NUG ကို တရားဝင် အသိအမှတ်ပြုဖို့ ကုလအကြံပေးအဖွဲ့ SAC-M တိုက်တွန်း
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ နိုင်ငံရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီမို့ အာဏာရှင်ဆန့်ကျင်ရေး ခုခံတော်လှန်မှုကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုသင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးအရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ Special Advisory Council for Myanmar( SAC-M) က စက်တင်ဘာ ၅ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
- 2022-09-06
-
-
-
လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ နိုင်ငံရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီမို့ မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်မှုကို ကိုယ်စားပြုတဲ့ တရားဝင် အစိုးရအဖြစ် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုသင့်ကြောင်း မစ္စယန်းဟီလီ အပါအဝင် ကုလသမဂ္ဂအရာရှိတွေ၊ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်း ထားတဲ့ မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) က စက်တင်ဘာ ၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ “မြန်မာနိုင်ငံက ထိရောက်တဲ့ ထိန်းချုပ်မှု” လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာရဲ့ ကနဦး အကျဉ်းချုပ် ဖော်ပြချက်လည်း ဖြစ်ပါတယ်။
SAC-M အဖွဲ့ကို ဦးဆောင်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟောင်း မစ္စ ယန်းဟီလီက မြန်မာနိုင်ငံသစ်ရဲ့ပုံသဏ္ဍန် ပေါ်လွင်နေပြီ ဆိုတာကို ကမ္ဘာကြီးက သိရှိဖို့လိုတယ်၊ NUG ဟာ စဉ်ပြိုင်အစိုးရ မဟုတ်သလို အဝေး ရောက် အစိုးရတစ်ရပ်လည်း မဟုတ်ဘူး၊ မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်မှုကို ကိုယ်စား ပြုတဲ့ တရားဝင်အစိုးရတစ်ရပ် ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
SAC-M ရဲ့ ဒီထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်ကို ဖော်ပြထားတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရဆိုတာ Legality ပေါ့။ Legality ပိုင်းမှာ ကျနော်တို့မှာ အပြည့်အဝ ရှိတယ်။ သူတို့(စစ်တပ်)က သေနတ်နဲ့ အာဏာလုဖို့ ကြိုးစားတာပေါ့နော်။ မြန်မာပြည်သူလူထုကလည်း ကျနော်တို့ အစိုးရကို သူတို့ရဲ့ ကိုယ်စားလှယ်အနေနဲ့ လက်ခံထားတာ။ ဆိုတော့ မစ္စ ယန်ဟီလီ တို့ ပြောတဲ့ဟာက ကျနော်တို့ အစိုးရရဲ့ အနေအထားကို အမှန်အကန်ကို ထုတ်ဖော် ပြောကြားတာလို့ ကျနော်တို့ သုံးသပ် မိပါတယ်"
အစိုးရတစ်ရပ်ကို အသိအမှတ်ပြုဖို့ လိုအပ်တဲ့အခါ အဲဒီအစိုးရဟာ နိုင်ငံရဲ့နယ်မြေကို ဘယ်လောက် လက်တွေ့ကျကျ ထိန်းချုပ်ထားနိုင်လဲဆိုတဲ့ အချက်ကို နိုင်ငံတကာ အသိုက်အဝန်းက ထည့်သွင်းစဉ်းစားပါတယ်။
"မြန်မာပြည်သူလူထုကလည်း ကျနော်တို့ အစိုးရကို သူတို့ရဲ့ ကိုယ်စားလှယ်အနေနဲ့ လက်ခံထားတာ။"
