ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ရဲတပ်ဖွဲ့ရဲ့တုန့်ပြန်စွမ်းဆောင်နိုင်မှု

NLD ဥပဒေအကြံပေး ဦးကိုနီ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရဲချုပ်ကိုယ်တိုင် ဦးစီးဆောင်ရွက်ဖို့ ရဲချုပ်ဇော်ဝင်း နေပြည်တော်ကနေ ရန်ကုန်ကို ရောက်ရှိလာပါတယ်။

NLD ဥပဒေအကြံပေး ဦးကိုနီ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရဲချုပ်ကိုယ်တိုင် ဦးစီးဆောင်ရွက်ဖို့ ရဲချုပ်ဇော်ဝင်း နေပြည်တော်ကနေ ရန်ကုန်ကို ရောက်ရှိလာပါတယ်။ ဒီအမှုမှာ အနည်းဆုံး တရားခံနှစ်ဦးဖမ်းမိထားပြီလို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပေမဲ့ ဒီတရားခံတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတွေ ထွက်ပေါ်နေတာ လေးရက်လောက်ရှိပြီဖြစ်ပါတယ်။ ဒီအမှုအပေါ်ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင် ဆက်လက်တင်ပြပါမယ်။

ဦးကိုနီအသတ်ခံရတဲ့ အမူနဲ့ပတ်သက်ပြီး ဝေဖန်မူအများဆုံးခံနေရတာက မြန်မာနိုင်ငံ ပြည်သူ့ ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၉ရက်နေ့က  ဦးကိုနီဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်လိုနေရာ လူအများရှေ့မှာ ပေါ်ပေါ်ထင်ထင် အသတ်ခံလိုက်ရတာ ဖြစ်ပေမဲ့ လုပ်ကြံခံရချိန်မှာ လေဆိပ်လုံခြုံရေးဟာ ချက်ခြင်းရောက်ရှိလာခြင်းမရှိဘူးလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လေဆိပ်မှာရှိတဲ့ ဝန်ထမ်းအချို့ ပြောပြချက်အရ ဦးကိုနီအလုပ်ကြံခံရတဲ့နေရာဟာ လေဆိပ်လုံခြုံရေးရဲတွေရှိတဲ့နေရာနဲ့ အတော်လေးနီးတယ်လို့ ဆိုပါတယ်။  အခင်းဖြစ်ပွားတဲ့နေရာကို ရဲတပ်ဖွဲ့က ရောက်မလာပေမဲ့ လူသတ်သမား အငိုက်မိသွားစေတာက လေဆိပ်မှာရှိတဲ့ တက္ကစီသမားတွေရဲ့တုံ့ပြန်မှုဖြစ်ပါတယ်။ အသတ်ခံရသူ ဘယ်သူ၊ ဘယ်ဝါဆိုတာတောင် သိပုံမရဘဲ လူသတ်သမားကို အမိအရဖမ်းဖို့ ချက်ခြင်းလှှုပ်ရှားခဲ့ကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပွားအပြီး လေဆိပ်ကတက္ကစီသမားတွေပြောပြတာက

ကားသမားတွေဘဲ လုံခြုံရေးကတယောက်မှ မပါဘူး ကားသမားတယောက်ထိပြီးမှ တယောက်ဘဲပါလာတယ်၊ ကားသမားတယောက်ထိပြီးတော့မှ နောက်က ဘယ်ကထွက်လာမှန်းမသိဘူး လေးငါးခြောက်ယောက်လောက် ထွက်လာတယ်

သေနတ်သမားနောက်ကို တက္ကဆီသမားတွေ လိုက်နေချိန်၊ သေနတ်သမားနဲ့ မျက်နှာချင်းဆိုင်ကြုံခဲ့ရတဲ့ ရဲဝန်ထမ်းတဦးပြောပြတာက

ဝိုင်းဖမ်းဝိုင်းဖမ်းဆိုတော့ ကျနော်လည်း ကျနော်တို့ ဝိုင်းထဲဝင်လာတော့ ကျနော်တို့မှာ တာဝန်ရှိတော့  ဖမ်းမလို့ ကျနော်ကိုသေနတ်နဲ့ ချိန်တော့ ကျနော်က ဖမ်းလို့မရဲတော့ဘူး ကိုယ့်မှာ ဘာမှမှမရှိတော့ ဖမ်းလို့မရဲတော့ သူက ဒီဘက်ကို ဆက်ပြေးလာတော့ ကျနော်လည်းလိုက်လာတယ် အဲ့ဒီမှာ လူအုပ်ထဲက လူတယောက်ကို သူကပစ်လိုက်တယ်”

