မူဆယ်မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2023.07.31
မူဆယ်မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် တွေ့ရစဉ်။
AFP

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းပိုင်းပေါ်မှာရှိတဲ့ စယ်လန့်၊ နမ့်ကတ်၊ မန်ထန့်နဲ မိုင်းဆတ် ကျေးရွာတွေအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တစ်နေကုန်နီးပါး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇူလိုင် ၃၀ ရက် မနေ့ မနက်ပိုင်းအထိ ပစ်ခတ်သံတွေကို ကြားနေရပြီး နေ့လယ်ပိုင်းမှာ တော့ တိုက်ပွဲတွေ ငြိမ်သွားခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲကြောင့် နမ့်ကတ်၊ မန်ထန့်နဲ့ မိုင်းဆတ်ကျေးရွာတွေက ဒေသခံ တစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ အမည်မဖော်လိုတဲ့ နမ့်ကတ်ကျေးရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

“သူတို့က တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနိုင်တဲ့ တောင်ပေါ်အထိ လိုက်သွား တာပေါ့ဗျာ နော့်။ သူတို့ တပ်စခန်းရှိနိုင်တဲ့ နေရာအထိလိုက်ပြီး ထိုးစစ်လိုက်တော့ တိုက်ပွဲဖြစ်သွားတာပေါ့။ မနေ့က မနက်ကနေ ညမိုးချုပ်ပဲပြောပါတော့ ပစ်လိုက် နားလိုက်၊ ပစ်လိုက် နားလိုက်နဲ့ ည ၁၀ နာရီခွဲလောက်မှ သူတို့နားသွားတာ။ ဒီမနက်ကျမှ လက်နက်ကြီး သုံးလေးငါးကြိမ်လောက် ပစ်ပြီးမှနားသွားတာ အခုထိပေ့ါ ငြိမ်သွားတာ။ ဒေသခံတွေဆိုလည်း တချို့ဆို နမ့်ခမ်းဆို နမ့်ခမ်း၊ မူဆယ်ဆိုမူဆယ်၊ တချို့ကလည်း ဘုန်းကြီးကျောင်း နီးစပ်ရာ လုံခြုံနိုင်တဲ့ နေရာတွေ ထွက်ပြေးတာတော့ ရှိပါတယ်”

တိုက်ပွဲကြောင့် ထွက်ပြေးနေရသူတွေ ရဲ့ စားသောက်နေထိုင်ရေးကို ဒေသခံတွေက ကူညီပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီဒုက္ခသည် အရေအတွက်ကိုတော့ စာရင်းကောက်ယူ နေဆဲဖြစ်တာကြောင့် အတိအကျ ပြောလို့မရနိုင်သေးဘူးလို့ နမ့်ကတ်ကျေးရွာက စစ်ဘေး ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

စယ်လန့်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်က စစ်ကောင်စီလက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်ယာဉ်တန်း နဲ့ TNLA တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ရာကနေ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်း အဖွဲ့ တွေက စယ်လန့်၊ နမ့်ကတ်နဲ့ မန်ထန့် ကျေးရွာတွေဘက်ကို စစ်အင်အားတွေ ဖြည့်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနိုင်တဲ့ တောင်ပေါ်အထိ လိုက်သွားတာပေါ့ဗျာနော့်။ သူတို့ တပ်စခန်းရှိနိုင်တဲ့ နေရာအထိလိုက်ပြီး ထိုးစစ်လိုက်တော့ တိုက်ပွဲဖြစ်သွားတာပေါ့"

