လက်ပံတောင်းက တရုတ်ကြေးနီစီမံကိန်းတွေ အပြည့်အဝလည်ပတ်ဖို့ ကြိုးစားနေကြောင်း ဒေသခံတွေပြော
2024.05.09

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေရှိတဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီ လုပ်ငန်းခွင်ထဲကို အခုမေလဆန်းပိုင်းမှာ တရုတ်နိုင်ငံသား ရှစ်ဆယ်နီးပါး ထပ်ရောက်လာပြီး စီမံကိန်း ဆက်လက်လည်ပတ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလုပ်ငန်းခွင်ထဲမှာ စက်ရုံလေးခုရှိတဲ့အနက် အရင်က တစ်ရုံချင်းစီသာ လည်ပတ်နေပေမယ့် လက်ရှိမှာတော့ စက်ရုံ လေးရုံလုံးကို တစ်ပြိုင်နက်တည်းလည်ပတ်နိုင်ဖို့ ကြိုးစားလာတာလို့ ဒီအကြာင်းသိရှိထားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်တုန်းကတော့ ကုမ္ပဏီကို စီမံခန့်ခွဲတဲ့တစ်ယောက်ပဲ ကျန်ခဲ့တာ။ အကုန်လုံး ပြန်သွားကြတာ။ ပြီးခဲ့တဲ့တစ်ပတ်လောက်ကမှ မှန်လုံကားတွေနဲ့ လုံခြုံရေးပေးပြီးတော့ တရုတ်လူမျိုး ရှစ်ဆယ်လောက် ပြန်ရောက်လာတယ်။ အရင်တုန်းကဆို စက်ရုံ လေးရုံရှိတာပေါ့နော်။ တစ်ရက်ကို တန်ချိန် တစ်ရာကျော်ထွက်တဲ့ စက်ရုံ လေးရုံရှိတယ်။ အဲဒါတွေ အကုန်မလည်ဘဲနဲ့ တစ်ရုံစီ ခွဲလည်နေပြီးတော့ ကြေးနီကို ဆက်ထုတ်နေတာပေါ့ ကုမ္ပဏီက။ အခုကျ အကုန်လုံးပြန်လည်ဖို့ ကြိုးစားနေတာပေါ့”
စီမံကိန်းဧရိယာထဲမှာ အင်အား ရာနဲ့ချီရှိတဲ့ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးယူထားပြီး ဒေသခံတွေနေထိုင်တဲ့ ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာတွေလည်း လုပ်နေတယ်လို့ သူက ဆိုပါတယ်။
“စစ်ကောင်စီတပ်က လုံခြုံရေးယူပေးတာနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိမနေစေဖို့ နယ်မြေရှင်းတာတွေ လုပ်ဆောင်လေ့ရှိတယ်”
အာဏာသိမ်းကာလအတွင်း စီမံကိန်း ဆက်လက်လည်ပတ်နေပြီး ထွက်ရှိလာတဲ့ကြေးနီတွေကို ရန်ကုန်မြို့အထိ သယ်ယူပြီးနောက် ပင်လယ်ရေကြောင်းကနေ တရုတ်နိုင်ငံအထိ တင်ပို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုသယ်ယူတဲ့နေရာမှာ ကြေးနီတင်ဆောင်လာတဲ့ကားတွေ တိုက်ခိုက်မခံရအောင် စစ်ကောင်စီတပ်က လုံခြုံရေးယူပေးတာနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိမနေစေဖို့ နယ်မြေရှင်းတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီကြေးနီ ကားတွေ ထွက်မယ်ဆိုတာနဲ့ အရင်ဆုံး ဘာလုပ်လဲဆိုတော့ နမခ (အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ထဲကနေ စစ်ကြောင်းတွေ ထွက်ချလာတယ်။ ကားတွေနဲ့ပေါ့။ လမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်တယ်။ လမ်းဘေးကျေးရွာတွေကို မီးရှို့ပြီး လုံခြုံရေးယူပေးတာ။ အဓိက ကတော့ ဒေသခံကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့မှုမဖြစ်အောင် ကြေးနီကားတွေနဲ့ ထိတွေ့မှု မဖြစ်အောင်ပေါ့။ ကြေးနီကားတွေကလည်း စစ်ကောင်စီကို ခြံရံပြီးမှလာတာ”
မေလ ၁ ရက်နေ့ကတော့ ဒီစီမံကိန်းထဲကနေ မုံရွာ-မန္တလေးလမ်းအတိုင်း ကြေးနီတန်ချိန် ၅၄၀ နီးပါး သယ်ဆောင်လာတဲ့ ယာဥ်တန်းဟာ ချောင်းဦးမြို့နယ်နဲ့ မြင်းမူမြို့နယ်ကြားက ဂွေးပင်တောရွာအနီးမှာ တိုက်ခိုက်ခံလိုက်ရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကားနှစ်စီးတိမ်းမှောက်ပြီး တရုတ်နိုင်ငံသားတစ်ဦးနဲ့ ယာဥ်မောင်းတစ်ဦးတို့ ဒဏ်ရာရသွားတယ်လို့ မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုလုလင်က ပြောပါတယ်။