လေဆိပ်ရဲဝန်ထမ်းတဦး ပြောပြတာပါ။ နောက်တခုကတော့ တက္ကစီသမားတွေ လူသတ်သမားနောက်ကို သက်စွန့်ဆံဖျားလိုက်ပြီး လူသတ်သမားလမ်းပေါ်မှာ မှောက်လျက်သား လဲကျနေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပါတယ်။ ဒီအချိန်မှာ ရဲတွေအနေနဲ့ ရဲလုပ်ထုံးလုပ်နည်းအရ တရားခံကို လက်ထိပ်ခတ်ခြင်းမရှိပါဘူး လက်ထိပ်ခတ်ဖို့ ဘေးက လူနှစ်ယောက်သုံးယောက်က ဝိုင်းပြောမှ ခတ်လိုက်တဲ့ ဗီဒီယိုလည်း လူမူကွန်ရက် စာမျက်နှာတွေမှာ ထွက်ပေါ်နေပါတယ်။

ဖမ်းလိုရပြီ ဖမ်းဖမ်း--- လက်ထိပ်ခတ်လက်ထိပ်ခတ်(လူနှစ်ဦးသုံးဦးအသံ) သူ့ဆီက လက်နက်သိမ်းပြီးပြီလား-----“

ဒီနေရာမှာ ဖြစ်ပျက်မူဟာ မြန်ဆန်လွန်းလို့ရဲတွေလည်း ဘယ်ကစပြီး ဘာလုပ်ရမှန်း မသိဖြစ်ရပါတယ်လို့ ဆင်ခြေပေးနိုင်ပေမယ့် လေ့ကျင့်ထားတဲ့ ရဲတပ်ဖွဲ့အနေနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ကို ချက်ခြင်းတုံ့ပြန်ရမယ်ဆိုတဲ့စွမ်းရည် ပျောက်ဆုံးနေတာ တွေ့မြင်နိုင်ပါတယ်။

တကယ်တော့ သေနတ်သမား ကြည်လင်းဟာ လူသတ်မူကျူးလွန်အပြီး မိနစ်ပိုင်းအတွင်းမှာဘဲ ဖမ်းမိခဲ့တာပါ။ ဒီဖြစ်စဉ်မှာ အသက်ပေးသွားရသူ ကိုနေဝင်းနဲ့ တက္ကစီသမားအဖွဲ့ကို အမှတ်ပြည့်ပေးရမှာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကတော့ နောက်ပိုင်းကျမှ ပါဝင်လာသူတွေ လို့ပြောရမှာပါ။

ဒီလူသတ်မူသတင်းဟာ ကမ္ဘာ့သတင်းမီဒီယာကို ချက်ခြင်းလိုလိုဘဲ ရောက်ရှိသွားပါတယ်။ အစိုးရ သတင်းမီဒီယာတွေကလည်း ထုတ်လွှင့်သွားပါတယ်။ ရဲတပ်ဖွဲ့က တရားဝင် ထုတ်ပြန်ချက် တစုံထွက်မလာဘဲ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကတဆင့် ထွက်လာတဲ့ သတင်းတွေပဲ ကြားနေရပါတယ်။

အဲဒီအချိန်မှာ လူမူကွန်ရက်စာမျက်နှာတွေမှာ လေဆိပ်ရဲက တရားခံထံကနေ ရယူထားတဲ့ ကနဦးစစ်ဆေးချက်တခု ထွက်ပေါ်လာပါတယ်။ တမျက်နှာသာရှိတဲ့ ဒီစစ်ချက်ဟာ အတုအစစ်ဆိုတာ အတည်မပြုနိုင်ပေမဲ့ တရားခံရဲ့နာမည်ပါရှိပြီး သေဆုံးသူနှစ်ဦးအနက် ဦးကိုနီရဲ့နာမည်လည်း မပါဝင်သလို ကိုနေဝင်းကိုလည်း သေဆုံးသူ တက္ကစီသမားတဦးအဖြစ်သာ ရေးထားပါတယ်။ နောက်ရက်တွေမှာတော့ တရားခံကို စစ်ဆေးထားတဲ့ စာမျက်နှာ ငါးမျက်နှာပါ စစ်ချက်တွေ လူမူကွန်ရက်စာမျက်နှာပေါ်မှာ ထွက်လာပြန်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ရဲတပ်ဖွဲ့ဝင် အချင်းချင်း ဗိုက်ပါ (Viber) ကနေ သတင်းဖြန့်ရာကနေ သတင်းပေါက်သွားတယ်လို့ ပြောပေမဲ့ ဒီစာရွက်စာတမ်းပါ အချက်အလက်တွေအမှန်ဖြစ်တယ်ဆိုတာတော့ အတည်ပြုခြင်းမရှိပါဘူး။ နေပြည်တော်မှာ ရဲချုပ်ဇော်ဝင်း သတင်းထောက်တွေကို ပြောတာက