စယ်လန့် ကျေးရွာအနီးမှာ ဇူလိုင် ၃၀ ရက် မနေ့ကအထိ စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့ တွေ နီးနီးကပ်ကပ် တပ်စွဲထားကြတဲ့အတွက် ကျေးရွာထဲအထိ တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေရတယ်လို့  အမည်မဖော်လိုတဲ့ စယ်လန့်ကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ကတော့ နေ့ရော၊ ညရော ချနေကြတာ။ လွယ်ပြေမှုတောင်ပေါ်မှာ ချနေတာ။  ရှင်းရှင်း ပြောရမယ်ဆိုရင် ရွာထဲမှာ ဖြစ်မှာကိုပဲ တအားစိုးရိမ်တာ။ ရွာသားတွေ နာကုန် မှာပေါ့ ရွာထဲမှာချရင်။ အခုထိလည်း စယ်လန့်အောက်ဘက်မှာ ပလောင်စစ်သားတွေ အကုန် TNLA တွေရှိထားတယ်။ တောင်ဘက်သွားတဲ့ဟာကျတော့ ဗမာစစ်သားတွေ ရော တောင်ဘက်မှာရော သူတို့တပ်လှန့်ထားတဲ့နေရာမှာရော ရှိထားတယ်လေ။ မူဆယ် နမ့်ခမ်းလမ်းမကြီးမှာလည်း လုံခြုံရေးအများကြီးယူထားတယ်လေ။ မနေ့က ညနေဆိုရင် သူတို့ ရွာထဲဝင်တယ်ဗျာ။ အဲလိုဆိုတော့ ရွာထဲမှာ ထိပ်တိုက်တွေ့ရင်တိုက်ပွဲဖြစ်ပြီလေ။ သူဝင်လိုက် ကိုယ်ထွက်လိုက်နဲ့ အဲလို ပတ်ချာလည် ရိုက်နေတာလေ”

စယ်လန့်ရွာသားတွေကတော့ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေပြီး တခြားနေရာကို တိမ်းရှောင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

TNLA သတင်းပြန်ကြားရေးဌာနရဲ့ ဇူလိုင်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ ခလရ (၂၆၁) တပ် နဲ့ ပြည်သူ့စစ် ပူးပေါင်း အင်အား ၁၀၀ လောက်က မူဆယ်မြို့နယ် နမ့်ကတ်ရွာမှာရှိတဲ့ TNLA တပ်ဖွဲ့ရှိတဲ့ဘက်ကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဘက်က မူဆယ် (၁၀၅) မိုင် စခန်းကုန်းနဲ့ နမ့်ဖတ်ကာ တပ်စခန်းတွေကနေ နမ့်ကတ်ရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နမ့်ကတ်နှင့် မန်ထန့်ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နမ့်ကတ်နှင့် မန်ထန့်ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ ကြားတိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားလာနေပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းကလည်း မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအနီးမှာ လှုပ်ရှား နေတဲ့ TNLA တပ်ဖွဲ့ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ နမ့်အွမ်ကျေးရွာက ဈေးဆိုင်ခန်းနဲ့ နေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။

နောက်နေ့ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်း မှာတော့ နမ့်အွမ်ကျေးရွာ စေတီကုန်းအနီးလှုပ်ရှား နေတဲ့ TNLA တပ်ဖွဲ့ ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး တွေနဲ့ပါ ပစ်ခတ်တာကြောင့် ဆိုက်ခေါင် ရွာက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားရဲ့အလောင်းကို စစ်ကောင်စီရဲ့ ကွတ်ခိုင်အခြေစိုက် ခလရ(၂၄၁) နဲ့ ခလရ(၄၅) တပ်ဖွဲ့ဝင်တွေက ယူဆောင်သွားခဲ့ပြီး အလောင်းပြန်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့မှာပဲ နမ့်အွမ်ကျေးရွာအုပ်စု တီးမားရွာက ကချင်အမျိုးသားနှစ်ဦးလည်း စစ်ကောင်စီတပ်က ဖမ်းဆီးတာခံခဲ့ရပြီး သတင်းအဆက်အသွယ်ပြတ်နေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ည ပိုင်းမှာတော့ လားရှိုးကနေ သီပေါဘက်ကို သွားတဲ့ စစ်ကောင်စီ ယာဉ်တန်းကို TNLA တပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ယာဉ်တန်းတစ်စီးပျက်စီခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုအချို့ရှိခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန် ပါတယ်။

