ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းက အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိတဲ့ ဂျာယန် ကျေးရွာ ပြည်သူ့စစ် စခန်းမှာ ပြည်သူ့စစ်သားအဖြစ် လူသစ်စုပြီး သင်တန်းပေးခံနေရတဲ့ တအာင်းပလောင် တိုင်းရင်းသား ၁၂၇ ဦးကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ TNLA တပ်ဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။
အဲဒီ တအာင်းတိုင်းရင်းသားတွေဟာ ဂျာယန်၊ မန်ကောင်း၊ နမ့်မောအပါဝင် အခြားကျေးရွာ အချို့ကဖြစ်ပြီး ကျောင်းနေ အရွယ်အပါအဝင် အသက် ၈ နှစ်ကနေ ၁၇ နှစ် အထိ ကလေး ၂၀ ဦး၊ အမျိုးသမီး ၁၅ ဦးနဲ့ တခြား အရွယ် ၉၂ ဦး၊ စုစုပေါင်း ၁၂၇ ဦးဖြစ်တယ်လို့ TNLA ဘက်ကပြောပါတယ်။
ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့က အခုနှစ် ဆန်းပိုင်းကတည်းက စစ်အင်အားဖြည့်နေပြီး စစ်သားစုဆောင်းခံရတဲ့ ကလေး မိဘတွေကိုယ်တိုင်က သူတို့အုပ်ချုပ်ရေးဌာနကို လာရောက်တိုင်ကြားခဲ့တာကြောင့် အခုလို ကယ်ထုတ်ခဲ့တာလို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာပန်လက RFA ကိုပြောပါတယ်။
“ဒီ ၂၀၂၃ စောစောပိုင်းမှာပဲ စ-က-စ ဘက်က သူတို့ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကို အားပြန်ဖြည့်တာမျိုးတွေပြန် လုပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက ညွှန်ကြားချက် ထွက်ပုံရတယ်။ ဒါပေမဲ့ သူတို့ တောက်လျှောက် စုနေတယ်။ တချို့ကလေး တွေဆိုရင် အဲဒီမှာနေနေတာ သုံးလေးလလောက်ရှိပြီ တချို့ကလပိုင်းပဲရှိသေးတယ်။ သူတို့ရဲ့ မိဘတွေက ကျနော်တို့ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာန တိုက်နယ် အုပ်ချုပ်ရေးရုံးမြို့နယ် အုပ်ချုပ်ရေးရုံးတွေမှာ လာရောက်ပြီးတော့ တိုင်ကြားလာလို့ ကျနော်တို့အနေနဲ့ တာဝန်ရှိတဲ့အလျောက် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အသက်ငယ်တဲ့ ကလေးတွေ ကိုတော့ ကျောင်းပြန်တက်ဖို့ စီစဉ်ပေးရတာတို့ အိမ်ပြန်ချင်တဲ့ ကလေးတွေကိုတော့ အိမ်ပြန်လွှတ် ပေးတာတို့ တချို့ကျတောလည်း ဂျာယန်ရွာထဲမှာ ရှိတဲ့လေးတွေလည်း ပါတာကိုး ရွာပြန်သွားရင် ပြည်သူ့စစ်က သူတို့ကို ထပ်တစ်ခါဖမ်းမယ် အဲဒါကြောင့်မို့ သူတို့ကိုလုံခြုံတဲ့ နေရာမှာထပ် တစ်ခါ ထားပေးဖို့ အကူညီတောင်းလာလို့ လုံခြုံတဲ့ နေရာမှာထားပေးဖို့ ကျနော်တို့လုပ် နေရပါတယ်”
လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ကျေးရွာတွေမှာ ရှိတဲ့ တအာင်း တိုင်းရင်းသားတွေဟာ ခေတ်အဆက်ဆက် လက်နက်ကိုင်အဖွဲ့တွေရဲ့ နည်းမျိုးစုံနဲ့ လူအင်အားစုဆောင်းမှုကို ခံနေကြရတာပါ။ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေမှာပါ ဖိနှိပ်ခံရမှုတွေကြောင့် အဲဒီဒေသက တအာင်းတိုင်းရင်းသားတွေကို လူသစ်စုတာတွေ မလုပ်ဖို့ TNLA ရဲ့ အုပ်ချုပ်ရေး ဌာနတွေကနေတစ်ဆင့် တခြား တပ်ဖွဲ့တွေကို အသိပေး ထားတယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာပန်လကပြောပါတယ်။
