လုံခြုံရေးကောင်စီကနေ စစ်တပ်ကိုအရေးယူဖို့ ဦးကျော်မိုးထွန်းတောင်းဆို
2023.09.22

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်သစ် ချမှတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို မလိုက်နာရင် ဘယ်လိုအရေးယူဒဏ်ခတ်မယ်ဆိုတဲ့ အချက်တွေမပါတာကြောင့် စစ်ကောင်စီဘက်က လုံးဝလိုက်နာဆောင်ရွက်တာ မရှိဘဲ ပြည်သူလူထုကို ဆက်ပြီး အကြမ်းဖက်သတ်ဖြတ်နေတယ်လို့ RFA နဲ့ သီးသန့်မေးမြန်းချိန်မှာ ဦးကျော်မိုးထွန်းက ပြောပါတယ်။
"ဆုံးဖြတ်ချက်ထဲမှာ enforces မပါဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်ကို ချမှတ်ထားပေမဲ့ စကစက သူ့အကြမ်းဖက်မှုတွေကို ရပ်မသွားဘူး။ ပိုလုပ်နေတယ်။ ဒီစစ်တပ်က မတရားသတ်ဖြတ်တာတွေကို ရပ်တန့်အောင် enforces ပါတဲ့ ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းနေပါတယ်။ ဒါမလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတဲ့ ဘာလုပ်မယ်ဆိုတာပါမှ ထိရောက်တဲ့ ဆုံးဖြတ်ချက်ဖြစ်မယ်။ အကြမ်းဖျင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံတချို့က စတင်ဆောင်ရွက်နေပြီဆိုတာလည်း တင်ပြချင်ပါတယ်"
ဆုံးဖြတ်ချက်အသစ်ထဲမှာ မြန်မာစစ်တပ်ကို တာဝန်ခံမှုရှိလာအောင်လုပ်ဖို့၊ နိုင်ငံတကာက လက်နက်တင်ပို့ရောင်းချရေး ပိတ်ဆို့ဖို့၊ လေယာဉ်ဆီမရောင်းဖို့စတဲ့ အချက်တွေပါဝင်ဖို့လည်း သူကတောင်းဆိုပါတယ်။
"စစ်တပ်က ရဟတ်ယာဉ်တွေသုံး၊ ဖိုက်တာဂျက်တွေသုံး၊ ပြည်သူလူထုကိုသတ်ဖြတ်နေတာ လူတိုင်းသိတယ်။ ဒါကြောင့် ရဟတ်ယာဉ်တွေ မပျံသန်းအောင် ဖိုက်တာဂျက်တွေ ပျံမရအောင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဖြေရှာဖို့လိုတယ်။ လုံခြုံရေးကောင်စီက ဒါတွေကို အလေးထားဆောင်ရွက်ဖို့လိုတယ်"
ကုလသမဂ္ဂ ၇၈ ကြိမ်မြောက်အထွေထွေညီလာခံကို လတ်တလော စတင်ကျင်းပနေပြီး လာမယ့်နှစ်အတွက် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ရဖို့ NUG အစိုးရရော စစ်ကောင်စီရောက လျှောက်လွှာတင်ထားကြပါတယ်။
"စစ်တပ်က ရဟတ်ယာဉ်တွေသုံး၊ ဖိုက်တာဂျက်တွေသုံး၊ ပြည်သူလူထုကိုသတ်ဖြတ်နေတာ လူတိုင်းသိတယ်။ ဒါကြောင့် ရဟတ်ယာဉ်တွေ မပျံသန်းအောင် ဖိုက်တာဂျက်တွေ ပျံမရအောင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဖြေရှာဖို့လိုတယ်။ လုံခြုံရေးကောင်စီက ဒါတွေကို အလေးထားဆောင်ရွက်ဖို့လိုတယ်။ စစ်တပ်က အကြမ်းဖက်သတ်ဖြတ်နေတာ ရပ်တန့်ဖို့ Acoountability လည်း အရေးကြီးတယ်။ စစ်တပ်ထံ လက်နက်မစီးဆင်းဖို့လည်း အလေးထားဖို့လိုတယ်။ ငွေရေးကြေးရေး စစ်တပ်ဆီမစီးဆင်းဖို့လည်း နည်းလမ်းရှာဖို့လိုတယ်။ ဒါတွေ မဖြစ်မနေပါဖို့လိုတယ်"
ဘယ်သူကိုယ်စားပြုခွင့်ရမလဲဆိုတာကို ကုလကိုယ်စားလှယ်ရွေးချယ်စိစစ်ရေးအဖွဲ့က အဆုံးအဖြတ်ပေးရဖို့ ရှိပါတယ်။
လက်ရှိကိုယ်စားပြုခွင့်ရထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ သူသိထားရတဲ့ အရိပ်အမြွက်စကားတွေအရ လာမယ့်နှစ်မှာလည်း သူပဲကိုယ်စားပြုခွင့် ဆက်ရနိုင်ချေရှိတယ်လို့ RFA ကိုပြောပါတယ်။
“Credentials ကော်မတီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က အသစ်ဖွဲ့စည်းပြီးဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်ထိ ဒီကော်မတီက အစည်းအဝေးမထိုင်သေးပါဘူး။ ဒီအစည်းအဝေးက နိုဝင်ဘာလကုန် ဒီဇင်ဘာလထဲမှာ လုပ်လေ့ရှိပါတယ်။ ကော်မတီရဲ့ တရားဝင်ဆုံးဖြတ်ချက်က အခုထိ တရားဝင် မထွက်သေးပါဘူး။ ကော်မတီထဲမှာပါတဲ့ တချို့ရဲ့ပြောဆိုမှုတွေ ရရှိတဲ့ indications (အရိပ်အမြွက်စကား) တွေအရ မနှစ်ကအတိုင်းသွားမယ်လို့ သိထားရတာရှိပါတယ်”
လက်ရှိအချိန်ထိ ကုလကိုယ်စားလှယ်စိစစ်ရေးအဖွဲ့က အစည်းအဝေးမလုပ်သေးတာကြောင့် ဦးကျော်မိုးထွန်းပဲ မြန်မာကိုယ်စားပြုအဖြစ် ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံ ပြောခွင့်ရှိသူက RFA ကိုပြောထားပါတယ်။