ရခိုင်စစ်ပွဲဇုန်က ဆယ်တန်းဖြေမယ့်သူတွေ သွားလာရေး စီစဉ်ပေးဖို့ လိုအပ်နေ
2020.02.25
စာစစ်ဌာနပိတ်လို့ မြို့တက်ပြီး ဆယ်တန်းဖြေရမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် က ထောင်ချီတဲ့ကျောင်းသူ၊ ကျောင်းသားအတွက် အစိုးရက သွားလာရေးအတွက် စီစဉ်ပေးဖို့ လိုအပ်နေပါတယ်။
ရခိုင်က ကျောင်းသားကျောင်းသူ ခြောက်ထောင်နီးပါးကို မြို့တက်ပြီး ဆယ်တန်းစာမေးပွဲဖြေဆိုဖို့ အစိုးရက အနီးကပ်စီစဉ်ပေမယ့်၊ သွားလာရေးအတွက် ဘာမှစီစဉ်ပေးထားခြင်း မရှိသေးပါဘူး။ ဆယ်တန်းဖြေဖို့ အချိန် နှစ်ပတ်ပဲကျန်ပါတော့တယ်။
ရခိုင်ပြည်နယ်အစိုးရက စာစစ်ဌာန ၂၀ လောက်ကို ပိတ်သိမ်းပြီး မြို့ပေါ်စာစစ်ဌာနနဲ့ လုံခြုံတဲ့နေရာတွေမှာ ဖြေဆိုဖို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရက်နီးကပ်မှ စီစဉ်ခဲ့ပါတယ်။
မြောက်ဦးနယ်က တချို့ကျောင်းသားတွေဟာ စာမေးပွဲဖြေဆိုဖို့ တစ်နာရီဝန်းကျင် ကားစီးပြီး မြို့ပေါ်လာရမယ့် အနေအထားကြုံနေတယ်လို့ မြောက်ဦးလူငယ်များအစည်းအရုံး MUYA ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင် က ပြောပါတယ်။
“ကျွန်တော်တို့ မြောက်ဦးအနေအထားမှာ စာစစ်ဌာနအားလုံးက မြို့ပေါ်ကို ပြောင်းရွှေ့ရမယ့် အနေအထား ရှိတယ်။ ဘာတစ်ခုမှ စီစဉ်တာမျိုး မရှိဘူးလို့လည်း ကြားရတယ်ပေါ့နော်။ နေထိုင်မယ့်နေရာတွေ ဘာတစ်ခုမှ စီစဉ်မပေးဘူးဆိုတော့ သူတို့အတွက်လည်း အဆင်မပြေဘူးပေါ့နော်။”
ရှေးဟောင်းမြို့တော်အဖြစ် လူသိများတဲ့မြောက်ဦးဟာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲ ပြင်းထန်တဲ့နေရာထဲမှာ ပါဝင်ပါတယ်။ ကျောက်တော်နဲ့ မြောက်ဦးမြို့ကားလမ်းတလျှောက် တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။ ဆယ်တန်းဖြေမယ့် ကျောင်းသားတချို့ဟာ အဲဒီလမ်းကို အသုံးပြုကြရမှာပါ။
မြောက်ဦးလူငယ်အစည်းအရုံးက ကျောင်းသားတွေကို ဖယ်ရီစီစဉ်ပေးဖို့ ကြိုးစားနေတယ်လို့ ကိုခိုင်မင်းသျှင်က ပြောပါတယ်။
“ဆယ်တန်းဖြေမယ့် ကျောင်းသားဦးရေ အကုန်လုံးကို အချက်အလက် အကုန်လိုက်စုနေတယ်ပေါ့နော်။ စာမေးပွဲ မစစ်ခင် တစ်ရက် နှစ်ရက်၊ သုံးရက်လောက်အလိုဆိုရင် သူတို့ မြို့ပေါ်ကို ရောက်လာကြမယ်ထင်ပါတယ်။ တချို့ ကျတော့လည်း နယ်ဘက်ကနေလာပြီး နေ့ချင်းပြန် စာမေးပွဲဖြေမယ့်ဟာတွေလည်း ရှိပါတယ်ဆိုတော့ ကျွန်တော် တို့ အကုန်လုံးကို ကူညီနိုင်ဖို့ အခြေအနေမျိုးရှိလာမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ဒါကို အကောင်း ဆုံးဖြစ်အောင် စီစဉ်နေပါတယ်။”
အစိုးရက ကျောင်းသားတွေအတွက် ဖယ်ရီမဟုတ်ရင်တောင် နေထိုင်ရေးအတွက် စီစဉ်ပေးရင် အဆင်ပြေနိုင် တယ်လို့ ကိုခိုင်မင်းသျှင်က ပြောပါတယ်။
ကျောင်းသားတွေအတွက် အရေးတကြီးစီစဉ်ပေးဖို့ ဘတ်ဂျက်နဲ့ ဖယ်ရီစီစဉ်ပေးဖို့ အစိုးရက ဆောင်ရွက်တာ ရှိပါသလားလို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဝန်ကြီး ဦးဝင်းမြင့်ကို မေးတဲ့အခါ ပညာရေးဌာနကိုသာ ဆက်မေးမြန်းဖို့ RFA ကို ပြောတယ်။