“သေချာတာကတော့ နှစ်စီးထိတာပေါ့။ ဂွေးပင်တောရွာနားမှာ တစ်စီးထိတယ်။ အဲဒီမှာက ယာဥ်မောင်းတစ်ဦးနဲ့ တရုတ်နိုင်ငံသား ထိတယ်ဆိုတဲ့အစီးက ဂွေးပင်တောရွာနားမှာ ထိတာ။ အစောပိုင်းက ဖြစ်ဖြစ်ချင်းမှာ အဲဒီနားမှာ ဆေးတပ်သားတွေ ပါပုံရတယ်။ အဲဒီကောင်တွေနဲ့ အရင်ကုတယ်။ ပြီးမှ မြင်းမူ ပြည်သူ့ဆေးရုံကြီးကို ပို့တယ်လို့ သတင်းရတယ်”
ကားအစီးရေ ၁၆ စီးပါတဲ့ ဒီယာဥ်တန်းမှာ တရုတ်နိုင်ငံသားတွေအပါအဝင် ယာဥ်အကူနဲ့ ကြီးကြပ်သူ စုစုပေါင်း လေးဆယ်နီးပါး လိုက်ပါလာတာပါ။
ကြေးနီစီမံကိန်းမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတာကတော့ မဖြစ်သင့်ဘူးလို့ စစ်တပ်အရာရှိဟောင်း တစ်ဦးက ပြောပါတယ်။
“စစ်တပ်ကလည်း ဘာမှမလုပ်ဘူး။ အခုကျတော့ သွားထိခြင်းအားဖြင့် တရုတ်ပြည်ရဲ့အနေအထားအရ ဒီဖြစ်စဉ်က ရှီကျင့်ဖျင်ကို တိုက်ရိုက်ရောက်မှာ။ အဲဒီတော့ ဒါဟာ အများကြီး သက်ရောက်သွားနိုင်တယ်။ တကယ်ဖြစ်နေတဲ့ မြန်မာပြည်မှာရှိနေတဲ့ ဆူပူအုံကြွမှုပဲပြောပြော တော်လှန်ရေးပဲပြောပြော အဲဒါရဲ့အဖြစ်မှန်ကို သရုပ်သကန်ကို တရုတ်အစိုးရက သေသေချာချာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ တကယ်တော့ အဲဒါဟာ သူတို့အတွက် လုံးဝကောင်းတဲ့ ကိစ္စမဟုတ်ဘူး”
ကာကွယ်ရေးတပ်ဖွဲ့တော့ ဒီစီမံကိန်းဟာ စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်နေတာ၊ စီမံကိန်းကိုအခြေပြုပြီး အနီးဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးတာ၊ နေအိမ်တွေကို မီးရှို့တာနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတာကြောင့် တိုက်ခိုက်မှုတွေ ပြုလုပ်ရတာလို့ ပြောထားပါတယ်။
တရုတ်နိုင်ငံသားတစ်ဦး ထိခိုက်ခဲ့တာနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သဘောထားကိုသိနိုင်ဖို့ ရန်ကုန်မြို့က တရုတ်သံရုံးကို အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်လာတာ မရှိသေးပါဘူး။
လက်ပံတောင်းတောင်စီမံကိန်းက အခြေအနေတွေကို သိရှိနိုင်ဖို့အတွက်လည်း မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူတွေထံ RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာဝမ်ပေါင်ကုမ္ပဏီကတော့ ကြေးနီစီမံကိန်းထဲမှာ အချိန်ကြာမြင့်စွာ အသုံးမပြုဘဲထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေက စက်ကိရိယာတွေရဲ့ ချို့ယွင်းချက်တွေကို ရှာဖွေစစ်ဆေးတာနဲ့ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို တစ်ခုပြီးတစ်ခု လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဧပြီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မေလ ၇ ရက်နေ့ကတော့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီက ဦးဆောင်ပြီး မြန်မာဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေက ကြေးနီစီမံကိန်းလည်ပတ်ဖို့ ကြိုးစားနေတာကို ရပ်တန့်ဖို့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေမလုပ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လကတော့ စီမံကိန်းတိုးချဲ့ဖို့အတွက် စီမံကိန်းဧရိယာနားက ဆည်တဲ၊ ဝက်မှေး၊ ဇီးတော၊ ကန်တော် စတဲ့ကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီက အတင်းအဓမ္မပြောင်းရွှေ့ခိုင်းခဲ့ပြီး ခြံစည်းရိုးခတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။