စစ်ကောင်စီနဲ့ စီးပွားရေးမလုပ်ဖို့ ထိုင်းရေနံကုမ္ပဏီ PTTEP ဖိအားပေးခံနေရ

စစ်ကောင်စီနဲ့ စီးပွားရေးမလုပ်ဖို့ ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP ကို သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဖိအားပေးတောင်းဆိုခဲ့ပါတယ်။

ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းအား တွေ့ရစဉ်။ PTTEP

စစ်ကောင်စီနဲ့ စီးပွားရေးမလုပ်ဖို့ ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP ကို သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ အွန်လိုင်းကတစ်ဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဖိအားပေးတောင်းဆိုခဲ့ပါတယ်။

"PTT ကုမ္ပဏီကိုပေါ့နော် ကျနော်တို့ ဆက်လက်ပြီးတော့ ဖိအားပေးလုပ်ဆောင်သွားမယ်”

PTTEP ဟာ စစ်ကောင်စီကို ပိုက်ဆံအများဆုံးပေးတဲ့ နည်းလမ်းနဲ့ စစ်ကောင်စီနဲ့ထပ်တူ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာလို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ဝင် ကိုစောအယ်မူးက ပြောဆိုလိုက်ပါတယ်။

“PTT သည် အကြမ်းဖက်စစ်တပ်ကို ပိုက်ဆံအများဆုံးပေးနေသော နည်းလမ်းနဲ့ အကြမ်းဖက်စစ်တပ်နဲ့ထပ်တူ စစ်ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုပေါင်းမြောက်များစွာ မှာ ထပ်တူကျူးလွန်နေတာပဲဖြစ်တယ်။ တစ်ချိန်ကျရင် PTT အနေနဲ့လည်း ဒါကို တာဝန်ခံရမှာပဲ ဖြစ်တယ်လို့ ဒီနေရာက ပြောကြားလိုပါတယ်။ PTT ကုမ္ပဏီကိုပေါ့နော် ကျနော်တို့ ဆက်လက်ပြီးတော့ ဖိအားပေးလုပ်ဆောင်သွားမယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း PTTEP ထံ တောင်းဆိုစာပို့ထားပြီး မြန်မာနိုင်ငံအစိုးရအဖြစ် တရားဝင်မှုဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းသွားမယ်လို့ မတ်လ ၂၀ ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲကနေ ပြောထားပါတယ်။

ဒီဆောင်ရွက်ချက်ဟာ မူလသဘောတူစာချုပ်ပါအတိုင်း ခုံသမာဓိရုံးကို တင်ပြမှာဖြစ်ပြီး PTTEP အနေနဲ့ တောင်းဆိုချက်ကို ရက်ပေါင်း ၃၀ အတွင်း အကြောင်းမပြန်ရင် ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒါဟာ အငြင်းပွားမှု ဖြေရှင်းတာဖြစ်ပြီး တရားစွဲတာတော့ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကတော့ RFA ကို ပြောပါတယ်။

“ဒီကိစ္စသည် တရားစွဲတာတော့ မဟုတ်ပါဘူး။ အငြင်းပွားမှု ဖြေရှင်းတာပဲဖြစ်တယ်။ အငြင်းပွားမှုကို ကျနော်တို့ တင်ပြမယ်။ ကျနော်တို့အစိုးရရဲ့ ပြောဆိုချက်တွေကို မလိုက်နာဘူး။ အဲတော့ သူ (PTTEP) သည် ကျနော်တို့ကို အစိုးရလို့ လက်မခံဘဲနဲ့ စစ်အုပ်စုကိုပဲ အစိုးရလို့ လက်ခံတာလားဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့ အဓိကက တရားဝင်မှုလို့ ခေါ်ပါတယ်။ ဥပဒေဘောင်ထဲက တရားဝင်မှုအကြောင်းကို လည်း တရားပြိုင်လုပ်ကြမှာပါ။ တရားစွဲတာ မဟုတ်ပါဘူး”

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ကလည်း PTTEP ကုမ္ပဏီကို စစ်ကောင်စီထံကနေ သဘာဝဓာတ်ငွေ့ဝယ်တာရပ်ဖို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

PTTEP ကုမ္ပဏီဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ အမေရိကန် ဒေါ်လာ ၇၂ သန်းခန့်ရှိတဲ့ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း၊ ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းနဲ့ ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ကိုင်ဖို့ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှာ လက်မှတ်ရေးထိုးထားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံကထွက်သွားတဲ့ တိုတယ်ကုမ္ပဏီရဲ့ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်း အစုရှယ်ယာတွေကိုပါ လွှဲပြောင်းရယူပြီး လုပ်ငန်းဆက်လုပ်မယ်လို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့အစည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ PTTEP ထွက်သွားခဲ့ရင်တောင် ပြန်ဝင်လာမယ့် ကုမ္ပဏီတွေ အများကြီးရှိတယ်လို့ RFA ကို ပြောပါတယ်။

