RFA သတင်းထောက် ဦးအောင်မိုးမြင့်ရဲ့ ဘဝမှတ်တမ်း
RFA သတင်းဌာနမှ ထိုင်းနိုင်ငံအခြေစိုက် ဝါရင့်သတင်းထောက် တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးမြင် ၄၉ နှစ်ဟာ မေလ ၁၆ရက်နေ့ က အသဲကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကွယ်လွန်သွားပါတယ်။
-
တင်အောင်ခိုင်
2020-05-17 -
-
-
RFA သတင်းဌာနရဲ့ ထိုင်းနိုင်ငံအခြေစိုက် ဝါရင့်သတင်းထောက် တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးမြင် ၄၉ နှစ်ဟာ မေလ ၁၆ရက်နေ့ က အသဲကင်ဆာရောဂါနဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကွယ်လွန်သွားပါတယ်။
ဦးအောင်မိုးမြင့်ဟာ RFA သတင်းထောက်တွေထဲမှာ လုပ်သက်အရှည်ကြာဆုံး ထိုင်းနိုင်ငံ အခြေစိုက် သတင်းထောက်တစ်ဦးပါ RFA သတင်းဌာနမှာ ၂၀၀၇ခုနှစ် ဝန်းကျင်က စပြီး အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသဲကင်ဆာ ဖြစ်နေမှန်းလွန်ခဲ့တဲ့ ၂ပတ်လောက် ကမှသိခဲ့တာပါ အစားအသောက်ပျက်၊ ဗိုက်ကလည်း အောင့်လာတာဖြစ်လို့ ဆေးခန်းသွားပြရာက ဆေးခန်းကတဆင့် ဆေးရုံမှာ ဆေးစစ်ခဲ့ပြီးနောက်မှ ရောဂါရှိမှန်း သိခဲ့တာပါ။
တောင်ငူမြို့ဇာတိဖြစ်တဲ့ ဦးအောင်မိုးမြင့်ဟာ ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်းမှာ ကျောင်းသားတပ်မတော် ABSDF ကို ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတာပါ။ သူဟာ ABSDF တပ်ရင်း ၂၁၀၊ ဆက်သွယ်ရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သူငယ်ချင်း ကိုမောင်ဟန်က ပြောပြပါတယ်။
သူဟာ ကျောင်းသား တပ်မတော်ကို ဝင်ခဲ့တဲ့ ကျောင်းသားတွေထဲမှာ အသက်အငယ်ဆုံး ကျောင်းသား ၁၄ဦးထဲက တစ်ဦးဖြစ်တယ်လို့ တပ်ဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။ နောက်ပိုင်းမှာတော့ သတင်းသမား ဖြစ်လာခဲ့ပါတယ်။ သူဟာ သတင်းသမား ဖြစ်နေပေမယ့် ချင်းမိုင်မြို့ အခြေစိုက် အမျိုးသမီးအဖွဲ့တွေ၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေမှာ အချိန်အားရင် အားသလို စေတနာ့ဝင်ထမ်း ဝင်ရောက်ကူညီ လုပ်ကိုင်ပေးနေတတ် တယ်လို့ ချင်းမိုင်မြို့က မိတ်ဆွေတွေ က ပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက ရွေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်နေတဲ့ ဦးထူးချစ်ကတော့ ဦးအောင်မိုးမြင့်ကွယ်လွန်တာဟာ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားများ အရေး ဆောင်ရွက်နေသူတွေ အတွက်ဆုံးရှုံးမှု ဖြစ်တယ်လို့ပြောပါတယ်။
ဦးထူးချစ်က ၂၀၀၄ခုနှစ်က အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆူနာမီဒါဏ်ခံရချိန် ဦးအောင်မိုးမြင့် အပါအဝင် မြန်မာသတင်းထောက်တွေဟာ ထိုင်းနိုင်ငံမှာ ဆူနာမိ ဒဏ်ခံရသူတွေထဲမှာ အမေ့ခံဖြစ်နေတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေအကြောင်း ကမ္ဘာကသိအောင် လုပ်ပေးခဲ့သူတွေဖြစ်တယ်လို ဆိုပါတယ်။ ဦးအောင်မိုးမြင့်ဟာ သတင်းသမားတစ်ဦးအနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို လုပ်တာများပေမယ့် ၂၀၁၈ခုနှစ်က ထိုင်းနိုင်ငံချင်းယိုင် ခရိုင်မှာ ဂူထဲမှာ ပိတ်မိနေတဲ့ ကျောင်းသားတွေရဲ့သတင်း ကမ္ဘာမှာ ဟိုးလေးတကျော် ဖြစ်နေချိန်က ဒီသတင်းအတွက် မြန်မာပြည်တွင်း မီဒီယာတွေ အားလုံးလိုလိုက ဂူဝမှာ သတင်းယူဖို့ ရောက်နေတဲ့ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ ဦးအောင်မိုးမြင့်ကို ဆက်သွယ်ပြီး သတင်းယူခဲ့ကြပါတယ်။ ဦးအောင်မိုးမြင့်ကလည်း သတင်းဌာနတိုင်းကို မမောနိုင်မပန်းနိုင် ဖြေကြားပေးခဲ့ပါတယ်။
ဦးအောင်မိုးမြင့်ဟာ ကွယ်လွန်ချိန်မှာ သားတစ်ဦး သမီးတစ်ဦး ကျန်ခဲ့ပါတယ်။