နောက်တစ်ရက် ဇူလိုင် ၂၇ ရက်နေ့မှာတော့ လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးမှာရှိတဲ့ TNLA တပ်စခန်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် TNLA တပ်ဖွဲ့ဝင် ငါးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၃၀ ရက်နေ့အထိ ရှမ်းမြောက်ဒေသ ကွတ်ခိုင်၊ မူဆယ်နဲ့ လားရှိုးမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား စစ်ရေးအခြေအနေက တင်းမာနေဆဲဖြစ်ပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များအား ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီးတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: STR / AFP)
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များအား ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီးတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: STR / AFP)

အာဏာသိမ်းပြီးနောက်ပိုင်း TNLA တပ်ဖွဲ့ရှိရာကို ထိုးစစ် သိပ်မလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အခုလက စပြီး ထိုးစစ်တွေ ပြန်လုပ်လာတာကြောင့် အခုလို တိုက်ပွဲတွေ မကြာခဏဖြစ်နေတာလို့ PSLF/TNLA ပြာခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။

 “ဘာရည်ရွယ်ချက်နဲ့လဲတော့ မသိဘူးပေါ့နော်၊ အာဏာမသိမ်းခင်ကတော့ သူတို့က ထိုးစစ်တောက်လျှောက်  ပိုလုပ်လာတယ်။ တောထဲထိ ပိုက်စိပ်တိုက် ထိုးစစ်ဆင် လာရောက်တိုက်ခိုက်တော့ တိုက်ပွဲ ဖြစ်တာပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ သူတို့က တောထဲထိ ထိုးစစ်ဆင်တိုက်ခိုက်တာ ရှားတာပေါ့။ ဒါကြောင့်မို့ တိုက်ပွဲက နည်းနည်း လျော့ကျသလိုဖြစ်တာပေါ့။ လုံးဝမရှိတာတော့ မဟုတ်ဘူး၊ ရှိတော့ ရှိတယ် ဒါပေမဲ့ ဒီလထဲမှာတော့ အစောကပြောတဲ့ ၁၁ရက်နေ့ကနေ စပြီးတော့ ကျွန်တော်တို့ ရှိတဲ့နေရာကို ထိုးစစ်ဆင်တိုက်ခိုက်လာတော့ တိုက်ပွဲတွေက ပြန်ဖြစ်လာတာ ဖြစ်တယ်”

စစ်ကောင်စီဘက် ရှမ်းမြောက်ဒေသအတွင်း ချထားတဲ့ တပ်တချို့ကို ကယားပြည်နယ်ကို ပို့လိုက်တယ် ဆိုပေမယ့် လက်ရှိမှာ တပ်မ ၉၉၊ တပ်မ ၁၀၁ နဲ့ ရှမ်းမြောက်အခြေစိုက် စကခ လက်အောက်ခံ တပ်ဖွဲ့ အင်အားတွေနဲ့ TNLA တပ်ဖွဲ့ကို ထိုးစစ်ဆင်နေတာလို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

ဒေသအတွင်း စစ်ရေးနဲ့နိုင်ငံရေး အခြေအနေလေ့လာသူ ဆိုရ်ဒန်းကတော့ TNLA တပ်ဖွဲ့ ဟာ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်ဖွဲ့ KNDF အပါအဝင် စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ကူညီနေတဲ့အတွက် အဲဒီအထောက်အပံ့ တွေ ရပ်တန့်အောင် အခုလို ဖိအားပေးတိုက်ခိုက်လာတာလို့ သုံးသပ်ပါတယ်။