တချို့ဟာတွေက မပေါက်သင့်ဘဲ ပေါက်ကုန်တာတွေပါတယ်၊ ကောင်းတာက အတည်ပြုချက်နဲ့ ယူတာကိုဘဲ ထုတ်ပေးတာ အကောင်းဆုံးပါဘဲ  online ဆိုတာက အမျိုးမျိုးတွေ ရှိတတ်ကြတယ်”

ရဲချုပ်က တရားဝင်သတင်းထုတ်မှ ယုံပါလို့ ပြောပေမဲ့ တရားဝင်လည်း ထုတ်ဖော်ပြောဆိုခြင်းမရှိသလို ပေါက်ကြားသွားတဲ့ သတင်းတွေဟာ အမှန်တွေဖြစ်နေတာနောက်ပိုင်းမှာ တွေ့ရှိလာရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ စစ်ဆေးထားတာတွေဟာ စစ်ချက်နဲ့ မတူဘူးလို့ ဆိုပါတယ်။

စစ်ချက်ဘာညာ ဆိုပြီးတော့ အပြင်ကိုပေါက်လာတာတွေကို ကြည့်လိုက်တော့ အဲဒီလူပြောသမျှတွေကို အကုန်လုံးလျှောက်ရေးပြီးတော့မှ ပြောသမျှတွေကို လျှောက်လုပ်နေတာမျိုးဘဲရှိတယ်၊ အဲဒါတွေက သဘာဝမကျဘူးလေ စစ်တယ်ဆေးတယ်ဆိုတာက ဖြစ်နိုင်ခြေရှိလို့ စစ်ဆေးလို့ရတယ်လေ ဒီလောက်အချိန်အကြာကြီးလဲ မလိုအပ်ပါဘူး အခုလောလောဆယ်တော့ ကျနော့်တဦးချင်းဆို တော်တော်သံသယရှိတယ်၊ ဒီရဲတပ်ဖွဲ့ဟာ တကယ်လွတ်လွတ်လပ်လပ်ကိုဘဲ စုံစမ်းထောက်လှမ်းနေသလား…  ဒါမှမဟုတ်ရင် စိတ်မပါ လက်မပါနဲ့ အမူမှန်မပေါ်ရင်လည်းကောင်းတာဘဲဆိုပြီး ဒီလိုဘဲ ဘာဘဲ ပြောပြောပေါ့နော် သူတို့မှာတော့ အကြောင်းပြချက်ရှိတာပေါ့ …တရားခံဆိုတာမရိုက်ရဘူး မနိပ်စက်ရဘူး ဘာညာဆိုတော့ ပြောသမျှကိုဘဲ ဒီတိုင်းဘဲမှတ်ပြီးလုပ်နေကြသလား ဆိုတာတော့ မပြောတတ်ဘူးပေါ့နော် “

စည်သူအောင်မြင့်ပြောသွားတာပါ။  ဒါပေမဲ့ ဒီလူသတ်မူမှာ နောက်ကွယ်က ခိုင်းစေသူအဖြစ် သတင်းတွေထွက်ပေါ်နေတဲ့ အောင်ဝင်းဇော်ဆိုသူကို ဖမ်းမိတဲ့အကြောင်း ဖေဖဝါရီလ ၃ရက် နေ့မှာ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ သတင်းထုတ်ပြန်တာဟာလည်း တကယ်တမ်းဖမ်းမိတဲ့ ရက်နဲ့ဆို ၄ ရက်ကွာနေပါတယ်။ တကယ်က အောင်ဝင်းဇော်ကို ဖမ်းမိတယ်ဆိုတဲ့သတင်းကို ဖမ်းမိတဲ့ ဇန်နဝါရီလ ၃၀ရက်နေ့ကတည်းက သတင်းဌာနတချို့က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရှိပြီးဖြစ်ပေမဲ့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင်က မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီအမူဟာ အရေးကြီးတဲ့အမှုတခုဖြစ်တာကြောင့် သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်တယ် သိသင့်သိထိုက်တာတွေကို ထုတ်ပြန်ပေးနေတယ်လို့ဆိုပေမဲ့ ဒါဟာ လုံလောက်မူရှိပါရဲ့လားဆိုတာက မေးစရာဖြစ်နေပါတယ်။

တဘက်ကလည်း ရဲတပ်ဖွဲ့ဘက်ကနေ ခင်မင်ရာသတင်းသမားတွေကို တယောက်တပေါက် ပြောနေတာမျိုးတွေလည်း ရှိပါတယ်။ ဒါဟာလည်း ရဲတပ်ဖွဲ့က တရားဝင်သတင်းထုတ်ပေးတဲ့ နည်းလမ်းကို သုံးတာမဟုတ်ဘဲ နည်းလမ်းမမှန်တဲ့ ပုံစံဖြစ်နေပါတယ်။

ဒီအခြေအနေဟာ ပိုလို့တောင် အန္တရာယ်ကြီးမားတဲ့ အခြေအနေဖြစ်တယ်လို့ ပြောရမှာမဟုတ်ပါလား…။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org