နိုင်ငံ့အကြီးအကဲတွေအတွက် ကျည်ကာကား

သန့်ဇင်ဦး
2019.12.20
toyota-landcruiser-622.JPG Toyota Land cruiser ကျည်ကာကား အမျိုးအစားကို တွေ့ရစဉ်
.

အမေရိကန်ဒေါ်လာ ခုနှစ်သိန်းကျော် ကျပ်ငွေအားဖြင့် ၁.၂ ဘီလီယံကျော် အကုန်ကျခံပြီး ဝယ်ယူမယ့် Toyota Land cruiser ကျည်ကာကား ခြောက်စီးအကြောင်း RFA သတင်းထောက် ကိုသန့်ဇင်ဦးက စုစည်းတင်ပြထားပါတယ်။

အခုမြင်နေရာတာက ကျည်ကာကားတစ်စီးအရည်သွေးပြည့်၊ မပြည့် စမ်းသပ်တဲ့အဆင့်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီလိုလင်ခရူဇာ ကျည်ကာကား အမျိုးအစား ခြောက်စီးဝယ်ယူဖို့ အတည်ပြုပေးလိုက်ပါပြီ။ နိုင်ငံ့အကြီးအကဲတွေရဲ့ ပြည်တွင်း ခရီးစဉ်တွေမှာ ပိုမိုလုံခြုံစေဖို့နဲ့ နိုင်ငံတော်အဆင့် အထူးဧည့်သည်တွေကို ကြိုဆိုတဲ့ယာဉ်အဖြစ် အသုံးပြုဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံထုတ် ကျည်ကာ တိုယိုတာလင်ခရူဇာတစ်စီးရဲ့ (Toyota Land cruiser)  တန်ဖိုးက အမေရိကန်ဒေါ်လာ အနည်းဆုံး တစ်သိန်းနှစ်သောင်းကျော် (၁၂၂၆၅၃) ရှိပါတယ်။ မြန်မာကျပ်ငွေနဲ့ဆိုရင် သိန်း ၁၈၀၀ ကျော် ကုန်ကြမှာပါ။

သေနင်္ဂဗျူဟာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ မြန်မာကဝယ်ယူမယ့် ကားအမျိုးအစားရဲ့ ကြံ့ခိုင်မှုအပိုင်းဟာ စက်သေနတ်နဲ့ သာမန်ကျည်အမျိုးအစားတွေကို ကာကွယ်နိုင်ပေမယ့်၊ လက်နက်ကြီးတွေဖြစ်တဲ့ RPG လို ပေါက်ကွဲအားပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကိုတော့ ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

ကျည်ကာကားအမျိုးအစားကို အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာနေရာလိုမျိုးတွေမှာသာ အသုံးပြုသင့်ပြီးတော့ သာမန်မြို့ကြီးတွေမှာ သွားလာမယ့်အခါမျိုးတော့ မလိုအပ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ တဖန် တိုင်းရင်းသားဒေသကို သွားမယ်ဆိုရင်လည်း ကားကိုအသုံးပြုမလား၊ လေကြောင်းအသုံးပြုမလားဆိုတာ စဉ်းစားသင့်တယ်လို့လည်း ဆိုပါတယ်။

ဒီကား ခြောက်စီးကို သမ္မတရုံးက ဝယ်ယူမယ်ဆိုပေမယ့် အသုံးပြုမယ့်ဝန်ကြီးဌာန သို့မဟုတ် လူပုဂ္ဂိုလ်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဦးသိန်းထွန်းဦးကတော့ လတ်တလောဖြစ်ပွားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ခရီးစဉ်လိုမျိုးဆိုရင်တော့ လိုအပ်တယ်လို့ မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မာန်အောင်မြို့ကိုမရောက်ခင် နာရီပိုင်းအလိုမှာ မိုင်း သုံးလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့်လည်း လူထုတွေ့ဆုံပွဲတွေ မလုပ်ခဲ့ဘဲ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတက်ပြီး ချက်ချင်းပြန်ခဲ့ပါတယ်။



လင်ခရူဇာ ခြောက်စီး ဝယ်ယူမှာမို့ စုစုပေါင်းကကျပ်ငွေ အနည်းဆုံး ၁.၂ ဘီလီယံကုန်ကျမှာပါ။ ဒါဟာကားတစ်စီးရဲ့ အကြမ်းဖျင်းတန်ဖိုးပဲရှိပါသေးတယ်။ သာမန်ပြည်သူတွေ ဝယ်ယူသလို အခွန်ပေးဆောင်ရမယ်ဆိုရင် ကား ခြောက်စီးစာအတွက် အခွန်ဆောင်ရမယ့် ပမာဏက အမေရိကန်ဒေါ်လာ လေးသိန်းကျော်ပါတယ်။ ဒါကကျပ်ငွေ သိန်းခြောက်ထောင်နဲ့ ညီမျှပါတယ်။

ဒါကြောင့် အထူးကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပေးဖို့ဆိုပြီး စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာတင်ပြခဲ့တာပါ။ သူတင်ခဲ့တဲ့ ၁၁ ရက်နေ့မှာပဲ ပြီးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တုန်းက သမ္မတရုံးဝန်ကြီးတစ်ပါးဖြစ်ခဲ့ဖူးတဲ့ ဦးစိုးသိန်းက သူတို့အစိုးရလက်ထက်တုန်းက နှစ်စီးဝယ်ယူထားပြီးသားမို့လို့ နောက်ထပ် နှစ်စီးပဲ ဝယ်ယူဖို့၊ ဘဏ္ဍာငွေချွေတာဖို့ လွှတ်တော်မှာဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံးက ဝယ်ယူမယ့် ကျည်ကာကား ခြောက်စီးကို ကနဦး ဂျာမနီနိုင်ငံထုတ် မာစီဒီး Mercedes အမျိုးအစား ကိုရည်ရွယ်ခဲ့ပေမယ့် ဘဏ္ဍငွေကိုချွေတာတဲ့အနေနဲ့ ဂျပန်နိုင်ငံထုတ် Toyota Landcruiser ကျည်ကာအမျိုးအစားကို ဝယ်ယူဖို့ရွေးချယ်ခဲ့တာလို့ ဒုဝန်ကြီးက ကာကွယ်ပြောဆိုခဲ့ပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။