“ကျွန်တော်တို့ကတော့ အခုချိန်အထိ အဲဒါကို မသိသေးဘူးဗျ။ ပြည်နယ်ပညာရေးကို မေးကြည့်ရင် ပိုပြီး အဆင်ပြေလိမ့်မယ်။ အခုအချိန်အထိ အစည်းဝေးထဲမှာ မတွေ့ရသေးဘူးဆိုတော့ နောက်ပိုင်းတော့ မပြောတတ်ဘူးခင်ဗျ။”
ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ဦးတင်သိန်း ကို RFA က ဒီကနေ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။
ပိတ်သိမ်းတဲ့ စာစစ်ဌာနများစုဟာ ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ မြေပုံနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်နဲ့ တရုတ်စီမံကိန်းကြီးတွေရှိတဲ့ ကျောက်ဖြူမြို့နယ်က နေရာတချို့လည်းပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ပိတ်ထားတဲ့ စာစစ်ဌာနအရေအတွက်၊ ကျောင်းသား အရေအတွက်ကို ချင်းပြည်နယ်အစိုးရ ပြောခွင့်ရ ဝန်ကြီး ဦးစိုးထက်က တိတိကျကျမဖြေပါဘူး။
“ဒီဆယ်တန်းသမားတွေ အားလုံးကတော့ ပလက်ဝမှာပဲ လာဖြေရမယ့် အခြေအနေပေါ့။ ဆမီးဘက်ဆိုရင်လည်း ဆမီးစာစစ်ဌာနမှာ ဖြေရမယ့်အနေအထားပေါ့။ ဒီစာမေးပွဲဖြေတဲ့ကာလမှာတော့ တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ၊ နှောင့်ယှက်တာတွေ မရှိလောက်ဘူးလို့ ကျွန်တော်တို့တော့ ထင်ပါတယ်။ အဲလိုဖြစ်မယ်ဆိုရင် ဒါက လူသားမဆန်တော့ဘူးလို့ပဲ ပြောရမှာပဲ။”
ပလက်ဝမြို့နဲ့ သုံးလေးမိုင်သာဝေးတဲ့နေရာတွေမှာ တပ်မတော်နဲ့ AA တို့ ဆက်တိုက်ပြင်းထန်နေလို့ သွားလာရေးတွေလည်း ပြတ်တောက်နေပါတယ်။
အစိုးရအနေနဲ့ အဆောက်အအုံတွေ စီစဉ်မပေးနိုင်ဆိုရင်တောင် ယာယီအဆောက်အအုံတွေ ဆောက်လုပ်ပြီး ဆယ်တန်းကျောင်းသားတွေအတွက် ဖြေရှင်းပေးသင့်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင် က ပြောပါတယ်။
“စိုးရိမ်မှုတွေရှိတယ်။ အစိုးရကလည်း ဘာမှမလုပ်ပေးဘူး။ အထူးသဖြင့် ထွက်ပြေးနေတဲ့လူတွေဆိုရင် အစိုးရဘက်ကနေ ယာယီတည်းခိုဖို့လို့ဟာတွေလုပ်ပေးလို့ရတယ်။ သိပ်ပြီးတော့ ဘတ်ဂျက်ကြီးတာလည်း မဟုတ်ဘူး။”
တိုက်ပွဲတွေကို ရခိုင်နဲ့ချင်း တိုင်းရင်းသား နှစ်ခုလုံးကြုံနေရပြီးတော့ တချို့ချင်းတိုင်းရင်းသားတွေဟာ ပလက်ဝကနေ တခြားမြို့နယ်တွေထိ အပြီးပြောင်းရွှေ့ရတဲ့အထိ ကြုံရတယ်လို့လည်း သူက ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာရှိနေတဲ့ ချင်းရေးရာဝန်ကြီးကလည်း မလှုပ်မတုတ်ပဲ၊ မကွေးတိုင်းမှာရှိတဲ့ ချင်းရေးရာဝန်ကြီး ကလည်း ဒီအတိုင်းပဲဆိုတော့ လူတွေက ဘယ်နားသွားလို့ သွားရမယ်မသိဘူး။ ကိုယ့်အချင်းချင်း၊ အမျိုးအချင်း ချင်း၊ အသိချင်းချင်းတွေပဲ လက်လှမ်းမှီသလောက် လှမ်းကူညီတာလောက်ပဲရှိတယ်။ နိုင်ငံတကာကလည်း ဘာမှမသိဘူး။”
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဟာ ဆယ်တန်းအောင်ချက်နှုန်းတွေ တခြားတိုင်းနဲ့ပြည်နယ်တွေထက်နည်းတဲ့ ပြည်နယ်နှစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာလည်း တိုက်ပွဲနောက်ဆက်တွဲတွေကြောင့် ဆယ်တန်းအောင်ချက်နှုန်း ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။