တိုတယ်ကုမ္ပဏီထွက်ခွာမှု မြန်မာပြည်အတွက် ဘာအကျိုးရှိလဲ
2022.01.25

မြန်မာနိုင်ငံကနေ တိုတယ်ကုမ္ပဏီ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာဟာ မြန်မာပြည်သူတွေ အတွက် ကောင်းတဲ့ရလဒ် မဟုတ်ဘူးလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ (HRW) တာဝန်ရှိသူတစ်ဦးက သုံးသပ်လိုက်ပါတယ်။ အခုလို မြန်မာနိုင်ငံက ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုကြပေမဲ့ သဘာဝဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်းထောင်ချီ ရနေတဲ့ စစ်ကောင်စီအတွက် အပြောင်းအလဲ မရှိနိုင်ဘူးလို့ နိုင်ငံတကာ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အခုဆိုရင် တိုတယ်နဲ့ ချက်ဗရွန်ကုမ္ပဏီတွေ မြန်မာနိုင်ငံက ထွက်ခွာတော့မယ့်အကြောင်း ထုတ်ပြန်ကြေညာလိုက်ပေမဲ့ အခြားစွမ်းအင် ကုမ္ပဏီတွေက သူတို့နေရာကို အစားဝင်ယူပြီး စီမံကိန်းဆက်လက်လည်ပတ်နေမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ဆက်ပြီး ဝင်ငွေရနေမှာ ဖြစ်တဲ့အကြောင်း၊ မြန်မာစစ်တပ် သဘာဝဓာတ်ငွေ့နဲ့ အခြားသယံဇာတထုတ်ယူရေး လုပ်ငန်းတွေကနေ နိုင်ငံခြားငွေ အမြောက်အမြား ရနေတာကို တားဆီးနိုင်ဖို့ သူတို့ရဲ့ ငွေပေးချေမှုတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ဖို့ လိုအပ်ကြောင်း HRW အဖွဲ့က မနေ့က ဇန်နဝါရီ ၂၅ရက်က ကြေညာချက် ထုတ်ပြန်ပြီး သတိပေးလိုက်တာပါ။
အမေရိကန်၊ အီးယူ၊ ယူကေ၊ ဂျပန်နဲ့ မြန်မာ့အရေး အားပေးထောက်ခံတဲ့ တခြားနိုင်ငံတွေပူးပေါင်းပြီး၊ သဘာဝဓာတ်ငွေ့ ရောင်းချမှုကနေ ရမယ့် ဝင်ငွေအားလုံးကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့လိုအပ်ပြီး၊ မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့ စီမံကိန်းတွေမှာ ဆက်လက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီ နဲ့ တောင်ကိုရီးယားပိုင် POSCO ကုမ္ပဏီတွေအနေနဲ့လည်း ဒီလို ပိတ်ဆို့အရေးယူမှုတွေကို ထောက်ခံကြောင်း ပြသဖို့ လိုတယ်လို့ HRW ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
အခု ထွက်သွားတဲ့ တိုတယ်ကုမ္ပဏီရဲ့နေရာမှာ အခြားကုမ္ပဏီတစ်ခုက အစားထိုးလုပ်ကိုင်နေပြီး မြန်မာစစ်တပ်အတွက် သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ ဆက်ရနေမယ်ဆိုရင် တိုတယ်ကုမ္ပဏီ နှုတ်ထွက်သွားတာ ဘာမှမထူးတဲ့သဘောဖြစ်မှာ ဖြစ်တယ်လို့ HRW ရဲ့ အာရှရေးရာအကြံပေး ညွှန်ကြားရေးမှုး John Sifton က ပြောပါတယ်။