ကယ်ထုတ်ခံရတဲ့ တအာင်းတိုင်ရင်းသားတွေကို ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက ပြည်သူ့စစ်အဖြစ် သွတ်သွင်းဖို့ ဂျာယန်ပြည် သူ့စစ်တပ်ဖွဲ့ က လူကောက်ယူခဲ့တာ ဖြစ်ပြီး အခုရက်ပိုင်းအတွင်း သင်တန်းပေးနေချိန် TNLA တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။
“အရင်တစ်လကတည်းက ပါသွားတဲ့သူတွေရဲ့ နာမည်စာရင်းတွေ လာပေးခိုင်းတာပေါ့။ နောက်မှသူတို့ ကလူတွေကို လာခေါ်တာပေါ့။ သူတို့က သင်တန်းပေးတာပေါ့နော်။ အဲရက် မတိုင်ခင် နှစ်ရက်ကကျတော့ သူတို့က သင်တန်းပေးနေတာ။ အဲဒါကြောင့်မို့လို့လည်း ပါလောက်တယ်။ သင်တန်းပေးတာ နှစ်ရက်မြောက်နေ့မှာပဲ အဲလိုဖြစ်သွားတာလေ”
ပြည်သူ့စစ်စခန်းကို TNLA တပ်ဖွဲ့က ဝင်ရောက်တဲ့နေ့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။
“ကလေးကိစ္စတွေကော ပြည်သူ့စစ်တွေနဲ့စဖြစ်တာ။ ကြာပါပြီ ကလေးကောက်တာက ကျောင်းတက်တဲ့ ကလေးတွေလည်းပါတယ် သူတို့အဲတာကြောင့်မို့လို ဂျာယန် ပြည်သူ့စစ် စခန်းထဲဝင်သွားတာပေါ့ တအာင်း တွေက။ ဝင်သွားတော့ အဲလိုမျိုးတွေ စဖြစ်တာပဲ။ ဗမာ စစ်သားတွေကဘယ်အချိန် ပေါ်လို့ပေါ်လာမှန်းမသိဘူး ၈ နာရီခွဲ လောက်ကြတော့ လေယာဉ် တဝဲဝဲနဲ့ ဗုံးနှစ်လုံးချသွားတာပေါ့ နောက်ပြီးကြတော့ လေယာဉ်က ပြန်ပျံသွားတယ်”
တိုက်ပွဲကြောင့် မန်ကောင်းနဲ့ အနီးအနား ရွာကဒေသခံ ၁၀၀ ကျော်ဟာ လယ်ကွင်းတွေနဲ့ နီးစပ်ရာကျေးရွာကို ထွက်ပြေးခဲ့ရတယ်လို့ သူကပြောပါတယ်။

အဲဒီနေ့က TNLA ဘက်က သွားရောက်ခေါ်ထုတ်ချိန်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ် ၃၀ လောက်အထိ ပြည်သူ့စစ်တပ်ဖွဲ့ဘက်ကနေ ပစ်ကူပေးခဲ့တယ်လို့ TNLA တပ်ဖွဲ့က RFA ကိုပြောပါတယ်။
ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ အရာရှိတစ်ဦးကတော့ ဂျာယန် ပြည်သူ့ စစ်စခန်းမှာ ရှိနေတဲ့ ကလေးတွေဟာ TNLA က လူသစ်စုမှာကို ကြောက်လို့ သူတို့တပ်ဖွဲ့ထဲကို လာပို့ထားသူတွေဖြစ်ပြီး ကျန်တဲ့သူတွေက သူတို့ တပ်ဖွဲ့ဝင်ဟောင်းနဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အသံနဲ့ တပ်ဖွဲ့ အမည်ကိုတော့ ဖော်ပြခွင့်မပြုပါဘူး။
TNLA တပ်ဖွဲ့က စခန်းကို ဝင်ရောက်ခဲ့ချိန်မှာ ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့ဝင် မိသားစုတွေရဲ့ ကလေးနဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်အပါအဝင် ရွာသား ၅၀ နီးပါးကို လူသားဒိုင်း အဖြစ် အသုံးပြုပြီး စခန်းထဲကို ဝင်ရောက်ခဲ့တာကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာမျိုး မလုပ်ခဲ့ဘူးလို့လည်း သူပြောပါတယ်။
TNLA က စခန်းထဲရောက်ချိန်မှာ ကချင်နဲ့ တအာင်း တိုင်းရင်းသားတွေကို သီးသန့် ခွဲလိုက်ပြီး တအာင်းတိုင်းရင်းသားတွေ အားလုံးကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေကိုတော့ ဒီအတိုင်းထားခဲ့ပြီး စခန်းအတွင်းနဲ့ကျေးရွာမှာရှိတဲ့ ဆိုင်ကယ်အချို့နဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင် သွားခဲ့တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။
ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အခြေစိုက် ကချင် အထူးဒေသ (၅) ကချင်အမျိုးသား တိုးတက်ရေးနဲ့ လုံခြုံရေး တပ်မတော် Kachin Defence Army ၊ KDA ကောင်းခါးတပ်ဖွဲ့ရဲ့လက်အောက်ခံအဖွဲ့ ကိုးဖွဲ့ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
"တချို့ကလေး တွေဆိုရင် အဲဒီမှာနေနေတာ သုံးလေးလလောက်ရှိပြီ တချို့ကလပိုင်းပဲရှိသေးတယ်။"
ဦးမထုနော် ဦးဆောင်တဲ့ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဟာ ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA ကနေခွဲထွက်ပြီး ၁၉၉၁ မှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေး ယူထားတာပါ။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း ကောင်းခါးဒေသမှာ မြန်မာငွေ ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးမျိုးစုံ ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်း ခေါင်းဆောင်အချို့ ထိန်းသိမ်းခံရပြီး ၂၀၂၀ မတ်လနောက်ပိုင်းကစလို့ ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။
လက်ရှိမှာတော့ ဖျက်သိမ်းလိုက်တဲ့ ကောင်းခါး ပြည်သူ့စစ်တပ်ဖွဲ့ကိုးဖွဲ့ထဲက ကောင်းခါးပြည်သူ့ စစ်ကို မန်ပြိန် ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့ပြီး ယခင်ရှိနေတဲ့ မန်ကျယ်၊ ဂျာယန်၊ မိုင်းလီ၊ ဖောင်းဆိုင်(၂) စတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေကိုတော့ မူလအတိုင်းပဲဖွဲ့ စည်းထားပါတယ်။
ဂျာယန်ကျေးရွာဟာ အိမ်ခြေ ၆၀၀ ရှိတာဖြစ်ပြီး အိမ်ခြေ ၂၀၀ လောက်မှာ ကချင်တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ ဂျာယန်ပြည်သူ့စစ်ကို ၁၉၉၁ မှာဖွဲ့စည်းပြီး အဲဒီဒေသခံတွေဟာ ယခင်ကတည်းက ပြည်သူ့စစ်အဖြစ် လူသစ်စုဆောင်းတာကို ခံခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တာဝန်ထမ်းဆောင်တဲ့ အထဲမှာ တအာင်း ပလောင်တိုင်းရင်းသား အရာရှိတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။
ဒီကိစ္စအတွက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်က သဘောထားသိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူကို RFA ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာလည်း ဖုန်းလိုင်း အခက်အခဲ ဖြစ်နေတာကြောင့် ဆက်သွယ်လို့မရပါဘူး။
လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းက ဂျာယန်ကျေးရွာ အပါအဝင် ကျေးရွာ အချို့မှာ TNLA တပ်ဖွဲ့အပြင် ကိုကန့် MNDAA ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့တွေပါ ပူးတွဲ လှုပ်ရှားလေ့ရှိပြီး စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့ ဝင်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားလေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။