SAC-M ရဲ့ ထုတ်ပြန်ချက်မှာ NUG လက်အောက်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေဟာ တိုင်းပြည်နယ်မြေရဲ့ ၅၂ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထား နိုင်ပြီး၊ စစ်ကောင်စီကတော့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ တည်ငြိမ်အောင် ထိန်းထား နိုင်တယ်လို့ ဖော်ပြထားပါတယ်။ တိုင်းပြည်ရဲ့ ၂၃ ရာခိုင်နှုန်းလောက်မှာတော့ စစ်ကောင်စီ နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေအကြား နယ်မြေထိန်းချုပ်နိုင်ရေး အားပြိုင်နေတယ်လို့ ဆိုပါတယ်။
ပုလဲ၊ မြိုင်၊ ရေစကြို၊ ယင်းမာပင်၊ ကနီ အပါအဝင် စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက မြို့နယ် ၁၆ မြို့နယ်ဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ကင်းသွားပြီး လက်နက်ကိုင် ခုခံသူတွေက စီမံခန့်ခွဲရေးလုပ်ငန်းတွေကို စတင်နေပြီလို့ အစီရင်ခံစာမှာ ပြောထားပါတယ်။
SAC-M ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့အတိုင်း ပုလဲမြို့နယ်ရဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းမှာ ဒေသအုပ်ချုပ်ရေး ယန္တရားတွေ ထူထောင်ထားပြီလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“အကိုတို့ ပုလဲနယ်မှာဆိုရင်တော့ မစ္စယန်ဟီးလီရဲ့ အဆိုကို အကိုတို့ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ ထောက်ခံတယ်။ လက်ရှိ ပုလဲနယ်မှာဆိုရင်ကို PDF ထိန်းချုပ်တယ် ဆိုတာထက် စစ်ရေးအရလည်း တော်တော်များများ လွှမ်းမိုးထားနိုင်တဲ့ အနေအထားရှိတယ်။ နောက်ပြီးတော့ ပြည်သူတွေအတွက် အဓိကလိုအပ်တဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ကောင်းကောင်း ထူထောင်နိုင်တယ်။ ပုလဲမြို့နယ်မှာဆိုရင် ရွာပေါင်း ၂၀၀ ဝန်းကျင်ရှိတဲ့ အနေအထားမယ် ရွာပေါင်း ၁၈၀ ဝန်းကျင်၊ ပျှမ်းမျှ အားဖြင့်တော့ ၈၀ ရာခိုင်နှုန်းလောက် အထိ အုပ်ချုပ်ရေး ယန္တရားတွေ ထူထောင်နိုင်ပြီ ပေါ့နော်”
နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၃၀ မှာ ၉၃ မြို့နယ်ကိုပဲ စစ်ကောင်စီက ထိန်းချုပ် ထားနိုင်ပြီး အဲဒီထဲက၂၁ မြို့နယ်ကိုတောင် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ အားကိုးနဲ့ ထိန်းချုပ် ထားရတာလို့လည်း မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီ SAC-M အဖွဲ့က ပြောပါတယ်။
ဒီအချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ မြန်မာ့အရေး အထူးအကြံပေး ကောင်စီရဲ့ အစီရင်ခံစာဟာ လက်တွေ့မြေပြင်နဲ့ အကြီးအကျယ် ကွဲလွဲတယ်လို့ ဝေဖန် ပါတယ်။
"ဘယ်အချက်အလက်တွေပေါ် မူတည်ပြီး သူတို့ ဒီထုတ်ပြန်ချက်ထုတ်လဲ ကျနော်တို့ မစဉ်းစားတတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့ ထုတ်တယ်ဆိုတာတော့ ရှိမှာပေါ့။ ဒါပေမဲ့ လက်တွေ့ အခြေအနေနဲ့ ထုတ်ပြန်ချက် ဘယ်လိုကွာခြားနေတယ်ဆိုတာ သူတို့ ကိုယ်တိုင် သိပါလိမ့်မယ်။ ကျနော်တို့ ပြောနိုင်တာကတော့ ဒီထုတ်ပြန်ချက်ဟာ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မတည်ငြိမ်မှု တစ်ခုခုကို ရောက်စေ ချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တယ်လို့ သုံးသပ်ပြီးပြောနိုင်ပါတယ်"