“ကျွန်တော်တို့ လိုလားတာက တိုတယ်ကုမ္ပဏီက စစ်ကောင်စီကို ပေးအပ်ရမယ့် ငွေတွေကို မပေးဘဲ ထိန်းသိမ်းထားလို့ရအောင် အမေရိကန်နဲ့ အီးယူတို့ကို တွန်းအားပေးစေချင်တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ သဘာဝဓာတ်ငွေ့ ရောင်းချမှုကနေ ဝင်ငွေတွေ ရမြဲရနေမယ်ဆိုရင် တိုတယ်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာဟာ သူတို့အပေါ် အပြစ်တင်လို့ မရတော့အောင် ရှောင်လွှဲလိုက်တဲ့သဘောသာ ဖြစ်ပါလိမ့်မယ်။ သူတို့အတွက် ကောင်းပေမယ့်၊ မြန်မာပြည်သူတွေအတွက်တော့ ကောင်းတဲ့ရလဒ် မဟုတ်ပါဘူး။”
တိုတယ်ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက မထွက်ခင်မှာ အမေရိကန် နဲ့ အီးယူတို့နဲ့ ပူးပေါင်းပြီး သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ စစ်ကောင်စီဆီကို မရောက်အောင် ပိတ်ဆို့အရေးယူမှု တွေ ချမှတ်နိုင်ဖို့ သေချာအောင် လုပ်ပေးသွားသင့်တယ်လို့ John Sifton က ပြောပါတယ်။
တိုတယ်နဲ့ ချက်ဗရွန်ကုမ္ပဏီ ထွက်ခွာသွားတာကြောင့် မြန်မာစစ်တပ်ကို လတ်တလောမှာ မထိခိုက်တဲ့အပြင် ဒီကုမ္ပဏီတွေ ပိုင်ဆိုင်တဲ့ ရှယ်ယာအစိတ်အပိုင်း တွေကို အခြားကုမ္ပဏီတွေကို ပြန်လည်ရောင်းချမယ်ဆိုရင် နိုင်ငံခြားငွေတွေထပ်ပြီးရမှာ ဖြစ်တဲ့အတွက် မြန်မာစစ်တပ်ဟာ ရေတိုမှာ ပိုပြီး ငွေကြေး ပိုင်ဆိုင်မှုတိုးလာနိုင်တယ်လို့ နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG က မြန်မာ့အရေးသုံးသပ်သူ Richard Horsey က ဘန်ကောက်ပို့စ်သတင်းစာကို ပြောပါတယ်။
မြန်မာ စစ်တပ်ကထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဟာ အခုနှစ်မှာ သဘာဝဓာတ်ငွေ့ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံအထိ ရရှိမယ်လို့ ခန့်မှန်းရပြီး ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားငွေအားလုံးရဲ့ ထက်ဝက်လောက်ရှိတဲ့အတွက် ပြစ်မှတ်ထား အရေးယူပိတ်ဆို့ဖို့ အရေးကြီးတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြီးခဲ့တဲ့အပတ်က အွန်လိုင်းကနေ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောသွားပါတယ်။
“မြန်မာပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းပြီးလိုက်ကတည်းက စစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့ မီတာခမပေးပဲ သပိတ်မှောက်တာ၊ ယာဉ်မောင်းလိုင်စင် သက်တမ်း မတိုးပဲ ထားတာ၊ စစ်တပ်ပိုင် ဘီယာ၊ ယမကာ နဲ့ ဖုန်း ကုမ္ပဏီ တွေကို သပိတ်မှောက်တာ စတဲ နည်းလမ်း အမျိုးမျိုးနဲ့ ပြုလုပ်နေကြပါတယ်။ ဒါပေမယ့် ဒီဝင်ငွေရင်းမြစ်တွေဟာ ရေနံနဲ့ သဘာ ဓာတ်ငွေ့ကဏ္ဍက ရနေတဲ့ဝင်ငွေတွေနဲ့ နှိုင်းယှဉ်ရင် သမုဒရာထဲက ရေတစ်ပေါက်လောက်ပဲ ရှိပါတယ်။ ကျွန်မကိုယ်တိုင် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရာထူး တာဝန်ယူခဲ့စဉ်က စစ်တပ်ရဲ့ သဘာဝ သယံဇာတ တွေအပေါ် အမြတ်ထုတ်မှုအပေါ် အာရုံစိုက်ပြောဆိုခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဟာ ဒီဝင်ငွေရင်းမြစ်တွေကို အသုံးပြုပြီး၊ မြန်မာနိုင်ငံက လူနည်းစုတွေပေါ်မှာ အကြမ်းဖက်မှုတွေ အမျိုးမျိုး ကျူးလွန်နေခဲ့တာ ကြာပါပြီ။ အခုလည်း မြန်မာစစ်တပ်ဟာ ဒီဝင်ငွေတွေကို အသုံးပြုပြီး နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ချေမှုန်းနေသလို စစ်တပ်ရဲ့ အာဏာ ပိုပြီး ခိုင်မာအောင်လုပ်နေပါတယ်“

