မြန်မာအမြဲတမ်းကိုယ်စားလှယ်အတွက် ပြည်သူတွေဘက်က အလားအလာကောင်း
ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ မြန်မာ ပြည်သူတွေကို ကိုယ်စားပြုခွင့်ရလိမ့်မယ်လို့ မျှော်လင့် ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ကုလသမဂ္ဂအရာရှိတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ SAC-M က တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
-
ရဲခေါင်မြင့်မောင်( ဝါရှင်တန် ဒီစီ)
2021-08-30 -
-
-
လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ နီးကပ်လာချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ်တွေ အများစု ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG တို့ဟာ ဒီညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရဖို့ ကြိုးပမ်း အားထုတ်မှုတွေ ပိုပြီး အားကောင်းလာနေပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံစတင်တဲ့ အချိန်မှာ နိုင်ငံ ကိုးနိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ credentials committee ဟာ အဖွဲ့ဝင်နိုင်ငံတွေကို ကိုယ်စားပြုပြီး တက်ရောက်လာသူတွေရဲ့ တရားဝင် ဖြစ်မှုကို စစ်ဆေးမှာဖြစ်ပြီး၊ တရားဝင်ဖြစ်ကြောင်း credentials committee က အတည် ပြုပြီးတဲ့နောက် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေဟာ နိုင်ငံကိုယ်စားပြုပြီး အစည်းအဝေး တက်ရောက်ခွင့်နဲ့ မဲပေးခွင့်တွေ ရရှိမှာဖြစ်ပါတယ်။
“ရှေ့လမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို ကုလသမဂ္ဂမှာ ဘယ်သူက ကိုယ်စားပြုခွင့် ရမလဲဆိုတာကို ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ SAC-M အဖွဲ့က သုတေသန စာတမ်းတစ်စောင် ထုတ်ဝေထားပါတယ်။ တကယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကိုသာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ပဋိညာဉ် စာချုပ်တစ်ခုလုံးကို ချိုးဖောက်ရာ ရောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထင်မထားတာတွေလည်း ဖြစ်လာနိုင်ပါတယ်။”
ဒါကတော့ SAC-M အဖွဲ့ရဲ့ တည်ထောင်သူနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဟောင်း မစ္စယန်ဟီလီက ပြောသွားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ဒီလို နိုင်ငံကိုယ်စားပြုပြီး တက်ရောက်ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသူအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုရာ ရောက်မယ်လို့ သြဂုတ်လ ၂၇ရက်နေ့က ကျင်းပတဲ့ SAC-M အဖွဲ့ရဲ့ ဆွေးနွေးပွဲကို တက်ရောက်လာသူတွေက ပြောကြားခဲ့ပါတယ်။
SAC-M အဖွဲ့က ထုတ်ပြန်ထားတဲ့ သုတေသန စာတမ်းမှာ အတိတ်က ညီလာခံတွေကို အခြေခံပြီး လာမယ့် ကုလ အထွေထွေညီလာခံမှာ ဖြစ်လာမယ့် ဖြစ်နိုင်ခြေတွေကို မှန်းဆထားရာမှာ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ် ပြုလိုက်တာ ဒါမှမဟုတ် အာဏာသိမ်း စစ်ကောင်စီကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုလိုက်တာ ဒါမှမဟုတ် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးကိုပဲ မြန်မာနိုင်ငံ ကိုယ်စားပြုသူအဖြစ် ဆက်လက်ထားရှိပြီး၊ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ကို ရွေ့ဆိုင်းထားတာ ဒါမှမဟုတ် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူမရှိပဲ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နေရာကို ထိုင်ခုံအလွတ်အဖြစ်ထားရှိပြီး အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားတာ စတဲ့ ဖြစ်နိုင်ခြေလေးမျိုးကို ဖော်ပြထားပါတယ်။
ဒီဖြစ်နိုင်ခြေအားလုံးဟာ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့ လိုအပ်မှာဖြစ်ပြီး ဒီအထဲမှာ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် သတ်မှတ်လိုက်တာနဲ့ လက်ရှိ မြန်မာ သံအမတ်ကြီး ကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ဆက်လက်ပေးထားတာ နှစ်မျိုးဟာ ဖြစ်နိုင်ခြေ အများဆုံး ရှိကြောင်းလည်း သုံးသပ်ထားပါတယ်။
ကုလသမဂ အထွေထွေ ညီလာခံဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့က resolution တစ်ခု ထုတ်ပြန်ပြီး ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားလိုက်နာဖို့ အာဏာသိမ်း စစ်ကောင်စီကို တိုက်တွန်း ကြောင်း လိုက်နာဖို့မလိုတဲ့ non-binding resolution တစ်ခု ထုတ်ပြန်ခဲ့တာကို ထောက်ပြပြီး လာမယ့် စက်တင်ဘာလမှာလုပ်မယ့် အထွေထွေညီလာခံမှာ NUG အစိုးရဘက်က အလေးသာမယ်လို့ မျှော်လင့်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ အချက်အလက်ရှာဖွေရေး မစ်ရှင်မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ မစ္စတာ မူဇူကီ ဒါရူစ်မန်းက ပြောပါတယ်။
“လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ စစ်ကောင်စီကို အနိုင်ရပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ရလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေက ဖြစ်သွားတဲ့ အာဖဂန်နစ္စတန် နိုင်ငံအရေးကိစ္စကြောင့် မြန်မာ့ အရေးကို အတိုင်းအတာတစ်ခုအထိ မှေးမှိန်သွားနိုင်ချေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ အရေးကို အခြားနိုင်ငံအရေးကိစ္စတွေရဲ့ လွှမ်းမိုးမှုမပါဘဲ သီးခြားရှုမြင် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာ စစ်ခေါင်းဆောင်တွေဟာ နယူးယောက်မြို့က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တားဆီးဖို့ အသည်းအသန် ကြိုးစားနေတာကိုလည်း တွေ့နိုင်ပါတယ်။ တစ်ဘက်မှာလည်း NUG ကို တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုလိုက်ရုံနဲ့ ပြဿနာတွေ ပြီးသွားမှာ မဟုတ်ပဲ ရေရှည်ဆက်ပြီး ရုန်းကန်ကြရမှာ ကိုလည်း နားလည်ထားဖို့ လိုပါတယ်။ မကြာခင်မှာ ကုလထွေထွေညီလာခံ ကျင်းပတဲ့အခါ ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နိုင်ခြေရှိပါတယ်။ မကြာခင်က ကုလအထွေထွေညီလာခံ ကနေ ထုတ်ထားတဲ့ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ ကို နိုင်ငံတကာက ကောင်ကောင်း နားလည်သိရှိထားတဲ့အပြင် NUG အစိုးရနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ တရားဝင် အစိုးရအဖြစ် သတ်မှတ်လိုက်ရင် ရလာမယ့် အကျိုးကျေးဇူးနဲ့ ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာ အားလုံးကို နားလည် သဘောပေါက်တာကို မြင်နိုင်ပါတယ်။”
အတိတ်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ credential committee ဟာ ၁၉၉၂ခုနှစ် ဟေတီ နိုင်ငံအရေး၊ ၁၉၉၇ ခုနှစ် ဆီယားရားလီယွန်နိုင်ငံတွေအရေး ဆုံးဖြတ်ရာမှာ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြုပဲ၊ အရပ်သားအစိုးရကိုသာ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၉၉၆ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံ အရေးနဲ့ ၁၉၉၇ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံအရေး ဆုံးဖြတ်ရာမှာတော့ ဆုံးဖြတ်ချက် ချမှတ်ခြင်းမရှိပဲ ရွှေ့ဆိုင်းခဲ့တာတွေ့ရပါတယ်။
တကယ်လို့သာ အာဏာသိမ်းစစ်ကာင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြု လိုက်မယ် ဆိုရင် စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေအားလုံးကို ကြိုက်သလို ပြင်ဆင်ရေးဆွဲ၊ အသစ်ပြဌာန်းခွင့် ရသွားမှာဖြစ်သလို၊ နိုင်ငံတကာ ညီလာခံ အစည်းအဝေးနဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ပြီး သူတို့လိုသလို ဆုံးဖြတ်ချက် ချတော့မှာ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေအတွက် အလွန် အန္တရာယ်ကြီးတယ်လို့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
လက်ရှိ အချိန်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံက စေလွှတ် ထားတဲ့ ကုလသမဂ္ဂ သံအရာရှိတွေထဲမှာ ရာထူးအမြင့်ဆုံးဖြစ်ပြီး ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီလ ၂၆ ရက်မှာ ပြုလုပ်တဲ့ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို အသိအမှတ် မပြု ကြဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြားခဲ့ပြီး NUG အစိုးရကို ထောက်ခံကြောင်း ပြသခဲ့တဲ့နောက် အာဏာသိမ်း စစ်ကောင်စီဟာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနေရာကို အစားထိုးဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။
အဲဒီနောက်ပိုင်း ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုသူကို ဆုံးဖြတ်နိုင်ခြင်းမရှိတဲ့အတွက် မတ်လ ၁၂ရက်အထိ ဂျနီဗာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံ၊ မေလမှာ ကျင်းပတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညီလာခံနဲ့ ဇွန်လမှာ ကျင်းပခဲ့တဲ့ ILO ညီလာခံတွေမှာ မြန်မာနိုင်ငံအတွက် တရားဝင် ကိုယ်စားပြု တက်ရောက်မှုမရှိပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။