ဒီအစီရင်ခံစာဟာ မကြာခင် အဆုံးအဖြစ်ပေးဖို့ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် နေရာအတွက် နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်တာလို့လည်း ဦးသိန်းထွန်းဦးက ဝေဖန်ပါတယ်။
စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဘယ်သူ့ကို ကိုယ်စားပြုခွင့် ပေးမလဲဆိုတဲ့ အချက်ကို နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂအဖွဲ့က စဉ်းစားတဲ့အခါ ဒီလို အစီရင် ခံစာမျိုးကို ထည့်သွင်း စဉ်းစားလေ့ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။
"Credentials Committee က ကော်မတီဝင်တွေ စဉ်းစားကြလိမ့်မယ်။ အဲဒီလို စဉ်းစားတဲ့ အချက်ထဲမှာ ရန်ဟီးလီတို့အဖွဲ့က ထုတ်လိုက်တဲ့ အချက်က သူတို့ အထောက်အထား လုပ်စရာတစ်ခုဖြစ်ကောင်းဖြစ်သွားလိမ့်မယ်။ အဲဒီအပေါ်မှာ မူတည်ပြီး သူတို့ဆုံးဖြတ်ကြမှာ။ အနည်းနဲ့ အများတော့ အခုထုတ်လိုက်တဲ့ အစီရင် ခံစာက ပြောဆိုဆွေးနွေးမှုတွေမှာ အထောက်အထား တစ်ခုအဖြစ် သုံးလို့ရစရာ ဖြစ်သွားလိမ့်မယ်"
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသား တွေဟာ ကုလသမဂ္ဂအဖွဲ့ကနေ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ နဲ့ NUG ကခန့်ထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကုလသမဂ္ဂမှာ မြန်မာ ကိုယ်စားလှယ်ထားရှိရေး ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂနဲ့ စစ်ကောင်စီအကြား ပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်မှာ ပထမဆုံး ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်း ဟေဇာနဲ့ သြဂုတ်လ ၁၇ ရက် နေပြည်တော်မှာ တွေ့ဆုံချိန် ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၁၃ ရက်ကနေ ၂၇ ရက်နေ့အထိ ကျင်းပမယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမပိုင်း ရက်တွေမှာ အဖွဲ့ဝင် ကိုးနိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် စိစစ်ရေး ကော်မတီ (Credentials Committee ) ကနေ မြန်မာနိုင်ငံအတွက် ဘယ်သူ့ကို ကိုယ်စား ပြုခွင့် ပေးမလဲဆိုတာကို ဆုံးဖြတ်ပေးရမှာပါ။
SAC-Mအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Chris Sidoti ကတော့ “မြန်မာ့တော်လှန်ရေးဟာ အောင်မြင် မှာ ဖြစ်တယ်၊ ဒါပေမဲ့ ကျနော်တို့ နိုင်ငံတကာ အသိုက်အဝန်းဟာ အရေးကြီးချိန်မှာ မြန်မာ ပြည်သူတွေနဲ့အတူ ဘယ်လို ရပ်တည်ခဲ့သလဲဆိုတဲ့ သမိုင်းကြောင်းကို နောက်ပြန်လှည့် ကြည့်တဲ့ အခါမှာတော့ ညှာညှာတာတာနဲ့ ကြည့်မှာမဟုတ်ဘူး” လို့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံတကာအစိုးတွေကို မနေ့က ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ မြန်မာနိုင်ငံက လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်ဖို့အတွက် မြန်မာနိုင်ငံအတွက် အထူး အကြံပေးကောင်စီ ( SAC-M) ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်းဟီလီနဲ့အတူ အခြားကုလ အရာရှိ ဟောင်းတွေဖြစ်ကြတဲ့ Marzuki Darusman နဲ့ Chris Sidoti တို့ ပါဝင်ပါတယ်။