တစ်မြို့လုံးပျက်စီးနေတဲ့ ထန်တလန်ကို လေကြောင်းက ဆက်တိုက်ခိုက်နေ
2023.03.31

မချမ်းသာပေမယ့် ပျော်ပါတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို မြို့အဝင်မှာစိုက်ထူထားတဲ့ အရင်က အေးချမ်းသာယာခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့ဟာ စစ်အာဏာသိမ်းနောက်ပိုင်း တိုက်ပွဲတွေအပြင် လေကြောင်းက ဗုံးကြဲခံရတာ၊ မီးရှို့ခံရတာတွေကြောင့် သုသာန်တစ်စပြင်လို လူသူကင်းမဲ့နေခဲ့တာ နှစ်နှစ်နီးပါးရှိနေပါပြီ။
ဒါ့အပြင် လက်ရှိအချိန်အထိ မြို့ပေါ်အပါအဝင် အနီးအနားရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးနေပါတယ်။
မတ်လ ၃၀ ရက်မနက်ပိုင်းက ထန်တလန်နဲ့ ငါးမိုင်ခန့်ဝေးတဲ့ ခွာဖိုးရွာကို ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲခဲ့လို့ အသက်ခြောက်နှစ်နဲ့ ကိုးနှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် ဒေသခံရှစ်ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ ဒေသခံတွေကိုပစ်မှတ်ထား ပစ်ခတ်နေတာလို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကိုပြောပါတယ်။
“အခုဗုံးကြဲတဲ့နေရာက CNA လည်းမရှိဘူး။ CDF လည်းမရှိဘူး။ ပြည်သူလူထု သပ်သပ်နေတဲ့ နေရာ။ တပ်မတော်နေ့ မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတာ အဲဒါပါပဲ။ ပြည်သူကိုပဲ မဲပြီးလုပ်တာပေါ့။ ကျနော်တို့ ချင်းတွေ လူသားမျိုးနွယ်တုံးအောင် ဆိုပြီးတော့ အဲလိုလုပ်တာဖြစ်တယ်။ စစ်ကောင်စီ အနေအထားကတော့ တကယ့်အကြမ်းဖက်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီး တစ်ခုလိုဖြစ်နေပြီ”
ဗုံးကြဲခံရတဲ့ အဲဒီရွာမှာ နေအိမ်တချို့ပါ မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးသူတွေကိုတော့ မနေ့ညနေပိုင်းမှာပဲ မြေမြှုပ် သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခွာဖိုးရွာကို ဘာကြောင့် ဗုံးကြဲခဲ့သလဲဆိုတာ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးသန့်ဇင်ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ထန်တလန်မြို့ပေါ်မှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေ တိုက်ပွဲစဖြစ်ခဲ့သလို မီးလောင်နေတဲ့ နေအိမ် ၁၉ လုံးကို မီးငြှိမ်းဖို့လာတဲ့ ခရစ်ယာန်ဓမ္မဆရာ တစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပါတယ်။
"အဓိကအားဖြင့် မြို့ရဲ့ သုံးပုံနှစ်ပုံလောက် မီးကြောင့် ပြာကျသွားတယ်။ ကျန်တဲ့ အိမ်တွေကလည်း သူတို့က ဝင်မွှေတာပေါ့နော်"
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်မှာလည်း ထန်တလန်မြို့က ဘုရားကျောင်း နှစ်ကျောင်းနဲ့ နေအိမ် ၁၆၄ လုံး ထက်မနည်းကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့်ပဲ ထန်တလန်မြို့ပေါ်မှာရှိတဲ့ ဒေသခံတစ်သောင်းကျော်ဟာ မြို့လုံးကျွတ် ထွက်ပြေးခဲ့ရပြီး နီးစပ်ရာရွာတွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်အထိ ထွက်ပြေးခိုလှုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထန်တလန်မြို့ဟာ နေအိမ်အပျက်တွေ၊ ပြာပုံတွေအကြား လူသံတိတ်ဆိတ်နေပြီး ဗုံးသံ၊ သေနတ်သံတွေသာ ကြားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ ကျနော်တို့ ထန်တလန်မြို့ရဲ့ အခြေနေကတော့ အများပြည်သူ မရှိတဲ့အတွက်ကြောင့် တိတ်ဆိတ်နေတဲ့ အနေအထားပေါ့။ သေနတ်သံနဲ့ ဗုံးသံပဲရှိတဲ့ မြို့တစ်မြို့တော့ ဖြစ်သွားပြီပေါ့နော်။ ဒီအာဏာမသိမ်းခင်တုန်းက သူတို့ဟာသူတို့ တိုးတက်တဲ့မြို့တစ်မြို့ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာ တော်တော်လေး တိတ်ဆိတ်ပြီးတော့ လူသူမရှိတဲ့နေရာလို ဖြစ်နေတယ်ပေါ့နော်”
၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ကလည်း နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိတဲ့ ထန်တလန် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့သလို နောက်ပိုင်းလည်း တစ်မြို့လုံးနီးပါး အကြိမ်ကြိမ် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း ထန်တလန်မြို့ပေါ်ကို ဗီဒီယိုမှတ်တမ်းသွားယူခဲ့တဲ့ ထန်တလန်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အိမ်ခြေ ၂၅၀၀ ခန့်အနက် သုံးပုံနှစ်ပုံလောက် မီးလောင်ပြာကျသွားပြီလို့ RFA ကို ပြောပါတယ်။
“ အဓိကအားဖြင့် မြို့ရဲ့ သုံးပုံနှစ်ပုံလောက် မီးကြောင့် ပြာကျသွားတယ်။ ကျန်တဲ့ အိမ်တွေကလည်း သူတို့က ဝင်မွှေတာပေါ့နော်။ သူတို့ကြိုက်တဲ့ပစ္စည်းတွေ၊ ဆန်တွေကအစ၊ စားစရာကအစ အိမ်သုံးပစ္စည်းတွေကအစ အကုန်လုံး ဝင်မွှေသွားတော့ အဲလိုအိမ်တွေ အများကြီးရှိတယ်။ အိမ်အခွံပဲကျန်ပြီး ဘာမှမရှိကြတော့ဘူး”
ထန်တလန်မြို့ကနေ ထွက်ပြေးလာရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးကလည်း မြို့ပျက်ကြီးသဖွယ်ဖြစ်နေတဲ့အပေါ် နာကြည်းမိတယ်လို့ ပြောပါတယ်။
“ခေတ်ကောင်းတုန်းက ထန်တလန်မြို့က နာမည်ကြီးပဲ။ အဆောက်အအုံလည်း ကောင်းတယ်။ လူမှုရေးလည်း ကောင်းတယ်။ ဘာသာရေးမှာလည်း ညီညွတ်ကြတယ်။ စီးပွားရေးလည်း လမ်းဘေးနားတွေမှာ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင် စည်စည်ကားကားနဲ့ ပျော်စရာကောင်းတဲ့ မြို့ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ အဲဒါတွေ အကုန်လုံး ပြာကျကုန်ပြီပေါ့နော်။ ပြန်တွေးခဲ့ရင် အင်မတန်မှ နာကြည်းစရာ ကောင်းတာပေါ့”
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ထန်တလန်မြို့မှာ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၄၀) ကျော် ရှိခဲ့တယ်လို့ (CNF) က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ မတ်လအထိ ဖလမ်းမြို့တပ်ကုန်း၊ ဟားခါးတပ်ကုန်းနဲ့ ထန်တလန်မြို့ပေါ် တပ်ကုန်းတွေကနေ ထန်တလန်မြို့တွင်းကို လက်နက်ကြီးနဲ့ အကြိမ်တစ်ရာကျော် ပစ်ခဲ့တယ်လို့လည်း ထန်တလန် ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ဘာသာရေးအဆောက်အအုံတွေကို မီးရှို့တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ ချင်းလူ့အခွင့်ရေးအဖွဲ့၊ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန်က ပြောပါတယ်။
“ အရပ်သားပြည်သူတွေကို လုံးဝပစ်မှတ်ထား တိုက်ခိုက်လို့ မရဘူး။ ဘုရားကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေကို တိုက်ခိုက်တာ လုံးဝကို မလုပ်ရဘူးဆိုတာ စစ်ရေးစည်းမျဉ်း စည်းကမ်းပေါ့နော်။ နိုင်ငံတကာ ဥပဒေပြဋ္ဌာန်းချက်။ ထန်တလန်ကို ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီဟာ အရပ်သားကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တာကို တွေ့ရတယ်။ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုတွေကို သိသိသာသာ ကျူးလွန်နေတာကို ထန်တလန်ကိစ္စကို ကြည့်ခြင်းအားဖြင့် သုံးသပ်လို့ရပါတယ် ”
ချင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ချင်းပြည်နယ်ထဲမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းခန့်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်ဘက် ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် ငါးသောင်းဝန်းကျင်ရှိပါတယ်။
ချင်းရေးရာအဖွဲ့ချုပ်ရဲ့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေသခံတွေအပါအဝင် ၄၀၀ နီးပါး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၄၃၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။