“PTTEP ထွက်သွားလို့ရှိရင် လုပ်ငန်းကြီးတစ်ခုလုံး ရပ်ဆိုင်းသွားမယ်လို့ အဲဒီဘက်က NUG က ထင်ထားလို့လား။ PTTEP ထွက်သွားလို့ရှိရင် ကျန်တဲ့နေရာမှာ ဝင်လာမယ့် သူတွေ ရှိနေဦးမှာ။ ဒီနိုင်ငံတကာက လုပ်ငန်းရှင်တွေ အကုန်လုံးက အကျိုးစီးပွားကိုပဲ ကြည့်တယ်။ အကျိုးအမြတ်ရလုပ်ချင်တယ် သူတို့စီးပွားရေးအရ အဆင်ပြေတယ်ဆိုရင် ဝင်လာမယ့်သူတွေက အများကြီး။ အဲတော့ ပိတ်ဆို့မှုလုပ်လို့ PTTEP ထွက်သွားတာ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ တခြားသူတွေ ဝင်လာမယ့်နေရာတွေ အများကြီးရှိတယ်”

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စွမ်းအင်ကုမ္ပဏီတွေ ပြန်ထွက်လို့ လုပ်ငန်းတချို့ ယာယီရပ်နားသွားပေမယ့် မြန်မာနိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း ကို မကြာခင် ရုရှား ဝင်လာလိမ့်မယ်လို့ ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့က RFA ကို ဖြေဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကပြန်ထွက်သွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အနည်းဆုံး ၁၄ ခုရှိပြီး အဲဒီအထဲမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက အမေရိကန်ရှက်ဗရွန်၊ ပြင်သစ်တိုတယ်လ်နဲ့ မလေးရှား Petronas တို့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အား ဆန့်ကျင်ကြောင်း ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်က ဆားလင်းကြီး၊ ယင်းမာပင် ရွာပေါင်းစုံသပိတ် ဆန္ဒပြခဲ့စဉ်။ (Photo: Citizen Journalist)

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ အခုလို ဖိအားပေး တောင်းဆိုတဲ့ကိစ္စတွေဟာ သေချာခိုင်လုံရင် ထိရောက်မှုရှိတာများတယ်လို့ RFA ကို ပြောပါတယ်။

“ဒီလိုမျိုး လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို စီးပွားရေးလုပ်ငန်းရှင်တွေက လိုက်နာဖို့ အတွက် နိုင်ငံတကာလည်း ပြဋ္ဌာန်းထားတာရှိတယ်။ သူတို့နိုင်ငံအလိုက်လည်း ထိန်းချုပ်ကန့်သတ်ထားတာရှိတယ်။ အဲလိုမျိုး ပါဝင်တယ် ပတ်သက်တယ်ဆိုတာ သိရင်လည်း သူတို့ ထိရောက်တဲ့အရေးယူမှုတွေ သူတို့ နိုင်ငံတကာကဖြစ်စေ ဒါမှမဟုတ် သူတို့ သက်ဆိုင်ရာ နိုင်ငံကဖြစ်စေ ဒီကိစ္စတွေလုပ်လေ့ရှိတယ်။ အဲအတွက်ကြောင့်လည်း မြန်မာနိုင်ငံကနေ ထွက်သွားတဲ့ စီးပွားရေးတွေလည်း တော်တော်များပြီ။ အပိတ်ခံရတဲ့ စီးပွားရေးတွေလည်း တော်တော်များပြီ။ အဲဒီအတွက်ကြောင့်မို့လို့ ဒီလိုတောင်းဆိုမှုတွေ ရှိတယ်ဆိုရင် တကယ်လို့ အဲလိုမျိုးသေချာတယ် ခိုင်လုံတယ်ဆိုရင် များသောအားဖြင့် ထိရောက်တာများပါတယ်”

စစ်ကောင်စီနဲ့ လက်တွဲဖြုတ်ဖို့ ဖိအားပေး တောင်းဆိုခံရတာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ PTTEP ကုမ္ပဏီကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေးမယ့် အကြောင်းမပြန်သေးပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP- Myanmar) ရဲ့ နိုဝင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ဝ ရက်နေ့အထိ စွမ်းအင်ကဏ္ဍကနေ ဝင်ငွေအများဆုံးရရှိခဲ့ပါတယ်။

ဒီကာလအတွင်း စွမ်းအင်ကဏ္ဍကို ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော်ရှိခဲ့ပြီး ဒါဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏရဲ့ ၆၈ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းတွေအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ အထိ မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံသုံးနိုင်ငံ ထဲမှာ ထိုင်းနိုင်ငံပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org