ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမှာ အမျိုးသား နှစ်ဦး အသတ်ခံရပြီး အမ်းမြို့နယ် မဲလက်မောင်းကျေး ရွာမှာလည်း အမျိုးသား တစ်ဦး မနေ့ညက သတ်ဖြတ်ခံခဲ့ရပါတယ်။
မြေပုံမြို့နယ် ကမ်းထောင်းကြီး အလယ်ပိုင်းရပ်ကွက် ဈေးလမ်းဆုံမှာ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မနက်က တွေ့ရှိခဲ့ကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်း က ပြောပါတယ်။
တူညီချက်တစ်ခုကတော့ အဲဒီရုပ်အလောင်းနှစ်ခုလုံး ခေါင်းပြတ်နေတာပါပဲ။ ဒီမြင်ကွင်း ဓာတ်ပုံ အများအပြားဟာ ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက် စာမျက်နှာတွေပေါ် ရောက်လာပါတယ်။
ရုပ်အလောင်းတွေကို ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံမှာ စစ်ဆေးဖို့ ပို့ထားပြီး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးကြောင်း မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် က RFA ကို ပြောပါတယ်။
သေဆုံးသွားသူ နှစ်ဦးဟာ အသက် ၄၀ ဝန်းကျင်တွေဖြစ်ပါတယ်။ တစ်ဦးဟာ ကမ်းထောင်းကြီးဒေသခံဖြစ်ပြီး နောက်တစ်ဦးက အမ်းမြို့နယ်မှာ နေထိုင်သူဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက ပြောပါတယ်။
အလားတူ အမ်းမြို့နယ် မဲလက်မောင်းကျေးရွာက နေအိမ်မှာရှိနေတဲ့ အသက် ၃၉ နှစ်အရွယ် ချင်းတိုင်းရင်းသား တစ်ဦးလည်း မနေ့ည ၁၂ ကျော်လောက်မှာ သတ်ဖြတ်ခံခဲ့ရပါတယ်။
ကမ်းထောင်းကြီးက နှစ်ဦးနဲ့ မဲလက်မောင်းကျေးရွာက ၁ ဦး သတ်ဖြတ်ခံရတာဟာ AA အဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ တပ်မတော်ရဲ့ ပြောဆိုချက်ကို ငြင်းဆိုလိုက်ပါတယ်။
အမျိုးသား သုံးဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ရက် ၃၀ ကြာ အပစ်ရပ်ကြောင်း မနေ့မနက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တပ်မတော်ကလည်း စစ်တိုင်း ငါးခုမှာ စက်တင်ဘာလ ၂၁ ထိ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်လုံးက အပစ်ရပ်ကြေညာထားတာကြောင့် တိုက်ပွဲတွေ ရပ်ဆိုင်းသွားမလားဆိုပြီး ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ မဟာမိတ်အဖွဲ့တွေက အပစ်ရပ်ကြေညာပြီး သိပ်မကြာခင် မြောက်ဦးမြို့နယ်ကနေ ကျောက်တော်မြို့ ဘက်ကိုလာတဲ့ တပ်မတော်ယာဉ်တန်း မနေ့နေ့လယ်က မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း ဒေသခံတွေက ပြောကြပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ AA အဖွဲ့ရဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်ယာဉ်တန်း မိုင်းခွဲခံရတာနဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြသည်)