မြန်မာစစ်တပ်ရဲ့ အကြီးဆုံး ဝင်ငွေရင်းမြစ်ဖြစ်တဲ့ သဘာဝ ဓါတ်ငွေ့ တူးဖော်ရောင်းချမှုမှာ ပါဝင်လုပ်ဆောင်နေတဲ့ စွမ်းအင်ကုမ္ပဏီတွေဟာ မြန်မာ စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိကြောင်းနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ် သမ္မတ မကရွှန် တို့အနေနဲ့လည်း MOGE ကနေ တစ်ဆင့် ရနေတဲ့ မြန်မာ စစ်တပ်ရဲ့ ဝင်ငွေတွေကို တားဆီးအရေးယူပေးဖို့ တာဝန်ရှိတယ်လို့ မစ္စယန်ဟီးလီက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ အီးယူ နိုင်ငံတွေဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူမှု အမျိုးမျိုးချမှတ်ထားပြီး ဖြစ်ပေမယ့်၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ဓာတ်ငွေ့ရောင်းရငွေ ပေးချေမှုတွေကို ပိတ်ဆို့အရေးယူတာ မရှိသေးဘူးလို့ HRW အဖွဲ့က John Sifton က ထောက်ပြထားပါတယ်။
“တကယ် လိုအပ်နေတာက၊ မြန်မာစစ်တပ်အတွက် သဘာဝဓာတ်ငွေ့တင်မကဘဲ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ၊ ကျောက်မျက်ရတနာတွေ၊ ကျွန်းသစ်နဲ့ အခြား သစ်တောထွက်ပစ္စည်းတွေက ရနေတဲ့ ဝင်ငွေတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဆီကို ငွေလွှဲပြောင်းရယူဖို့ ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်တွေကို၊ ဘဏ်တစ်ခုလုံးကို ပိတ်ဆို့အရေးယူတာမျိုး မဟုတ်ဘဲငွေပေးချေမှုတွေကိုပဲ ပစ်မှတ်ထားအရေယူလိုက်မယ်ဆိုရင်၊ ဘဏ်တွေက ဒီငွေတွေကို မြန်မာစစ်တပ်ကို မပေးဘဲ ထိန်းသိမ်းထားလို့ ရနိုင်ပါတယ်။ ဒီငွေတွေ မရတော့ရင် စစ်ကောင်စီအနေနဲ့ အထိနာပါလိမ့်မယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို မရပ်တန့်ရင် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ် ဆိုတာ နားလည်လာပါလိမ့်မယ်”
MOGE အတွက် ပေးချေတဲ့ ဓာတ်ငွေ့ရောင်းရငွေတွေကို စင်္ကာပူ၊ ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဘဏ်တွေကနေ တဆင့် ပေးချေတာဖြစ်ပေမယ့် အမေရိကန် ဒေါ်လာနဲ့ ယူရိုငွေတွေ အသုံးပြုတာဖြစ်တဲ့အပြင်၊ ဒီဘဏ်တွေဟာ အမေရိကန်နဲ့ အီးယူ ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တဲ့အတွက် အမေရိကန်နဲ့ အီးယူရဲ့ ဥပဒေတွေကို လိုက်နာဖို့ လိုအပ်တဲ့အကြောင်း အမေရိကန်နဲ့ အီးယူတို့ဟာ သဘာဝဓာတ်ငွေ့ရောင်းချမှုက ရနေတဲ့ ဘဏ္ဍာငွေတွေကို တားဆီးတာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ HRW က သုံးသပ်ထားပါတယ်။