေးနိုင်တယ်ဆိုရင် ဘာကြောင့် မြန်မာပြည်သူတွေအတွက် မလုပ်နိုင်ရမှာလဲဆိုတာပါပဲ။ ကျွန်တော်တို့ လိုအပ်နေတာ ခေါင်းဆောင်မှုပါ။ ကုလသမဂ္ဂ မှာကော၊ နိုင်ငံတကာမှာပါ မြန်မာနိုင်ငံအရေးအတွက် နိုင်ငံပေါင်းစုံညွန့်ပေါင်းအဖွဲ့ဖွဲ့ပြီး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ပေးမယ့် ခေါင်းဆောင်မှုမရှိဘဲ ဖြစ်နေပါတယ်။“
မစ္စတာ တွမ် အင်ဒရူးက ကုလသမဂ္ဂဟာ သူတင်ပြထားတဲ့ အဆင့် ၇ဆင့်ကို ယူကရိန်းနိုင်ငံအတွက် လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် ၄ ရက်ပဲ ကြာခဲ့ပြီး မြန်မာနိုင်ငံအတွက်တော့ ၁၈ လကြာတဲ့အထိ အလားတူ အကောင်အထည်ဖော်နိုင်ခြင်းမရှိတဲ့အကြောင်း နှိုင်းယှဉ်ပြပြီး ဘာကြောင့် မြန်မာနိုင်ငံအတွက် ဒီလောက်နှောင့်နှေး ကြန့်ကြာရသလဲလို့ မေးလာရင် သူ့အနေနဲ့ အဖြေပေးစရာမရှိတဲ့အကြောင်း ပြောသွားပါတယ်။
လက်ရှိအချိန်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်မယ့်နိုင်ငံ မရှိဘဲဖြစ်နေတဲ့အကြောင်း အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံတွေဟာ ဒီလိုဦးဆောင်သူ အခန်းကဏ္ဍကို ရယူနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအရေးကို ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ မစ္စတာ တွမ် အင်ဒရူးက ပြောသွားပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာကြီးက မြန်မာနိုင်ငံအပေါ် တာဝန်မကျေဘဲ ဖြစ်နေတဲ့အကြောင်းနဲ့ အပြောင်းအလဲ တစ်ခုခုဖြစ်အောင် လုပ်မှဖြစ်တော့မယ်လို့ မစ္စတာ တွမ်အင်ဒရူးက ပြောသွားပါတယ်။