“တော်လှန်ရေးအင်အားစုတွေ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒမိုကရေစီ တိုင်းပြည်သစ်မှာ TNLA က ခြေစုံပစ်ဝင်ပြီး တော့ ဒီတော်လှန်ရေး အင်အားစုတွေဘက်ကနေ ရပ်တည် နေတာကို တရားဝင်ပြောထားတာ ရှိတယ်။ တော်လှန်ရေးအင်အားစု အဖွဲ့အသစ်တွေကို ပံ့ပိုးပေးနေတာကို ဖြတ်တောက်နိုင်ဖို့ သူ ကြိုးစားလိမ့်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာရတာလို့ သုံးသပ်လို့ ရတယ်”

ရှမ်းမြောက်ဒေသအတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆို တာ မရှိပါဘူး။

TNLA တပ်ဖွဲ့ဟာ ရက္ခိုင့်တပ်တော် AA၊ ကိုးကန့် MNDAA တပ်ဖွဲ့တွေနဲ့ နိုင်ငံရေး၊ စစ်ရေး အရ မဟာမိတ်ဖွဲ့ထားတာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က စစ်ကောင်စီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြား တွေ့ဆုံခဲ့ပေမယ့် ရလဒ် တစ်စုံတစ်ရာ မရရှိခဲ့ဘဲ ဆွေးနွေးပွဲပျက်ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်နဲ့ TNLA၊ MNDAA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုဖြစ် လာတာကို တွေ့ရတယ်လို့  စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ လက်ရှိ ရှမ်းမြောက်ဒေသတိုက်ပွဲတွေဟာ မြေပြင်မှာရှိတဲ့ နှစ်ဖက်တပ်ဖွဲ့ လှုပ်ရှားမှုပေါ်မှာ အခြေခံပြီးဖြစ်နေတာလို့ ပြောပါတယ်။

“ပြောရရင်တော့ မြေပြင်မှာ EAO တွေဘယ်လို လှုပ်ရှားနေသလဲ။ နောက်တစ်ခါကျ တော့ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ အတူတွဲလုပ်လို့ ရတဲ့ လမ်းကြောင်းရရဲ့ လားပေါ့ အဲဒါတွေ ပေါ်မူ တည်ပြီးမှ ဖြစ်တာ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ပြန်ကြည့်လို့ရှိရင် ဆွေးနွေးတာက တခြား မြေပြင်က တပ်ဖွဲ့ဝင်တွေ လှုပ်ရှားတာက တစ်မျိုး ဖြစ်တတ်တယ်။ ဆွေးနွေးပွဲမှာတော့  ငြိမ်းချမ်းရေးက ခေါင်းစဉ်တပ်ပေမယ့် မြေပြင်မှာကျတော့ လှုပ်ရှားတာ တစ်မျိုး ဖြစ်နေရင်တော့ ထိတွေ့တိုက်ပွဲကတော့ ရှောင်လွှဲလို့ မရတဲ့ သဘောပါပဲ”

ရှမ်းမြောက်ဒေသ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ သိန္နီမြို့နယ်တွေအတွင်းမှာ  စစ်ကောင်စီတပ်အနေနဲ့ TNLA တပ်ဖွဲ့အပြင်  ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ကိုးကန့် MNDAA တပ်ဖွဲ့တွေနဲ့ ပါ တိုက်ပွဲတွေ ဖြစ်နေတာပါ။ 

RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းအရ ရှမ်းပြည်မြောက်ပိုင်းမှာ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ TNLA၊ KIA၊ MNDAA တပ်ဖွဲ့တွေကြား တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ခဲ့ပါတယ်။

အဲဒီ တိုက်ပွဲအများစုက TNLA နဲ့ဖြစ်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် တစ်ဦးအပါဝင် အရပ်သားလေးဦး သေဆုံးခဲ့ရပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။  စစ်ကောင်စီတပ်တွေ ရဲ့ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတဲ့ အမျိုးသားတွေလည်း အနည်းဆုံး သုံးဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။